ပြည်ပမှ နိုင်ငံခြား အရက်များကို တရားဝင် တင်သွင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက မေလ ၂၅ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက “ဒါကတော့ တဖြည်းဖြည်းနဲ့ ဖြေ လျှော့ပေးတဲ့ အပိုင်းကို လုပ်တာပါ။ အရင်က ကျနော်တို့ ဌာနက လိုင်စင်ယူရတဲ့ ကုန်ပစ္စည်းနဲ့ လိုင်စင် မယူရတဲ့ ကုန် ပစ္စည်း ရှိတယ်။ အဲဒီလို Negative လုပ်တဲ့ စာရင်းတွေကို လျှော့ပေးလာတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်က အရက်ကို ပြည်ပမှ တင်သွင်းခွင့် မပြုခဲ့သော်လည်း ယခု အရက်ကို လိုင်စင်ဖြင့် တရားဝင် တင်သွင်းခွင့် ပြုလိုက် ခြင်း ဖြစ်ပြီး အရက်သာမက တခြား လိုင်စင်ဆောင်ရသည့် ကုန်ပစ္စည်းများကို ဖြေလျှော့ပေးရန် ရည်ရွယ်ချက်များလည်း ရှိ ကြောင်း ၎င်းက ရှင်းပြသည်။
အရက်ကို တရားဝင် တင်သွင်းခွင့်ပြုခြင်းသည် အထူးသဖြင့် အရည်အသွေး ကောင်းမွန်သော အရက်အမျိုးအစားများ ရောက်ရှိလာခြင်း၊ ဈေးကွက်အတွင်း အတုအပများ လျှော့သွားနိုင်ခြင်းနှင့် တရားမဝင် တင်သွင်းမှုများ နည်းလာနိုင် ကြောင်း ဦးမျိုးသူက ဆိုသည်။
ထို့ပြင် စီးပွားရေး လုပ်ငန်းရှင်များ လုပ်ကိုင်မှု လွယ်ကူစေရန် အညွှန်းကိန်း (Ease of Doing Business) တွင်လည်း မြန်မာ နိုင်ငံ အနေဖြင့် အဆင့်တခု တက်လာစေရန်အတွက် လုပ်ဆောင်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များကို တင်သွင်းခွင့် မပြုသည့် ပစ္စည်းများ စာရင်းတွင် အရက်ကို စာရင်း ပယ်ဖျက်ခဲ့သော် လည်း ဘီယာ၊ စီးကရက် တို့ကို တည်ဆဲ ဥပဒေအရ တားမြစ်ကုန် အဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ပြည်တွင်းသို့ နိုင်ငံခြားဖြစ် အရက်များကို တင်သွင်းရာတွင် ရန်ကုန်ဆိပ်ကမ်းနှင့် လေဆိပ်များမှသာ တင်သွင်း ခွင့်ပြုမည် ဖြစ်ပြီး အရက် ၁ လီတာလျှင် ဆိပ်ကမ်းအရောက် တန်ဖိုး အနည်းဆုံး အမေရိကန်ဒေါ်လာ ၈ ဒေါ်လာရှိ ရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးလွင်က “အရက်၊ ဘီယာ၊ စီးကရက် သုံးမျိုးက အရင်ထဲက ကန့်သတ်ထားတာ။ အခု အရက်ကို တင်သွင်းခွင့် ပြုလိုက်တာ။ အစိုးရအနေနဲ့ တင်သွင်းခွင့်ပြုလိုက်တဲ့ အရက်ပေါ်မှာ အခွန်မှန်မှန်ကန်ကန် ကောက်ဖို့ အရေးကြီးတယ်။ နယ်စပ်ကနေ အခွန် မဆောင်ဘဲ ဝင်လာမှုတွေကိုပဲ ထိန်းစေချင်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ဈေးကွက်အတွင်း အရက် တင်သွင်းခွင့်ပြုခြင်းကြောင့် ဈေးကွက် ဝယ်လိုအား ပြောင်းလဲမှု မရှိနိုင်သော်လည်း အခွန် တိကျ စွာ ကောက်ယူမှုများ ရှိပါက ဈေးကွက်၌ ရောင်းချနေသည့် အရက်ဈေးနှုန်းများ ပြောင်းလဲနိုင်ကြောင်း ၎င်းက ဆိုသည်။
ထုတ်ပြန်ချက်အရ အခွန် နှုန်းထားများ မြင့်ခြင်းကြောင့် တရားမဝင် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာလျှင် ပြည်တွင်း လုပ် ငန်းရှင်များအနေနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသဖြင့် တရားမဝင် ဝင်ရောက်မှုတို့ကိုသာ တားဆီးပေးစေလိုကြောင်း အသင်း က သိရသည်။
နိုင်ငံခြား အရက် တင်သွင်းလိုသူများ အနေဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် ကုမ္ပဏီ၏ Letter head ပါ လျှောက်လွှာ (ကုမ္ပဏီအမည်၊ မှတ်ပုံတင် အမှတ်)၊ ကုန်အမှာလွှာ မူရင်း (Proforma Invoice) သို့မဟုတ် အရောင်း အဝယ် စာချုပ်၊ တင်သွင်းမည့် အရက်နှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များ၊ ယမကာ တင်သွင်းခွင့် မှတ်ပုံ တင် လက်မှတ်၊ အရက်ပုလင်းပေါ်တွင် တင်သွင်းမည့် ကုမ္ပဏီအမည်၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက်မူရင်းနှင့် လျှောက်ထားသူသည် ကုမ္ပဏီ ဒါရိုက်တာ သို့မဟုတ် ကိုယ်စားလှယ်လွှဲစာ မှတ်ပုံတင် ကတ်နှင့် စီးပွား/ကူးသန်း၏ သတ်မှတ်ချက်များအတိုင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
You may also like these stories:
နိုင်ငံခြား ကုမ္ပဏီများအား အရက်ချက်လိုင်စင် ခွင့်ပြုပေးခြင်းကို ကန့်ကွက်
မြန်မာငှက်ပျော ဆာဗီးယားမှ ဝယ်ရန် ကမ်းလှမ်း
ကိုဗစ်ကာလ မြန်မာ့ရေထွက်ကုန်တင်ပို့မှု ယခင်နှစ်ထက် ပိုတိုးတက်လာ