ထိုင်းသို့ တင်ပို့မည့် ငါးဖမ်းငါးသယ် ရေယာဉ်များကို စစ်ဆေးနိုင်မည့် FOB ဆိပ်ခံတံတားကို တနင်္သာရီတိုင်း အစိုးရ ဘတ်ဂျက်ဖြင့် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ ကမ်းနီးရေလုပ်ငန်းဇုန်အနီး စတင်ဆောက်လုပ်နေ ကြောင်း သိရသည်။
တိုင်းအစိုးရအဖွဲ့ ပြောခွင့်ရ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန ဝန်ကြီး ဦးကျော်မင်းက “FOB တံတားက၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ လျာထားပါတယ်။ ကာလအားဖြင့် တနှစ်။ ၉လပိုင်း အကုန်လောက်အထိ အဲဒီထဲမှာပါတော့ ဆောက်ရမှာပေါ့။ တိုင်းဒေသကြီးဘတ်ဂျက်နဲ့ဆောက်တာပါ။ တံတား အတွက် ၁ဘီလီယံ နီးပါးလောက်တော့ လျာထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကမ်းနီးရေလုပ်သားတွေအတွက် ဒီFOBတံတားက အဝင်အထွက် စစ်ဆေးဖို့ အင်မတန် လိုအပ်နေပါတယ်။ နောက် အခွန်အခတွေလည်း ကောက်ခံလို့ အဆင်ပြေတယ်ပေါ့။ ငါးအတင်အချက အစ အဆင်ပြေနိုင်တာပေါ့”ဟု ရှင်းပြသည်။
အဆိုပါ တံတားကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသွားရောက်မည့် ငါးဖမ်းရေယာဉ်များကို စစ်ဆေးခြင်း၊ ရေထွက် ကုန်ပစ္စည်းများကို စစ်ဆေးခြင်းနှင့် အခွန်ကောက်ခံမှု အဆင်ပြေစေရန် FREE ON BOAT (FOB)တံတား အဖြစ် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကော့သောင်းခရိုင် ငါးဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇင်က “ကျနော်တို့ကော့သောင်းမှာ အစိုးရဌာနပိုင် ဆိပ်ခံတံတားက အရင်က တခုမှ မရှိဘူး။ လွန်ခဲ့တဲ့ နှစ်၂၀ အထိ ပုဂ္ဂလိကပိုင် တံတားတွေမှာ သွားပြီး လုပ်နေရတယ်။ ဒီတံတား မရှိတော့ ပဲ့ချိတ်လှေတွေနဲ့ သွားပြီး စစ်ဆေးရတာ ရှိတယ်။ အဆင်ပြေတဲ့နေရာတွေမှာ ရပ်ပြီးတော့ စစ်ဆေးရေး လုပ်ရတာ”ဟု ပြောပြသည်။
လက်ရှိ အသုံးပြုသည့် ရွှေဝက်ဝံပုဂ္ဂလိကပိုင်တံတားသည် တနှစ်လျှင် ငါးဖမ်းငါးသယ်ရေယာဉ် အစီးရေ ၆ထောင်ကျော် စစ်ပေးနေရသည်ဟု သိရသည်။
ယင်းတံတားသည် နှစ်ကာလအများဆုံး အသုံးပြုခဲ့ရာမှ ကျိုးပဲ့ပျက်စီးလာပြီး ဆီတင်ချမှုရှိနေသဖြင့် အဆင်မပြေဖြစ်လာသည့်အတွက် တိုင်းအစိုးရထံ ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များက တံတားတစင်း ဆောက်လုပ်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။
ထိုတံတားမှ ငါးဖမ်းလှေများ ဝင်ရောက်လာပါက တရားဝင်ကုန်ပစ္စည်းပါ၊ မပါနှင့် လူအဖော်ပါ၊ မပါ စစ်ဆေးပြီး လိုင်စင်တွင် ပါဝင်သည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိစစ်ဆေးခြင်းဖြစ်သလို ထိုင်းနိုင်ငံသို့ ရေထွက် ကုန် ပို့ဆောင်ပေးမည့်ရေယာဉ်များကိုလည်း ကုန်ချိန်၊ ငါးအမျိုးအစားနှင့် ကုန်ပစ္စည်း အရည်အသွေးကို စစ်ဆေးသည်ဟု သိရသည်။
ထိုသို့ စစ်ဆေးရာတွင် အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ ဆိပ်ကမ်းအာဏာပိုင်နှင့် ရေကြောင်းပို့ဆောင်ရေး စသည့် အဖွဲ့ ၇ ဖွဲ့က ပူးပေါင်းပြီး ငါးဖမ်း၊ ငါးသယ်ရေယာဉ်များကို စစ်ဆေးပေးခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးက မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သလို ရေလုပ်ငန်းမှလည်း နှစ်စဉ် ဝင်ငွေ ကျပ်သန်း၁၀၀ကျော်ရရှိနေသည့် လုပ်ငန်းဖြစ်သည်။
ကော့သောင်းခရိုင်မှ ထိုင်းနိုင်ငံသို့ နေ့စဉ် ရေထွက်ကုန်တန်ချိန် တထောင်ကျော်တင်ပို့နေရပြီး ၆လအတွင်း( အောက်တိုဘာ- ဧပြီ)အထိ တန်ချိန် ၂သိန်း ၃သောင်းကျော်တင်ပို့ထားကာ တန်ဖိုးအားဖြင့် ကျပ်ငွေသန်း ၁၉၀ ရရှိထားကြောင်း ကော့သောင်းခရိုင် ငါးဦးစီးဌာနမှ သိရသည်။
You may also like these stories:
မြန်မာငှက်ပျော ဆာဗီးယားမှ ဝယ်ရန် ကမ်းလှမ်း
Alipay အော်ပရေတာ Wave Money မှာ ရင်းနှီးမြှုပ်နှံမည်
စတုတ္တအကြိမ်မြောက် အစိုးရချေးငွေ တိုင်းနှင့်ပြည်နယ် လုပ်ငန်းရှင်များကို ဦးစားပေးမည်