တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် “ဝ” ဒေသသို့ သင့်လျော်ကောင်းမွန်သည့် အချိန်တွင် သွားရောက်မည့် သဘောထားရှိကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဖိတ်ခေါ်ခဲ့တာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သဘောထားကတော့ ဒီအပေါ်မှာ အကောင်းမြင်တဲ့ သဘောထားရှိပါတယ်။ သင့်လျော်ကောင်းမွန်တဲ့ အချိန်အခါမှာ သွားဖြစ်လိမ့်မယ်ဆိုတဲ့ သဘောထား ရှိ ကြောင်း ကျနော် ပြောကြားလိုပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မေလ ၁၉ ရက်က ပန်ဆန်းမြို့ ရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး၌ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို တပ်မတော်ဘက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး ဦးဆောင်သည့် အဖွဲ့မှ သွားရောက် လှူဒါန်းခဲ့ရာ “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ
UWSP ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦးဆောင်သည့် အဖွဲ့က ကြိုဆိုလက်ခံခဲ့သည်။
ထို့နောက် UWSP ဘက်က UWSP ဥက္ကဋ္ဌ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ရည်ညွှန်းသည့် ကျေးဇူးတင်လွှာကို တပ်မတော်ကိုယ်စားလှယ်များ ထံပေးအပ်ခဲ့ပြီး အဆိုပါ ကျေးဇူးတင်လွှာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ဖိတ်ခေါ်ကြောင်း ရေးသားထားခြင်း ဖြစ်ပြီး အားလပ်ပြီး သင့်တော်သည့်အချိန်တွင် “ဝ” ဒေသသို့ လာရောက် လမ်းညွှန် မှုပြုရန် UWSP ဥက္ကဋ္ဌ ဦးပေါက်ယိုချန်း ကိုယ်တိုင် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
UWSP ၏ ကာကွယ်ရေးအဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ပြင်ပ ဆက်ဆံရေး တာ ဝန်ခံ ဦးညီရန်းကမူ “ဝ” အဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လာရောက်လမ်းညွှန်ရန် ဖိတ်ကြားခြင်းသည် တဖက်နှင့် တဖက် ချစ်ကြည်၊ ရင်းနှီးမှု တိုးတက်စေရန် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
“အခုလို လာမယ်လို့ ပြောတာလည်း ကျနော်တို့ အနေနဲ့ ကြိုဆို ဝမ်းသာပါတယ်။ ဖိတ်ကြားတဲ့သူ အနေနဲ့ပါ”ဟု ဦးညီရန်း က ဧရာဝတီသို့ ပြောသည်။
UWSA “ဝ” အဖွဲ့ နှင့် တပ်မတော်တို့ ပြေလည်ပါက လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရက္ခိုင့် တပ်မတော် (AA) ၊ တ အာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့် (MNDAA) တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ရောက်လာရန် “ဝ” အဖွဲ့ မှတဆင့် တွန်းအားပေးနိုင်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြော သည်။
“သူတို့က ဖိတ်တယ်ဆိုရင် ဒီဘက်ကလည်း သွားလည်တယ် ဆိုရင် သူတို့ကို နားလည်ပြီးတော့ သူတို့ဒေသ ဖွံ့ ဖြိုး တိုး တက်မှုကိုလည်း သိလာတဲ့အခါကျတော့ . . . ဒီဘက်ကလည်း စိုးရိမ်နေတဲ့ သူတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင်တွေ ဘာတွေ ပေးလိုက်လို့ရှိရင် ခွဲထွက်မှာလားဆိုတဲ့ စိုးရိမ်မှုတွေလည်း လျော့သွားနိုင်တာပေါ့”ဟု ဦးရဲထွန်းက သုံးသပ်သည်။
မြောက်ပိုင်း ၇ ဖွဲ့ တွင် အဓိကခေါင်းဆောင်မှာ “ဝ” အဖွဲ့ ဖြစ်သဖြင့် ၎င်းတို့နှင့် ပြေလည်ပါက ကျန်မြောက်ပိုင်း ၃ ဖွဲ့ နှင့် ပတ်သက်သည့် ကိစ္စများတွင် မိမိဘက်မှ ယင်း ၃ ဖွဲ့ နှင့် ပတ်သက်၍ ပြောဆိုဆွေးနွေး ညှိနှိုင်းနိုင်သည့် အခွင့်အရေးမျိုး ရရှိ နိုင်ကြောင်း၊ ယင်းအခြေအနေသည့် ရခိုင်ပြဿနာနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့် နေရာ ပြဿနာများကိုပါ ဖြေရှင်းနိုင်လိ့မ် မည် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောသည်။
“တပ်မတော်ကလည်း ၃ လ ထပ်ပြီးတော့ အပစ်ရပ်ထားတဲ့ ကာလဖြစ်တော့ ဒီကာလမှာ သွားနိုင်လာနိုင်၊ တွေ့ ဆုံဆွေးနွေးနိုင်မယ် ဆိုရင်တော့ တော်တော်လေး ကောင်းမွန်တဲ့ အနေအထားတခုကို ရောက်သွားနိုင်တယ်လို့ ယူဆပါတယ်”ဟု ဦးသန်းစိုးနိုင်က ပြောသည်။
မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် “ဝ” အဖွဲ့ သည် တရုတ်နိုင်ငံနှင့် ပိုမို နီးစပ်မှု ရှိသည်။ UWSP ၏ လက်နက်
ကိုင် တပ်ဖွဲ့မှာ UWSA ဖြစ်ပြီး လက်ရှိ ပြည်တွင်း လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အားအကြီးဖြစ်၍ အချိန်ပြည့် လက်နက်တပ်ဆင်ထားသည့် လက်နက်ကိုင် အင်အား ၂ သောင်းကျော် ရှိမည်ဟု ခန့်မှန်းထားကြသည်။
၂၀၁၉ ခုနှစ် ဧပြီလက UWSA ၎င်းထိန်းချုပ်ရာ ပန်ဆန်းတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြအခမ်းအနားသည် စင်ပြိုင် အစိုးရ၊ စင်ပြိုင် တပ်မတော်ပုံစံ ပေါက်နေ၍ တပ် မတော်က အဆုံးစွန် သည်းခံနေရသည့် အနေအထား ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။
ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ) ၏ လက်အောက်ခံအဖြစ် ရပ်တည်ခဲ့သည့် “ဝ” တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက် နေ့တွင် ဗကပ ထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (United Wa State Party -UWSP)ကို ထူထောင်ခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝေ၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် ဒေသ ခြောက်ခုကို “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဖွဲ့စည်းထားပြီး ယင်းဒေသသည် ဧရိယာ စတုရန်း ကီလိုမီတာ ၁၅၀၀၀ ခန့် ကျယ်ဝန်းကာ UWSA က ထိန်းချုပ်၍ ပန်ဆန်း(ပန်ခမ်း)တွင် ဌာနချုပ် ဖွင့်ထားသည်။
You may also like these stories:
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံ “ထီးလိုမင်းလို” စေတီအား ထီးတော်တင်
တပ်ချုပ်ကို “ဝ” ဒေသသို့ လာရောက်ရန် UWSP ဥက္ကဋ္ဌ ဖိတ်ခေါ်
မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော