ဖန်တနိုင်းဆေးရည် အမြောက်အမြား ဖမ်းမိကြောင်း မြန်မာရဲတပ်ဖွဲ့ မကြာသေးမီက ကြေညာခဲ့ပြီး မြောက်အမေရိကတွင် လူ့အသိုင်းအဝန်းကို ဖျက်ဆီးနေသည့် ထိုအန္တရာယ်များလှသော ဖန်တနိုင်း fentanyl ဓါတုမူးယစ်ဆေးများကို အာရှမှ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။
အာရှမူးယစ်ဂိုဏ်းများသည် အကျိုးအမြတ်များလှသော ဖန်တနိုင်းဈေးကွက်သို့ ဝင်ရောက်လာသည့် လက္ခဏာဖြစ်ပြီး မီသိုင်းဖန်တနိုင်း ၃၇၀၀ လီတာကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မှ လွယ်ခန်း ကျေးရွာအနီးတွင် တွေရရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖန်တနိုင်းထုတ်ကုန်များကို ဖမ်းမိခြင်းသည် ယာဘ ခေါ် မက်သာဖက်တမင်း ဆေးပြား ၁၉၃ သန်းအပါအဝင် အာရှတွင် အကြီးမားဆုံးဖြစ်သော မူးယစ်ဆေး၊ မူးယစ်ကုန်ကြမ်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သော ကိရိယာများ ဖမ်းဆီးမှု၏ အစိတ်အပိုင်းဖြစ်သည်။ တန်ချိန် ၁၇.၅ တန်ရှိသော ထိုယာဘဆေးပြားများအရေအတွက်သည် လွန်ခဲ့သော နှစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ဖမ်းဆီးမိသမျှ ယာဘ ပမာဏနှင့် တူညီနေသည်။
ယခုဖမ်းဆီးမှုပမာဏသည် ယခင်က မကြုံဖူးသော ပမာဏဖြစ်ကြောင်းနှင့် ရဲနှင့် စစ်ဖက်မှပါဝင်သော မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအာဏာပိုင်များသည် နှစ်လတာ စစ်ဆင်ရေးများအတွင်း ကြီးမားသော မူးယစ်ဆေးကွန်ရက်တခုကို ဖြိုခွဲလိုက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မဥ ဆိုင်ရာရုံး (UNDOC) ကပြောသည်။ ဖမ်းဆီးမိသော အခြားပစ္စည်းများတွင် ဓါတုဆေးဝါးကုန်ကြမ်း ၁၆၃၀၀၀ လီတာနှင့် ၃၅.၅ တန်နှင့် လက်နက်များလည်း ပါဝင်သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး လူ ၁၃၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်။
သို့သော် မီသိုင်း ဖန်တနိုင်းများ ရှာဖွေတွေ့ရှိမှုသည် ဒေသတွင်း မူးယစ်ဆေးဈေးကွက်အတွက် မကောင်းသော လက္ခဏာတခုဖြစ်ကြောင်း အထက်ပါ ကုလသမဂ္ဂအေဂျင်စီနှင့် မြန်မာနိုင်ငံတွင် အခြေစိုက်သော သံတမန်များပြောသည်။
“ဖန်တနိုင်းက အရမ်းကို ပြင်းထန်တဲ့အတွက် ဒါကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာမယ်ဆိုရင် မြန်မာနဲ့ ဒေသတွင်းမှာ ကျန်းမာရေး ပြဿနာတွေဖြစ်လာနိုင်ပြီး ကြီးမားတဲ့အပြောင်းအလဲဖြစ်လာနိုင်တယ်” ဟု အမည်မဖေါ်လိုသော အနောက်တိုင်းအရာရှိတဦးပြောသည်။
Reuters သတင်းဌာနက တွေ့ဆုံမေးမြန်းစဉ်အတွင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး ဇော်လင်းက ထို မီသိုင်းဖန်တနိုင်းများသည် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားကြောင်း ပြောသည်။
ယခုဖမ်းဆီးမှုအရ မူးယစ်ဂိုဏ်းများသည် လုပ်နည်းလုပ်ဟန်ပြောင်းလာကြောင်း တွေ့ရသည်ဟုလည်း သူပြောသည်။
ဖန်တနိုင်းနှင့် ၎င်းမှထုတ်လုပ်သော မူးယစ်ဆေးများသည် လွန်ခဲ့သော ၅ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတွင် ဆေးလွန်သေဆုံးမှု ၁၃၀၀၀၀ ကျော် ဖြစ်ပွားစေခဲ့ကြောင်း အစိုးရဌာနများ၏ အဆိုအရ သိရသည်။ ဖန်တနိုင်းပျံ့နှံ့မှုသည် အာရှ၊ ဥရောပနှင့် သြစတြေးလျတို့သို့ ရောက်ရှိရုံသာမက ခြိမ်းခြောက်မှုအသစ်လည်း ဖြစ်နေသည်။
“ဖန်တနိုင်းက ပြဿနာတခုဖြစ်လာနိုင်တယ်ဆိုတာကို ဒီဒေသတွင်းမှာ ကျနော်တို့ အကြိမ်ကြိမ် သတိပေးပေမယ့် ဒါက အင်မတန်ကို ကြီးမားတဲ့ ပြဿနာဖြစ်သွားပြီ” ဟု UNDOC ၏ အရှေ့တောင်အာရှနှင့် ပိစိဖိတ်ဆိုင်ရာကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလပ်စ်ကပြောသည်။
“ဒါဟာ ကျနော်တို့ ကြိုတင်မှန်းဆပြီး စိုးရိမ်နေတဲ့ ဈေးကွက်အပြောင်းအလဲဖြစ်တယ်” ဟု သူပြောသည်။
အသက်အန္တရာယ်ရှိသော အရောအနှော
သိမ်းဆည်းရမိသော မီသိုင်း ဖန်တနိုင်း၏ သန့်စင်မှု အတိုင်းအတာနှင့် ဖွဲ့စည်းပုံအတိအကျကို မြန်မာရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော်လည်း အမျိုးအစားနှစ်မျိုးရှိပြီး နှစ်မျိုးလုံးသည် ဖန်တနိုင်းထက် ပိုမိုပြင်းထန်သည်ဟု ဥရောပသမဂ္ဂ မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအေဂျင်စီကပြောသည်။
ဖန်တနိုင်း သက်သက်သည်ပင် ဘိန်းဖြူထက် အဆ ၂၀ မှ ၂၅ အထိ ပြင်းထန်သည်။
မူးယစ်မှောင်ခိုသမားများသည် ဖန်တနိုင်းနှင့် ၎င်းမှထုတ်ကုန်များကို ဘိန်းဖြူ၊ မက်သ်နှင့် ကုတ်ကိန်းတို့နှင့် ပေါင်းစပ်လိုက်သောကြောင့် အာနိသင် ပိုမိုပြင်းထန်ပြီး သေဆုံးမှုများဖြစ်စေသည်။
၂၀၁၇ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင်ဖြစ်ပွားသည့် ဘိန်းဖြူနှင့် ကုတ်ကိန်း မူးယစ်ဆေးလွန်သေဆုံးမှုများ၏ ထက်ဝက်တွင် ဖန်တနိုင်းဓါတုပစ္စည်းများပါဝင်ပတ်သက်မှုရှိကြောင်း Rand Corporation ၏ သုတေသနအရ သိရသည်။
ဖန်တနိုင်း သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသည့် သူများ၏ ၇၃ ရာခိုင်နှုန်းသည် ၎င်းတို့ကိုယ်ကို ၎င်းတို့ ဖန်တနိုင်း သုံးစွဲထားကြောင်း မသိရဟု ကနေဒါနိုင်ငံမှ စစ်တမ်းအရ သိရသည်။
မီသိုင်းဖန်တနိုင်းနှင့် ဓါတုပစ္စည်းများကို မူးယစ်ဆေး စက်ရုံအများအပြားရှိရာ လွယ်ခန်းကျေးရွာအနီး ရှင်းလင်းရာတွင်တွေ့ရသော်လည်း ဖမ်းဆီးချိန်တွင် စွန့်ပစ်ထား၍ ၎င်းတို့သည်ပိုင်ရှင်မဲ့ မဟုတ်ကြောင်း ရဲမှူးကြီး ဇော်လင်းပြောသည်။
“စစ်ဆေးလိုက်တဲ့အခါကျတော့ ဒီမူးယစ်ဆေးအများစုကို မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဖြန့်ချိဖို့လို့ပြောတယ်” ဟုလည်း သူပြောသည်။
“ဒါပေမယ့် ကျနော်တို့စစ်နေတုန်းပဲ။ ဒီမူးယစ်ဆေးတွေနောက်ဆုံးဘယ်ကိုရောက်မယ်ဆိုတာ မသိသေးဘူး” ဟုလည်း သူပြောသည်။
ဖန်တနိုင်းအရည်များကို မရောင်းချမီ အမှုန့်အဖြစ် ပြောင်းလဲလေ့ရှိကြပြီး တခါတရံ ဆေးပြားများလည်း လုပ်ကြသည်ဟု အမည်မဖေါ်လိုသော သုတေသီနှစ်ဦးပြောသည်။
ထုတ်လုပ်ရန်ဈေးသက်သာပြီး မှောင်ခိုကူးရန်လွယ်ကူ
ထုတ်လုပ်ရာတွင် ဘိန်းဖြူထက်လွယ်ကူ ဈေးသက်သာသည့်အပြင် ဖန်တနိုင်းကဲ့သို့သော အားပြင်းသည့် ရောစပ်ဓာတု မူးယစ်ဆေးဝါးများကို ပမာဏ အနည်းငယ်မျှုဖြင့် ဆေးပြား ထောင်ချီထုတ်လုပ်နိုင်ပြီး လျှို့ဝှက် သယ်ဆောင်နိုင်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံအများအပြားမှာနယ်စပ်တွေပိတ်ပြီး အဝင်အထွက် ထိန်းချုပ်နေချိန်တွင် ဖန်တနိုင်းများ ကမ္ဘာတဝှမ်း ဆက်လက်ပျံ့ပွားနေမည်ကို UNDOC က စိုးရိမ်နေသည်။
အာရှမူးယစ်ဂိုဏ်းများသည် တိုင်းရင်းသားပြည်သူ့စစ်များနှင့် ပူးပေါင်းကာ မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသကို သုံးကာ ဘိန်းစိုက်၊ ဘိန်းဖြူထုတ်လုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်း များစွာရှိပြီဖြစ်သည်။
မကြာသေးမီကာလများအတွင်းက Sam Gor ဆမ်ဂေါ ဂိုဏ်းကဲ့သို့ မက်သ် ထုတ်လုပ်သော အဖွဲ့များသည် တစိတ်တပိုင်းအားဖြင့် တရုတ်နိုင်ငံမှ ဖြိုခွဲမှုများကြောင့် ထိုဒေသအတွင်း ဝင်ရောက်လာကြသည်။
မီသိုင်းဖန်တနောသည် အိမ်နီးချင်းနိုင်ငံတခုမှရောက်လာခြင်းဖြစ်ကြောင်း ရဲမှူးကြီးဇော်လင်းပြောသော်လည်း မည်သည့်နိုင်ငံဖြစ်သည်ကို အတိအကျပြောဆိုရန် ငြင်းသည်။ ဖမ်းဆီးမိသော မူးယစ်ဆေး၊ ဓါတုပစ္စည်းနှင့်ကိရိယာအများစုသည် တရုတ်နိုင်ငံမှဖြစ်ကြောင်း Reuters သတင်းဌာနကတွေ့ခဲ့ရသည့် မြန်မာရဲတပ်ဖွဲ့ စာရွက်စာတမ်းများအရ သိရသည်။
မက္ကဆီကို နိုင်ငံနှင့်အတူ တရုတ်နိုင်ငံသည် မြောက်အမေရိကသို့ ဖန်တနိုင်းတင်ပို့သည့် အဓိကနိုင်ငံဖြစ်သော်လည်း တရားဥပဒေစိုးမိုးရေး အားထုတ်မှုများ အရှိန်ပြင်းထန်လာသောကြောင့် တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ဖန်တနိုင်း တင်ပို့မှု ကျဆင်းလာကြောင်း အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၏ အဆိုအရ သိရသည်။
ထိုသို့ တင်ပို့မှုကျဆင်းလာခြင်းကို မက္ကဆီကို မူးယစ်ဂိုဏ်းများက ဖြည့်ဆည်းရန်ကြိုးစားသော်လည်း တရုတ်နိုင်ငံမှ ဓါတုကုန်ကြမ်းရရှိရန် မကြာသေးမီက ခက်ခဲလာသောကြောင့် ၎င်းတို့၏ ဖန်တနိုင်းထုတ်လုပ်မှုလည်း တုံ့ဆိုင်းနေကြောင်း UNDOC က ဆိုသည်။
မြန်မာနိုင်ငံမြောက်ပိုင်းသည် တရုတ်နိုင်ငံနှင့် နီးကပ်နေခြင်းကြောင့် အာရှမူးယစ်ဂိုဏ်းများအတွက် ဖန်တနိုင်းနှင့် အခြား ဓါတု ပေါင်းစပ်ဆေးများ ထုတ်လုပ်ရေး ရွေးချယ်စရာနေရာဖြစ်လာကြောင်း သုတေသီများပြောသည်။
“မြန်မာပြည်က တိုင်းရင်းသားပြည်သူ့စစ်တွေနဲ့ နိုင်ငံစုံရာဇဝတ်ဂိုဏ်းတွေကြား မဟာမိတ်ဖွဲ့ထားတာတွေကို ချိုးဖျက်ရမယ်။ ဒါမှမဟုတ်ရင်တော့ ဓါတုမူးယစ်ဆေးပြဿနာက ပိုဆိုးလာမှာပဲ” ဟု UNDOC မှ ဒေါက်ဂလပ်စ် ပြောသည်။
မြန်မာနိုင်ငံငသည် မူးယစ်ဂိုဏ်းများကို ခြေမှုန်းရန် အရှိန်မြှင့်လုပ်ဆောင်နေသကဲ့သို့ အခြားနိုင်ငံများနှင့်လည်း ပိုမိုပူးပေါင်းဆောင်ရွက်နေကြောင်း ရဲမှူးကြီးဇော်လင်းပြောသည်။
“မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိပ်တန်း ဦးစားပေးအဖြစ်လုပ်ဆောင်နေပါတယ်” ဟု သူပြောသည်။
( Reuters သတင်းထောက် Tom Allard ၏ Exclusive: Huge fentanyl haul seized in Asia’s biggest-ever drugs bust ကို ဘာသာပြန်ဆို ဖော်ပြသည်။)
You may also like these stories:
ရှမ်း/မြောက် မူးယစ်ဆေးအမှု ပြည်သူ့စစ်ခေါင်းဆောင်များနှင့် လက်နက်တထောင်ကျော် ထိန်းသိမ်း
လက်နက်အပ်သည့် ကောင်းခါးပြည်သူ့စစ် စီးပွားရေး လုပ်ရန် တပ်မတော်ကူညီမည်
ကောင်းခါးပြည်သူ့စစ်နှင့် AA မူးယစ်ကုန်သွယ်မှုတွင် ဆက်စပ်မှုရှိနေဟုဆို
အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း