ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည် စခန်းများတွင် စားဝတ်နေရေး အကူအညီများ လိုအပ်လျက် ရှိကြောင်း သိရသည်။
တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA)တို့ကြား တိုက်ပွဲများကြောင့် ဖေဖော်ဝါရီမှ စ၍ ဆမီးမြို့တွင် လာရောက် ခိုလှုံ နေရသည့် စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စုပေါင်း ၆၉၈ စု၊ လူဦးရေ ုစုစုပေါင်း ၂၆၉၂ ဦး ရှိသည်။
အိမ်ထောင်စု ၆၉၈ စု အနက် အစိုးရက မေလအတွင်း ဆောက်ပေးသည့် ဝါးအိမ်များတွင် ပြောင်းရွှေ့နေထိုင်နေသည့် အိမ်ထောင်စု ၁၆၀၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦများတွင် ခိုလှုံနေသူ အိမ်ထောင်စု ၁၆၀ ကျော်နှင့် မိုးမလုံသည့် တာလပတ်တဲအိမ်များတွင် နေထိုင်နေရသည့် အိမ်ထောင်စု ၁၄၅ စု တို့ ဖြစ်သည်။
အိမ်ထောင်စု ၁၄၅ စု၏ ယာယီတဲများ တာလပတ်ဖြင့် ဆောက်ထားသည့် တဲများသည် လူမှု ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စစ်ဘေးရှောင်ဒုက္ခသည်များ စတင်ပြေးရှောင်သည့် ဖေဖော်ဝါရီလက နေထိုင်ရန် ဆောက်ပေးထားခြင်း ဖြစ်ပြီး လက်ရှိတွင် မိုးမလုံသဖြင့် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။
ဆမီးမြို့၊ စစ်ဘေးရှောင်ထောက်ပံ့ကူညီရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဦးပြည်ဆုက “မိုးရွာတာ ၃ ရက်ရှိပြီ။ ဘင်္ဂလား ဒေ့ရှ်ဘက် မုန်တိုင်းရှိတယ်ဆိုကတည်းက စရွာတာ။ ဒီနေ့လည်း ရွာနေတယ်။ ရွာတော့ မိုးက မလုံတော့ အခက်အခဲ ဖြစ်နေကြတယ်။ မိုးမလုံဖြစ်နေတာ အိမ်ထောင်စု ၁၄၅ စုပါ။ မိုးယိုတဲ့နေရာ တုတ်နဲ့ ထောက်လိုက်နဲ့ လုပ်နေရ တယ်”ဟု ပြောသည်။
မိုးဒဏ်လေဒဏ် ပြင်းပါက တာလပတ်တဲများမှာ မိုးယိုပြီး မြေကြီးအောက်မှလည်း ရေများ စိမ့်ဝင်နေသလို လတ် တလော မိုးမလုံသည့် ပြဿနာကို ဖြေရှင်းရန် အတွက်လည်း တာလပတ်များ မရှိသဖြင့် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဟု အကူအညီ အရေးတကြီးလိုအပ်နေသည်ဟု ဦးပြည်ဆုက ဆိုသည်။
ထို့ပြင် အစိုးရက မေလအတွင်း ဆောက်ပေးထားသည့် ဝါးအိမ်များသည် ၁၀ ပေ ဝန်းကျင်သာ ရှိသဖြင့် ထိုတဲများတွင် နေထိုင်သည့် အိမ်ထောင်စု ၁၆၀ များ စုပေါင်း အသုံးပြုရန် မီးဖိုချောင် လိုအပ်နေကြောင်း၊ စာသင်ကျောင်းနှင့် ဘာသာ ရေး အဆောက်အဦများတွင် ခိုလှုံနေသည့် အိမ်ထောင်စု ၁၆၀ သည်လည်း စာသင်ကျောင်းများ ဇွန်တွင် ပြန်ဖွင့်ပါက နေရာဖယ်ပေးရတော့မည် ဖြစ်ပြီး ၎င်းတို့အတွက် အိမ်ဆောက်ရန် ရန်ပုံငွေ မရှိသေးသလို ဖယ်ပေးရမည် ဆိုပါက ရွှေ့ပြောင်းရမည့် နေရာမရှိသေးသဖြင့် စိုးရိမ်နေကြောင်း သိရသည်။
ဦးပြည်ဆုက “ကျနော်တို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောထားတယ်။ RRCCI ကိုလည်း ပြောတယ်။ ချင်းပြည်နယ်အစိုးရနဲ့ စည်ပင်ဝန်ကြီးကိုလည်း ပြောပါတယ်။ သူတို့ ဘာလုပ်ပေးမယ်ဆိုတာကတော့ အဖြေ မရသေးပါဘူး”ဟု ပြောသည်။
ဆမီးမြို့တွင် အစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အလှူရှင်များ ပေးပို့ထားသည့် ဆန်အိတ်နှင့် စားနပ် ရိက္ခာမှာ ဇွန်လကုန်ထိ လုံလောက်သည့် အခြေအနေ ရှိပါသည်ဟုလည်း ဦးပြည်ဆုက ဆိုသည်။
ဆမီးမြို့ အပါအဝင် ပလက်ဝမြို့ပေါ် နှင့် ကျေးရွာများတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး စစ်ဘေးရှောင် ဒုက္ခသည် ဖြစ်နေသူ အိမ်ထောင်စု ၂၄၁၄ စု၊ လူဦးရေ ၁ သောင်း ကျော် ရှိသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ချင်းအရပ်ဘက် အဖွဲ့အစည်း များက အကူအညီတောင်းရာ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဒုက္ခသည်စခန်းများ တည်ဆောက်ရန် မေ၊ ပထမပတ်က သိန်း ၂၄၀၀ ရံပုံငွေချပေးသည်။
အစိုးရချပေးသည့် သိန်း ၂၄၀၀ ကို ခြေတံရှည်ဝါးအိမ်အခန်းတွဲများ ပုံစံဖြင့် တည်ဆောက်မည် ဖြစ်ပြီး ရရှိသည့် ရံပုံငွေသည် စစ်ဘေးရှောင် အိမ်ထောင်စု ၉၆၀ အတွက်သာ ဆောက်ပေးရန် လုံလောက်သည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဆမီးမှာက အဆောက်အဦက ၁၀၀ ရာခိုင်နှုန်းပြီးပြီ။ ပလက်ဝ မှာတော့ ဝါးတွေ သစ်တွေ ဝယ်လို့ မရ၊ သွားလာလို့ မရတော့ လောလောဆယ် ဆောက်လို့ မရသေးဘူး။ မီးဇာမှာဆိုရင် ၈၀ ရာခိုင်နှုန်း ပြီးနေပြီ။ စိမ့်စင်းဝမှာတော့ ဆောက်လို့ မရသေးပေမယ့် ဝါးက စုထားပြီးပြီ”ဟု ပြောသည်။
အိမ်ထောင်စု ၉၆၀ နေထိုင်နိုင်မည့် ဒုက္ခသည်စခန်းများကို ဆမီးမြို့၊ ပလက်ဝမြို့၊ စိမ့်စင်းကျေးရွာ၊ မီးဇာကျေးရွာဟူ၍ နေရာ ၄ နေရာခွဲ၍ ချင်းပြည်နယ်အစိုးရအဖွဲ့က တည်ဆောက်ပေးနေသည်။
ဆမီးမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စု ၁၆၀ နေထိုင်နေသည့် ဝါးအိမ်တဲများမှာ သိန်း၂၄၀၀ ဘတ်ဂျက်ထဲမှ တည်ဆောက်ပေးထားသည့် စခန်းဖြစ်သည်။
ပလက်ဝမြို့တွင်လည်း စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ကျော် ရှိပြီး ၎င်းတို့မှာ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများတွင် ခိုလှုံနေကြသဖြင့် ဇွန်တွင် ကျောင်းပြန်ဖွင့်ပါက ဖယ်ပေး ကြရတော့မည်ဖြစ်သည်။
ပလက်ဝမြို့ပေါ်မှ ဒုက္ခသည်များအတွက် ဒုက္ခသည်စခန်းဆောက်လုပ်မယ့် ပလက်ဝမြို့တွင်း တနေရာနှင့် စိမ့်စင်းဝ ကျေးရွာရှိ တနေရာတို့မှာ စစ်ရေးအခြေအနေ မတည်ငြိမ်သဖြင့် သစ်၊ ဝါးများ သယ်ယူရန် ခက်ခဲနေကာ လက်ရှိ အချိန်ထိ ဒုက္ခသည်စခန်းများ ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် ဇွန်လလယ်ပိုင်းတွင် စခန်းအားလုံး အပြီးသတ် ဆောက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) မှ ပြောရေး ဆိုခွင့်ရှိသူ မမိုင်နန်းဝေက အစိုးရမှ ထောက်ပံ့ပေးနိုင်သည့် အိမ်ထောင်စုမှာ ၉၆၀ သာ ရှိသဖြင့် ကျန် အိမ်ထောင်စု ၁၃၀၀ ကျော်အတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ အလှူငွေများ လိုအပ်နေသည်ဟု ပြောသည်။
မမိုင်နန်းဝေက “စစ်ပွဲတွေရပ်မှ လူထုက သက်တောင့်သက်သာ နေလို့ရမှာ။ လူထုက လုံလုံခြုံခြုံနဲ့ ဘဝကို နေချင် ကြပါတယ်။ မိုးတွင်းမှာ ကျောင်းပြန်ဖွင့်တော့မယ်။ ကျမတို့ ပလက်ဝမှာ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံမှာ တော်တော်လေး နိမ့်ကျနေပါပြီ။ ဆုတ်ယုတ်နေပါပြီ။ နှစ်ဖက်လုံး စစ်ပွဲတွေ မြန်မြန်ရပ်ပေးစေချင်ပါတယ်”ဟုလည်း ပြောသည်။
မိုးတွင်းကာလတွင် ပလက်ဝမြို့နှင့် စိမ့်စင်းဝကျေးရွာဘက်မှ ဒုက္ခသည်များအတွက် ဝါးအိမ်တဲများ အချိန်မီ ဆောက်နိုင်ရေး၊ မိုးရာသီအတွက် ရိက္ခာများ စုပုံထားနိုင်ရေးတို့မှာ စစ်ရေးအခြေအနေ ပေါ်တွင် မူတည်နေသည် ဟုလည်း မမိုင်နန်းဝေက ပြောသည်။
ချင်းပြည်နယ်အစိုးရနှင့် RRCCI တို့မှ မိုးတွင်းကာလ တလျောက် စားနပ်ရိက္ခာ ဖူလုံရန်အတွက်လည်း ရိက္ခာများ ပလက်ဝမြို့ဘက်နှင့် ကျေးရွာများဘက်သို့ ထပ်မံပို့ပေးရန် ပြင်ဆင်လျက် ရှိသည်။
သို့သော် ရိက္ခာများမှာ ဆမီးမြို့အထိသာ ပို့နိုင်ပြီး ဆမီးမှ ပလက်ဝမြို့ဘက်သို့ ပို့သည့်လမ်းသည် စစ်ရေးအခြေအနေ မတည်ငြိမ်သဖြင့် ရိက္ခာတင်သည့် ကားများက မသွားလာရဲကြကြောင်း သိရသည်။
You may also like these stories:
ပလက်ဝ စစ်ဘေးရှောင် ၁၂၀ ကျော် AA ထံ ခိုလှုံနေဟု ဆို
စစ်ရှောင်များအနေဖြင့် ဆောက်ပေးထားသည့် စခန်းများ၌သာ နေကြရန် ပြည်နယ်အစိုးရပြော
စစ်ရှောင် အိမ်ထောင်စု ၇၀၀ နီးပါး ပြန်လည် နေရာချထားပြီးဟု ဆို