ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသစ်ကျေးရွာမှ မြိုတိုင်းရင်းသား ၂ ဦး မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကျေးရွာ၏ အနောက်ဘက်တောင်တန်းတွင် မိုင်းထိ၍ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ မိုင်းထိသည့်ကျေးရွာသား ၂ ဦးမှာ အသက် ၄၀ အရွယ် ဦးထွီးအောင်နှင့် အသက် ၄၂ နှစ်အရွယ် ဦးအောင်စံဝေတို့ ဖြစ်ကြောင်း ၎င်းကျေးရွာမှ ဦးကံထွန်း အောင်က ပြောသည်။
ဦးကံထွန်းအောင် က “ကျနော်တို့ရွာရဲ့ အနောက်ဖက်မှာ မင်းမတောင်တန်းဆိုတာ ရှိပါတယ်။ ဦးထွီးအောင်က ရွာက အဖော်တယောက်နဲ့ ဝါးခုတ်သွားတာမှာ မိုင်းနင်း မိတာ။ မိုင်းနင်းမိတယ်ဆိုပြီး ကျနော်တို့ ရွာသားတွေကို အကြောင်းကြားလို့ ကျနော်တို့ လိုက်သွားတဲ့အခါ လူနာဆီကို မရောက်သေးဘူး။ တောင်ပေါ်ကို တက်တာနဲ့ နောက် ထပ် မိုင်းနင်းမိပြီးတော့ ကိုအောင်စံဝေ ထိသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် မိုင်းထိ၍ ခြေထောက် ပြတ်လုလု ပြင်းထန်ဒဏ်ရာ ရရှိခဲ့သော ဦးထွီးအောင်နှင့် ဦးအောင်စံဝေတို့ကို ပုဏ္ဏားကျွန်းဆေးရုံတွင် ပို့ဆောင်ထားပြီး ကုသမှုခံယူနေရကြောင်းလည်း သိရသည်။
အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသစ်ကျေးရွာသည် မြိုတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာတရွာဖြစ်ပြီး ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်း ၎င်းကျေးရွာအနီးတွင် တပ်မတော် နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်း ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန် စွာဖြစ် ပွားခဲ့ပြီး စစ်ဘေးရှောင် အရေအတွက်မှာ ၂ သိန်းနီးပါးရှိလာသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည် သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့် အတူ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှုှုံ့ခံရမှုများလည်း ရှိသည်။