COVID –19 ပိုးရှိသူ လူနာအမှတ် ၁၉၁ ပါဝင်သော လူအုပ်စုနှင့် ထိတွေ့ခဲ့သဖြင့် စောင့်ကြည့်စင်တာ၌ အသွားအလာ ကန့် သတ်မှု ခံထားရသည့် သတင်းထောက်၂ ဦး၊ စေတနာ့ ဝန်ထမ်း ၃ ဦးတို့တွင် COVID – 19 ရောဂါပိုး မရှိသည့်အတွက် ကျန်းမာရေး ဌာနက ၎င်းတို့အား ယနေ့နံနက်ပိုင်းတွင် အိမ်ပြန်ခွင့်ပြုခဲ့ကြောင်း သတင်း ရရှိသည်။
MNTV ရုပ်သံလိုင်းမှ ပုသိမ်သတင်းထောက် ကိုရဲသွေးနီက“ကျနော်တို့ရဲ့ ဓာတ်ခွဲ နမူနာတွေကို စစ်ဆေးတဲ့အခါမှာ COVID -19 ရောဂါပိုး မရှိတဲ့အတွက် ကျန်းမာရေးဌာနက အိမ်မှာပဲ ကွာရန်တင်း ဆက်ဝင်ဖို့ ညွှန်ကြားပါတယ်။ ဒါကြောင့် အိမ်မှာပဲ ၂၁ ရက် ပြည့်တဲ့အထိ ကွာရန်တင်း ဆက်ဝင်ရမှာပါ” ဟု ဧရာဝတီကို ပြောသည်။
မလေးရှားနိုင်ငံမှ ဧရာဝတီတိုင်းသို့ ပြန်လာသူ ၁၈ ဦးအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအမံဖြင့် ပုသိမ် တက္ကသိုလ် တေဇဆောင်ရှိ စောင့်ကြည့်စင်တာတွင် ဧပြီလ ၁၁ ရက်က စတင်၍ ၂၁ ရက် အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်မှု ခံယူစေခဲ့ကြောင်း သိရသည်။
ထို့နောက် မလေးရှားနိုင်ငံမှ ပြန်လာသူ ၁၈ ဦး စလုံးတွင် COVID –19 ရောဂါပိုး ရှိ မရှိ ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ဓာတ်ခွဲနမူနာများ ပေးပို့စစ်ဆေးခဲ့ရာ လူ ၁၇ ဦးတွင် ရောဂါပိုး မတွေ့ရဘဲ အသက် ၂၀ အရွယ် လူငယ်တွင် COVID -19 ရောဂါပိုး တွေ့ရှိရသည့်အတွက် ကျန်းမာရေးဌာန တာဝန်ရှိသူများက မေလ ၁၉ ရက် တွင် ပုသိမ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေသည်။
အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် အရပ်ဘက် အဖွဲ့အစည်းများမှ စေတနာ့ ဝန်ထမ်း ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ယင်း မလေးရှားပြန် သတင်းကို သွားရောက်ယူခဲ့သည့် MNTV သတင်းဌာနမှ ရုပ်သံသတင်းထောက်နှင့် ပုသိမ်အခြေစိုက် DNA သတင်းအေဂျင်စီမှ သတင်းထောက်တို့ကို စောင့်ကြည့် စင်တာ၌ အသွားအလာ ကန့်သတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စောင့်ကြည့်မှု ခံယူနေသူ ၅ ဦးထံမှ ဓာတ်ခွဲနမူနာများကို မေလ ၂၁ ရက်က ရယူပြီးနောက် ရန်ကုန်မြို့ရှိ အမျိုးသား ကျန်း မာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ COVID – 19 ရောဂါပိုး မတွေ့ရသဖြင့် ကျန်းမာရေး ဌာန က ၎င်းတို့ ၅ ဦးစလုံးအား နေအိမ်၌ ကွာရန်တင်း ဆက်ဝင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ပုသိမ်မြို့အခြေစိုက် DNA သတင်းဌာနမှ ကိုမျိုးစံစိုးက “ကျနော်တို့က အိမ်မှာ ကွာရန်တင်း ဆက်ဝင်နေရပေမယ့် မေလ ၂၇ ရက်မှာ မလေးရှားပြန် ၁၇ ယောက်ကို နောက်တကြိမ် ပိုးရှိ မရှိ ထပ်စစ်မယ်။ တကယ်လို့ သူတို့ လူအုပ်စုမှာ ပိုးမတွေ့ ရင် အားလုံး အေးဆေးဖြစ်ပြီ။ အဲဒီလို မဟုတ်ဘဲ ပိုးတွေ့ခဲ့တယ် ဆိုရင်တော့ ကျနော်တို့တွေ ကွာရန်တင်းစင်တာ ပြန်ဝင်ရ မယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း၏ ပထမဆုံး ပိုးတွေ့လူနာ ဖြစ်သည့် လူနာအမှတ် ၁၉၁ မှာ လက်ရှိတွင် ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေပြီး ကျန်းမာရေး ကောင်းမွန်နေကြောင်း ဆေးရုံ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ လူနာအမှတ် ၁၉၁ နှင့်အတူ မလေးရှားမှ ပြန်လာသူ ၁၇ ဦးမှာ လက်ရှိတွင် ပုသိမ်တက္ကသိုလ်ရှိ စောင့်ကြည့် စင် တာတွင် ၂၁ ရက် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်မှု ခံယူနေရဆဲ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ဧရာဝတီတိုင်း၏ ပထမဆုံး ပိုးတွေ့လူနာ ပုသိမ်ဆေးရုံ၌ ဆေးကုသမှုခံယူ