စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အရပ်ဝတ်လက်နက်ကိုင် ၅ ဦးက ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် အသက် ၁၇ နှစ်အရွယ် ဒေသခံ ကူကီးတိုင်းရင်းသား လူငယ်တဦး သေဆုံးကာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ဟုမ္မလင်းမြို့နယ်၊ မာန်လီကျေးရွာနေ ဦးထန်ခင်းမာန် (၄၀ နှစ်)နှင့် မောင်းထောင်းရာဂင် (၁၇ နှစ်) တို့မှာ ယနေ့ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် အလုပ်သွားစဉ် ရပ်ဖကျေးရွာအုပ်စု၊ အော်သော်ကျေးရွာအနီး၌ အရပ်ဝတ် လက်နက်ကိုင် ၅ ဦးက သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် ဆိုင်ကယ် မောင်းနှင်သူ မောင်ထောင်းရာဂင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရပ်ဖကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလယျာင်္ကျော်က “သူ့အဖေရဲ့ပြောပြချက်အရ သိရတာက အောင်ချမ်းသာရွာ စာသင်ကျောင်းမှာ သူကလက်သမား လုပ်နေတာ။ သူက ဆိုင်ကယ်မစီးတတ်တော့ သူ့သားကို လိုက်ပို့ခိုင်းတယ်။ အော်သော်ရွာနားရောက်တော့ အရပ်ဝတ်နဲ့လူ ၆ ယောက်က ရပ်ခိုင်းတယ်။ ဆိုင်ကယ်က တောင်ကုန်းပေါ်ကနေ အရှိန်နဲ့ဆင်းလာတော့ ချက်ခြင်းမရပ်နိုင်ဘဲ ရှေ့ကိုနည်းနည်းကျော်သွားတယ်။ ပြီးတော့ အဲဒီလူတွေက အရပ်ဝတ်တွေနဲ့ဆိုတော့ စနေတယ်ထင်ပြီး သူ့သားက ဆက်မောင်း သွားချိန်မှာ သေနတ်နဲ့ လှမ်းပစ်တာ”ဟု ဧရာဝတီကို ပြောသည်။
အရပ်ဝတ် လက်နက်ကိုင် ၅ ဦး၏သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်နောက်မှ စီးနင်းလာသူ ဦးထန်ခင်းမာန် (၄၀) နှစ်၏ ဘယ်ဘက်တံတောင်ဆစ်ကို သေနတ်ထိမှန်ခဲ့သလို ဆိုင်ကယ်မောင်းသူ မောင်ထောင်းရာဂင်၏ ဘယ်ဘက်နံကြားမှ ခန္ဓာကိုယ်အတွင်း သေနတ်ကျည်ဆန် ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်မှာလည်း အော်သော်ကျေးရွာအဝင် ချောင်းကူးတံတားအနီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်များမှာ သေနတ်ဖြင့် ပတ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ဒေသခံများက ရဲတပ်ဖွဲ့ထံ အကြောင်းကြား၍ လူနာတင်ကားဖြင့် သေနတ်မှန်သူများကို ဟုမ္မလင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေချိန်၌ မောင်ထောင်းရာဂင်မှာ သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာအနီးတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် အရပ်သားများကို လက်နက်ကိုင်တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်မှု ယခင်က မရှိခဲ့ဘဲ မောင်ထောင်းရာဂင်၏အသတ်ခံရသည့်ဖြစ်စဉ်မှာ ပထမဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သေနတ်မှန်သူ ဦးထန်ခင်းမာန်နှင့် သေဆုံးသူ မောင်ထောင်းရာဂင်တို့ကို လူနာတင်ကားဖြင့် ဟုမ္မလင်းမြို့သို့ ပို့ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ဟုမ္မလင်းမြို့နယ်ဆေးရုံသို့ ရောက်ရှိခဲ့ပြီး အလောင်းအား မှုခင်းဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့်လက်နက်ကိုင်တပ်ဖွဲ့ဟူ၍ ရှမ်းနီအမျိုးသားတပ်မတော် (Shanni National Army) တဖွဲ့သာရှိပြီး ဒေသခံများကလည်း သေနတ်ဖြင့်ပစ်ခတ်သူများမှာ ရှမ်းနီတပ်သားများဟု ပြောဆိုမှုများ ရှိနေကြောင်း၊ ထို့ကြောင့် SNA အဖွဲ့အနေဖြင့် ယခုကိစ္စအား စုံစမ်းစစ်ဆေးကာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ပေးရန် ကူကီးလူငယ်ကွန်ရက်က ပြောသည်။
ကူကီးလူငယ်ကွန်ရက်ခေါင်းဆောင်တဦးဖြစ်သူ ကိုဆေးဂင်က “အဲဒီဒေသမှာ ရှမ်းနီတပ်ဖွဲ့ – SNA ပဲ လှုပ်ရှားတာ ရှိတယ်။ တခြားတပ်ဖွဲ့ မရှိဘူး။ သူတို့ကိုင်တဲ့သေနတ်ကလည်း မောင်းပြန်သေနတ်တွေဖြစ်လို့ SNA အဖွဲ့လို့ပဲ ပြောနေကြတယ်။ ဒီလုပ်ရပ်က နှစ်ပေါင်းများစွာ အတူတူယှဉ်တွဲနေထိုင်လာတဲ့ ရှမ်းနဲ့ ကူကီး တိုင်းရင်းသားတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုရော၊ ဒေသရဲ့ငြိမ်းချမ်းမှုကိုလည်း ပျက်စီးစေပါတယ်။ SNA တပ်ဖွဲ့ခေါင်းဆောင်များအနေနဲ့ ဒီကိစ္စကို သေချာစုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုပါတယ်”ဟု ပြောသည်။
မောင်ထောင်းရာဂင် အသတ်ခံရမှုနှင့် ဦးထန်ခင်းမာန် ဒဏ်ရာရရှိမှုနှင့်ပတ်သတ်၍ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနှင့် တရားခံအား ဖော်ထုတအရေးယူပေးရန်တောင်းဆိုကြောင်း ကူကီးလူငယ်ကွန်ရက်၊ ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး၊ ကူကီးစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ဗဟို) တို့က ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်တောင်းဆိုထားကြောင်း သိရသည်။
လက်ရှိတွင် သေနတ်မှန်ဒဏ်ရာရသူ ဦးထန်ခင်းမာန်မှာ ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး မောင်ထောင်းရာဂင်၏အလောင်းကို ကျန်ရစ်သူမိသားစုဝင်များက ရပ်ဖအုပ်စု၊ မန်လီကျေးရွာသို့ ပြန်လည် သယ်ဆောင်ပြီး သဂြိုလ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
You may also like these stories:
ရှမ်းပြည် မူးယစ်ဆေးဖမ်းဆီးမှုအတွင်း ဖန်တနိုင်း အများအပြား ဖမ်းမိ
တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း အဂတိမှုဖြင့် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ