မန္တလေးမြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးကို တပတ်အတွင်း စတင်စစ်ဆေးနိုင်တော့မည် ဖြစ်သဖြင့် အထက်မြန်မာပြည် တခုလုံး မှ ဓာတ်ခွဲနမူနာများကို စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း လျှပ်စစ်၊ စက်မှုနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က “အရင်ကလည်း တစုံအဆင်သင့် လုပ်ထားပြီးသားဖြစ်သလို အခု တရုတ်နိုင်ငံက လှူတဲ့စက်တွေလည်း မနက်ဖန်ဆိုရင် စပြီး ဆင်မယ်။ လိုအပ်တဲ့ သင်တန်းတွေဘာတွေပြီးတာနဲ့ ရှေ့တပတ်ထဲစ Run နိုင်ပြီ” ဟု မေ ၂၃ ရက်က ပြုလုပ်သည့် မန္တလေးမြို့အတွက် တရုတ်နိုင်ငံက ကိုဗစ်၁၉ ရောဂါစမ်းသပ်ရှာဖွေရန်အတွက် ဓာတ်ခွဲခန်း သုံးစက်ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားတွင် ပြောသည်။
အဆိုပါ ဓာတ်ခွဲခန်းကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်းပေါ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး စင်ကာပူ နိုင်ငံမှ အလှူရှင်များက လှူဒါန်းသော ကိုဗစ် ၁၉ ဓာတ်ခွဲစက်တစုံနှင့် တရုတ်နိုင်ငံမှ လှူဒါန်းသော ဓာတ်ခွဲ စက်တစုံ စုစုပေါင်း စက်နှစ်စုံဖြင့် နေ့စဉ်ဓာတ်ခွဲ နမူနာ ၄၀၀ ခန့်စစ်ဆေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းဓာတ်ခွဲခန်းအား မန္တလေးတိုင်းသာမက အထက်မြန်မာပြည်ရှိ ကိုဗစ် ၁၉ ပိုးတွေ့လူနာများ၊ စောင့်ကြည့်လူနာများ၊ ကွာရန်တင်း ဝင်နေသူများနှင့် ကွာရန်တင်းစင်တာများတွင် တာဝန်ကျနေသော ကျန်းမာေ ရးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများအား ကိုဗစ် ၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးဇာနည်အောင် က ပြောသည်။
၎င်းက “အခုအခြေအနေတွေကလည်း မဖြစ်မနေဖြေလျှော့မှုတွေ လုပ်လာတာနဲ့အတူ ကာကွယ်တာတွေကလည်း လုပ်ဖို့ လိုလာတယ်။ ပြီးတော့ ပြည်တော်ပြန်တွေကလည်း ဝင်လာဆဲဖြစ်ပါတယ်။ အဲဒီတော့ Quarantine ဝင်တဲ့ သူတိုင်း စစ်နိုင်ဖို့ ကြိုးစားရမယ်။ များများစစ်၊ မြန်မြန်သိ၊ စောစောကာကွယ်မှုတွေ ပိုလုပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ဓာတ်ခွဲခန်း ဘတ်ဂျက်နဲ့ ပတ်သက်ပြီး အလှူရှင်ရှိပါကလည်း လက်ခံပေးမည်ဖြစ်ပြီး မရှိပါက နိုင်ငံတော်ဘတ်ဂျက်မှ အကုန်ကျခံမည်ဖြစ်ကြောင်း၊ ဘတ်ဂျက် လိုအပ်ချက် ရှိလာပါက တိုင်းအစိုးရ၏ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲမည် ဖြစ်သည်။
အဆိုပါဓာတ်ခွဲခန်းတွင် တာဝန်ယူမည့်ကျန်းမာရေးဝန်ထမ်းများအား မန္တလေးမြို့တွင် မေလ ၂၄ မှ ၂၇ ရက်အတွင်း ယူနန် ပြည်နယ်မှ ကိုဗစ်၁၉ ရောဂါတိုက်ဖျက်ရေးနှင့်ကုသရေး အထူးအလုပ်ဆောင်အဖွဲ့မှ သင်တန်းပေးမည်ဖြစ်ပြီး သင်တန်းပြီးစီးပါက ဓာတ်ခွဲခန်းလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းသန်းမြင့်က ဧရာဝတီကို ပြောသည်။
လက်ရှိတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ဆေးသုတေသနဦးစီးဌာနတို့က COVID-19 ရောဂါပိုးအားရှိ/မရှိ စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးဆောင်ရွက်လျက်ရှိ ပြီး မေ ၂၄ ရက်အထိ အထက်ပါဓာတ်ခွဲခန်း ၂ ခု၏ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက် စုစုပေါင်းမှာ ၁၈၆၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် မေ ၂၅ ရက်နံနက်ပိုင်းအထိ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၂၀၁ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းအနက် သေဆုံးသူ ၆ ဦး၊ ၂ ကြိမ်ပိုးမတွေ့၍ ဆေးရုံဆင်းသူ ၁၀၉ ဦးနှင့် လက်ရှိ ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူ စုစုပေါင်း ၈၆ ဦးရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
COVID-19 ကြောင့် လာမည့် ဇွန်လတွင် စာသင်ကျောင်းများ ပြန်ဖွင့်ရန် မသေချာ
ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းက တိုင်းပြည်စောင့်ရှောက်ခြင်းနဲ့ တူပါတယ်