သတင်း

တပတ်အတွင်း ပြည်တော်ပြန်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၉ ဦးတွေ့

Want create site? Find Free WordPress Themes and plugins.

မလေးရှားနှင့် အာရပ်ဆော်ဘွားများနိုင်ငံတို့မှ ပြန်လာသူများအနက် မေလ ၁၆ ရက်နေ့မှ ၂၃ ရက်အတွင်း ၁၉ ဦးတွင် ကိုဗစ်-၁၉ ကူးစက်မှုတွေ့ခဲ့သည်။

ယနေ့ မေလ ၂၃ ရက်နေ့ မနက်ပိုင်း ပိုးတွေ့လူနာသစ်၂ ဦးကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ထုတ်ပြန်ကြေညာရာ ၎င်းတို့သည် မလေးရှားမှ ပြန်ဝင်လာသူများဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၂၀၁ ခုအနက် ယနေ့ မေလ ၂၃ ရက်နေ့ မနက်ပိုင်းအထိ ၄၅ ခုမှာ ပြည်ပမှ ဝင်လာခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။

မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်မရှိကြောင်း မြန်မာအစိုးရက ကြေညာခဲ့သည်။ မေလ ၁၆ ရက်နေ့တွင်မူ ချင်းပြည်နယ်မှ အသက် ၃၂ နှစ်အရွယ်အမျိုးသားတွင် ပိုးကူးစက်မှုရှိ ကြောင်း ကြေညာခဲ့သည်။ ထိုသူသည် မေလ ၁၁ ရက်နေ့က စင်းလုံးငှားလေယာဉ်ဖြင့် မလေးရှားအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်သူ ၃၉၁ ဦးနှင့်အတူ ပြန်လာသူဖြစ်သည်။

အသက် ၄၁ နှစ်အရွယ် မလေးရှားမှ ရန်ကုန်ရှိ ပုဇွန်တောင်မြို့နယ်သို့ပြန်လာသူ တဦးနှင့် ခရီးသွားရာဇဝင်နှင့် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့မှုရှိကြောင်း မသိရသေးသည့် အသက် ၅၇ နှစ်အရွယ်အမျိုးသားတို့တွင် ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံရကြောင်းကိုလည်း အစိုးရက မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

မလေးရှားမှ ပုဇွန်တောင်မြို့နယ်သို့ ပြန်လာသူသည် မေလ ၈ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သော မလေးရှားတွင် သောင်တင်နေသူ ၁၀၀ နီးပါးအနက် တဦးဖြစ်ကြောင်း ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။

တနင်္လာနေ့တွင်မူ ကိုဗစ်-၁၉ ကူးစက်မှု အသစ်များကို ကရင်ပြည်နယ်တွင် ၂ ခု၊ တနင်္သာရီတိုင်းတွင် တခုနှင့် ရခိုင်ပြည်နယ်တွင် တခုတွေ့ရကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။

ထိုလူနာများသည် မလေးရှားမှ ပြည်နှင်ဒဏ်ပေးခံရသူများတွင် ပါဝင်ကြောင်း တိုင်းအစိုးရက ဧရာဝတီ သတင်း ဌာနသို့ပြောသည်။

မလေးရှားမှ ပြည်နှင်ဒဏ်ပေးခံရသူ ၃ ဦးတွင် ကိုဗစ်-၁၉ ကူးစက်မှုအသစ် တွေ့ရကြောင်း အင်္ဂါနေ့မနက်တွင် မြန်မာ အစိုးရကြေညာသည်။ ကျန်သူများတွင် ရောဂါပိုးမတွေ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကဆိုသည်။

ကိုဗစ်-၁၉ ကာလအတွင်း လေကြောင်းခရီးဆိုင်းငံ့မှုများကြောင်း ပြည်ပတွင် သောင်တင်နေသည့် နိုင်ငံသားများ ကို မြန်မာနိုင်ငံက ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြီး ကယ်ဆယ်ရေး လေကြောင်းခရီးစဉ်များ စီစဉ်ကာ ပြန်လည် ခေါ်ယူနေသည်။

မြန်မာနိုင်ငံသား ၂၃၉၅ ဦးကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဗြိတိန်နှင့်အမေရိကန်ပြည်ထောင်စု အပါအဝင် ပြည်ပနိုင်ငံများမှ ပြန်လည်ခေါ်ဆောင် ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့တွင် ကြေညာသည်။

သောင်းနှင့်ချီသော မြန်မာလုပ်သားများသည်လည်း ထိုင်းနှင့်တရုတ်နိုင်ငံများမှ ကုန်းလမ်းဖြင့် ပြန်လာခဲ့ကြသည်။

အာရပ်စော်ဘွားများနိုင်ငံမှ ပြန်လာပြီး ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် သီးခြားထားရှိသည့် ရှမ်းပြည်နယ်မှ အ သက် ၃၄ နှစ်အရွယ် အမျိုးသမီးတဦးနှင့် ရန်ကုန်မြို့မှ အသက် ၆၀ အရွယ်အမျိုးသမီးတဦးတို့ ရောဂါပိုးကူးစက် ခံရကြောင်းလည်း အင်္ဂါနေ့ညနေတွင် အစိုးရက ထုတ်ပြန်ကြေညာသည်။

အာရပ်စော်ဘွားများနိုင်ငံမှ ပြန်လာပြီး အင်းစိန်မြို့နယ်တွင် သီးခြားထားရှိသူ ၆ ဦးတွင် ရောဂါပိုးကူးစက်ခံထားရ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

နိုင်ငံအတွင်း လူ ၆၁၈၈၃ ဦးကိုလည်း သီးခြားထားစောင့်ကြည့်နေကြောင်း မေလ ၂၀ ရက်နေ့တွင် ဝန်ကြီးဌာနက ပြောသည်။

မလေးရှားမှ ပြန်လာသူများတွင် ရောဂါပိုးတွေ့ရပြီးနောက် မေလ ၁၁ ရက်နေ့မှ စတင်ပြန်လာသူများအားလုံးကို ရောဂါရှာဖွေစစ်ဆေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ တဦးဖြစ်သည့် ဒေါက်တာ သန်းနိုင်စိုးက ကြာသပတေးနေ့တွင် ဧရာဝတီသတင်းဌာနသို့ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ နေ့စဉ် ပျမ်းမျှစစ်ဆေးမှု ၇၀၀ ခန့်လုပ်ဆောင်နေ ကြောင်းလည်း သူပြောသည်။ ကိုရိုနာဗိုင်းရပ်စ်လူနာနှင့် ထိတွေ့ဆက်ဆံသူများကို ဦးစားပေးစစ်ဆေးနေပြီး ဖျားနာသူများနှင့်အခြားကိုဗစ်-၁၉ ရောဂါလက္ခဏာပြသူများကို ဒုတိယဦးစားပေးစစ်နေကြောင်း သူကပြောသည်။ ထိုနောက်မှ သီးခြားခွဲထားကာ စောင့်ကြည့်သူများကို စစ်ဆေးနေကြောင်းလည်း သူက ရှင်းပြသည်။

ယနေ့ စနေနေ့မနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေးခဲ့သူ ၁၇၁၅၂ ဦး ၂၀၁ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့၌ပြီး သေဆုံးသူ ၆ ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ ၁၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကဆိုသည်။

ကိုဗစ်-၁၉ ကူးစက်မှုများကို ကယားပြည်နယ်မှလွဲပြီး တနိုင်ငံလုံးတွင် တွေ့နေရသည်။

You may also like these stories:

Quarantine ဝင်နေရသည့် သတင်းထောက်၂ ဦး ပိုးမတွေ့သဖြင့် အိမ်ပြန်ခွင့်ရ

ရခိုင်က COVID-19 ပိုးတွေ့လူနာ၂ ဦး အခြေအနေ

ကမ္ဘာ့ဘဏ်၏ ချေးငွေ ဒေါ်လာသန်း ၅၀ ဖြင့် အစိုးရ ဆေးရုံ ၅၁ ရုံ အဆင့်မြှင့်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading