COVID – 19 ခြိမ်းခြောက်မှုကို အခွင့်အရေးအဖြစ် မြင်ပြီး ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများအား ပူးပေါင်းလုပ်ဆောင်ခြင်း ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်ရန် ဆောင်ရွက်သင့်ကြောင်း COVID-19 ကာကွယ် ထိန်းချုပ်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO)များနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းကို တဖွဲ့နှင့်တဖွဲ့ကြား ယုံကြည်မှု တိုးတက်စေသော အပေါင်း လက္ခဏာဆောင်သည့် လုပ်ငန်းအဖြစ် သဘောထားကြရန်လည်း ၎င်းက တိုက်တွန်း ပြောဆိုသည်။
ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ မေလ ၂၅ ရက် နံနက်က ကျင်းပခဲ့ သော EAO များအား COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာ အထောက်အကူ ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဒေါက်တာ တင်မျိုးဝင်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ဒေသသည် EAO များ အခြေပြု နေထိုင်သည့် ဒေသများဖြစ်ရာ နယ်စပ်မှ မြန်မာနိုင်ငံ အတွင်း ပြန်လည် ဝင်ရောက် လာမည့် မြန်မာနိုင်ငံသားများတွင် ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးခြင်းကို သေချာစွာ မဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံအတွင်း ကူးစက်မှု ပိုမိုပျံ့နှံ့သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ဗိုင်းရပ်စ် အန္တရာယ် ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် EAO များအနေဖြင့် ၎င်းတို့ အခြေပြုရာဒေသတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျည်း၊ စည်းကမ်းများ၊ ဆောင်ရန်၊ ရှောင်ရန် အချက် များနှင့် တိုင်းနှင့်ပြည်နယ် အစိုးရ အသီးသီးက ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်များ၊ အသိပညာပေးမှုများအား ပြည်သူ အများ သိရှိလိုက်နာစေရန် ဆောင်ရွက်ပေးစေလိုကြောင်း ဒေါက်တာ တင်မျိုးဝင်းက ပြောဆိုခဲ့သည်။
ဒေါက်တာ တင်မျိုးဝင်း၏ ပြောဆိုချက်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်ရန် အပြုသဘောဆောင်သဖြင့် ၎င်းအနေနှင့် ကြိုဆို ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ ဦးဆောင် နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “NCA မထိုးရသေးတဲ့ အဖွဲ့တွေအတွက်လည်း ကိုဗစ်ကို ဘုံရန်သူအဖြစ် သဘောထားပြီး ဒီဗိုင်းရပ်စ်ကို ဝိုင်းတိုက်တဲ့ နေရာမှာ ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက်ကိုပါ လမ်းပွင့်အောင် ကြိုးစားသင့်တယ် ဆိုတာမျိုးပေါ့။ ဒီလို ချည်းကပ်မှုကတော့ ကောင်းပါတယ်” ဟု ပြောသည်။
တိုင်းရင်းသား အရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ COVID-19 ကို ဘုံရန်သူအဖြစ် သတ်မှတ်ကာ အမှန်တကယ် ပူးပေါင်း ဆောင်ရွက်နိုင်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်ရေးအတွက် အလားအလာ ကောင်းကြောင်း သုံးသပ် သည်။
သို့သော် မြေပြင်အခြေအနေတွင် NCA လက်မှတ်ထိုးထားသည့် EAO များနှင့် တပ်မတော်ကြား ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေစဉ်မှာပင် ဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနေပြီး စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသည်လည်း ရှိကြောင်း ဦးမောင်မောင်စိုးက ရှင်းပြသည်။
“NCA မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆိုရင်လည်း သဘောထား ကွဲလွဲမှု တချို့ရှိတယ်။ အဲဒီတော့ ကိုဗစ် ခြိမ်းခြောက်မှုကို အခွင့်ကောင်းယူပြီး ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင် ကွဲလွဲနေတဲ့ သဘောထားတွေကို အာရုံစိုက် ဖြေရှင်းဖို့ လိုအပ် ပါတယ်။ အဲဒါတွေကို ဘေးဖယ်ထားပြီး နောက်တဆင့် တက်ဖို့ ဆိုတာကတော့ ခက်ခဲပါလိမ့်မယ်” ဟု ၎င်းက မှတ်ချက် ပေးသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း COVID 19 ကာကွယ်ရေး အတွက် စီမံကိန်းများ ချမှတ် ဆောင်ရွက်ရာတွင် ရေရှည်အတွက် ရည်ရွယ်၍ ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး လို အပ်ချက်များ သာမက နိုင်ငံရေး ဦးတည်ချက်များကိုပါ မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုကြောင်း မေလ ၂၅ ရက်တွင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည် က “စိန်ခေါ်မှုတခုကို စည်းစည်းလုံးလုံးနဲ့ ပြည်ထောင်စုသွေးရင်းတွေ အတူရင်ဆိုင်ကျော်လွှားမှုတခုဆိုတာ တနေ့အတွက်၊ တခဏအတွက်သာ အဓိပ္ပါယ်ရှိတဲ့ ဖြစ်ရပ်ကလေး မဟုတ်ပါဘူး။ ကျမတို့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုပါ။ အေးချမ်းသာယာဖွံ့ဖြိုးတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးဖြစ်ပေါ်ရေး အိပ်မက်အတွက် ရင်းနှီးမြှုပ်နှံလိုက်တာဖြစ်ပါတယ်” ဟု လည်း မှတ်ချက်ပြုထားသည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က “COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ” ကို EAO များ ထိန်းချုပ်ထားသည့် ဒေသတွင်း နေထိုင်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုပေးရန် ရည်ရွယ်ကာ ဧပြီ ၂၇ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါ ကော်မတီသည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော အပစ်ရပ် ၁၀ ဖွဲ့နှင့် မေလ ၈ ရက်က ဆွေးနွေးခဲ့ကြပြီး အပစ်ရပ် EAO အဖွဲ့များကို ဗိုင်းရပ်စ် ကာကွယ်ရေး ပစ္စည်းများ၊ နည်းပညာ အကူအညီများ ပေးအပ်ရန် သဘောတူညီခဲ့ကြသည်။
ယင်း သဘောတူညီမှု၏ နောက်ဆက်တွဲ အနေဖြင့် မေလ၂၅ ရက်တွင် အပစ်ရပ် EAO အဖွဲ့များကို Surgical Mask ၊ Hand Sanitizer၊ ဘက်စုံသုံး ပိုးသတ်ဆေးရည်၊ သာမိုမီတာ၊ PPE ဝတ်စုံများ၊ Face Shield များ၊ ရာဘာ လက်အိတ်၊ ပိုးသတ်ဆေးဖျန်းပုံးများ အပါအဝင် ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနက ပံ့ပိုးသည့် Quarantine Center များတွင် သုံးသော အခြေခံပစ္စည်း ၁၃ မျိုးအား လှူဒါန်းခဲ့ကြောင်း EAO များနှင့် အစိုးရကြား ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီထံမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တပ်မတော်က KIA ထံ Covid-19 ကာကွယ်ရေး ပစ္စည်းများပေးပို့
ပုဒ်မ ၁၇(၁)ကြောင့် ကိုဗစ်အရေး အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်မပြေဟု KIA ပြော
အစိုးရနှင့် KNU နှစ်ဘက် စစ်ရေးတင်းမာမှုကိစ္စ ညှိနှိုင်းဆွေးနွေး
အစိုးရနှင့် အပစ်ရပ်များ COVID-19 ကာကွယ်ရေး အချက် ၇ ချက်သဘောတူ