ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်သည် ယနေ့နံနက် ၈နာရီခန့်က အမည်မသိသူ များ၏ ဓားဖြင့် လုပ်ကြံသတ်ဖြတ်ခံရကြောင်း၊ ယခုအခါ တရားခံများကို ရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေကြောင်း သိရသည်။
ဦးသိန်းလှိုင်(၄၀နှစ်)သည် ယနေ့နံနက်က စစ်တွေမြို့လယ် ကုန်သယ်လမ်းနှင့် ပန်းခြံလမ်းထောင်ရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေစဉ် အမည်မသိသူနှစ်ဦးက ဓားဖြင့် ထိုးသတ်သွားခြင်းဖြစ်ကြောင်း စစ်တွေ့မြို့မ ရဲစခန်းမှ တာဝန်ကျရဲ အရာရှိတဦးက ပြောသည်။
စစ်တွေမြို့မ ရဲစခန်းမှ ဒု ရဲအုပ် ထွန်းထွန်းက “တရားခံ ဖမ်းဆီးရမိရေးအတွက် ကျနော်တို့ မြို့ဝင်/မြို့ထွက် ဂိတ်တွေကို ပိတ်ဆို့ပြီးတော့ စုံစမ်း ရှာဖွေမှုတွေ လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လုပ်ကြံသတ်ဖြတ်ခံရသည့် အတွက် အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်မှာ လည်ပင်း ပြတ်ရှ ဒဏ်ရာ၊ ရင်ဘတ်ထိုးသွင်း ဒဏ်ရာ စသည့် ဒဏ်ရာ ၄ ချက်ဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
စစ်တွေမြို့လယ်တွင် ရပ်ကွက် အာဏာပိုင်တဦး ထိုသို့ လုပ်ကြံ သတ်ဖြတ်ခံရသည့် အတွက် မြို့ခံများကြားတွင် စိုးရိမ် ထိတ်လန့်မှုများဖြစ်ပေါ်နေကြပြီး လုံကြံ သတ်ဖြတ်ခံရသည့် အကြောင်းအရင်းကိုမူ ရဲတပ်ဖွဲ့မှ စုံစမ်း ဖော်ထုတ်နေဆဲ ဖြစ် ရာ တိတိကျကျ မရှိသေးပေ။
လက်ရှိအချိန်တွင် အဆိုပါ လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်တွေမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ကာ စုံစမ်း စစ်ဆေးနေကြောင်းလည်း သိရသည်။
ပြီးခဲ့သော၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်ကလည်း စစ်တွေမြို့ပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းရှင် ၁ ဦးမှာ သေ နတ်ဖြင့် ပစ်ခတ်ခံရသည့် အတွက် ဒဏ်ရာများ ရရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့တွင် ယခုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ် များ ခပ်စိပ်စိတ် ဖြစ်ပွားနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ သတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ လုပ်ကြံ သည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ထိုကဲ့သို့ ရခိုင်ပြည်နယ် မြို့နယ် အသီးသီး၌ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရွာသားများမှာ ယခုကဲ့ သို့ ဓားဖြင့် ထိုးသတ်လုပ်ကြံခြင်း၊ နေအိမ်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း စသည့် ဖြစ်စဉ်များ ကြောင့် ဒေသခံ ပြည်သူများကြား စိုးရိမ်မှု မြင့်တက်လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း စစ်တွေ့မြို့တွင် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် တပ်ကြပ် ဝင်းထိုက်(ခ) ဖိုးလုံးဆိုသူမှာ မိသားစုနှင့် အတူ ဝင်္ကဘာကွင်းတွင် ကျင်းပသည့် ဈေးပွဲတော်တွင် သေနတ်နှင့် ပစ်သတ်ခြင်းခံခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန်
ပုဏ္ဏားကျွန်းတွင် မြိုတိုင်းရင်းသား ၂ ဦး မိုင်းထိ
ဒေါက်တာအေးမောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်၍ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်
စစ်တွေ၌ စရဖ တပ်ဖွဲ့ဝင် တဦး ပစ်သတ်ခံရ