ပလက်ဝမြို့နယ်၊ တင်းဘုန်းကျေးရွာအုပ်စု၊ ရပ်ဒိန်ကျေးရွာမှ ပျောက်ဆုံးနေသည့် အမျိုးသား ၄ ဦးမှာ ရက္ခိုင်စစ်တပ် (AA) ၏ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ယနေ့ပြန်လွတ်လာပြီဟု သတင်းရရှိသည်။
ရပ်ဒိန်ကျေးရွာမှ အမျိုးသား ၄ ဦးဖြစ်သည့် ဦးသန်းထွန်း၊ ဦးဒီဆား၊ ဦးကိုကိုအောင်နှင့် ဦးလုံဘဲ တို့မှာ မတ် ၂၂ ရက်၊ မနက် ၉ နာရီခန့်က ထင်းသယ်ရန် ရွာမှ ထွက်သွားစဉ် ပျောက်ဆုံးသွား ကြခြင်း ဖြစ်သည်။
ယနေ့မနက်ပိုင်းတွင် ၎င်းတို့ ၄ ဦးလုံး ပြန်လွတ်လာပြီး ၎င်းတို့ကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး စစ်ဆေးခြင်း ဖြစ်ကြောင်း ဆမီးမြို့ရှိ ချင်းလူ့အခွင့်အရေးအဖွဲ့ကို ပြောပြခဲ့သည်ဟု သိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်က “ထွက်ပြေးလာတဲ့ လူတွေက AA က ဖမ်းတယ်လို့ ပြောပါတယ်။ အခုတော့ တပ်မတော်နဲ့ ရဲက အချက်အလက်တွေ ကောက်ယူဖို့ သူတို့ကို ခေါ်ထားပါတယ်”ဟု ပြောသည်။
ပြန်လည် လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ ၄ ဦးအနက် ဦးသန်းထွန်း၊ ဦးဒီဆားနှင့် ဦးကိုကိုအောင် တို့ကို စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကာ ဦးလုံဘဲမှာ ဆက် လက် ဖမ်းဆီးထားခံရသည့် နေရာမှာ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် တပ်မတော် နှင့် ရဲတပ်ဖွဲ့များက ခေါ်ယူ စစ်ဆေးနေသဖြင့် အခြေအနေများကို ထပ်မံ မေးမြန်း နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆလိုင်း မျိုးထိုက်က ပျောက်ဆုံးနေသည့် အမျိုးသား ၄ ဦး၊ ဆမီးမြို့သို့ ရောက်လာသည်မှာ မှန်ကန် ကြောင်း၊ ၎င်းအနေဖြင့်လည်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းနေကြောင်း ဧရာဝတီသို့ အတည်ပြုသည်။
ဦးဆလိုင်းမျိုးထိုက် က “အကုန်လုံး ရွာမှာ အိမ်ထောင်ဦးစီးတွေပါ။ ဒါက ရပ်ဒိန်က အုပ်ချုပ်ရေးမှူး ပြောတဲ့ စကားအတိုင်း ပါ။ ကျနော်နဲ့ကတော့ မျက်နှာချင်းဆိုင် မတွေ့ရပါဘူး။ ကျနော်တို့ သတင်းကြားတာက သူတို့က ရွာနားမှာ အပြင်က လူတွေ တွေ့လို့ ထိန်းသိမ်းတယ်လို့ သတင်းရတာပါပဲ။ အဲဒီမှာ လက်နက် ပါတယ် လည်း ပြောတယ်။ မပါဘူးလည်း ကြားတယ်။ အခု ဖုန်းပြောလို့ မရဘူးဖြစ်နေတယ်။ အခုက တပ်မတော်ဗျူဟာလည်းရှိတော့ တွေ့ဖို့ သွားနေကြတာ ထင်တယ်။ ထပ်ပြီး ဖုန်းဆက်လို့ မရသေးဘူး”ဟု ပြောသည်။
အဆိုပါ အမျိုးသား ၄ ဦး နေထိုင်သည့် ရပ်ဒိန်ကျေးရွာသည် ပလက်ဝမြို့နှင့် ဆမီးမြို့ ကြားတွင် တည်ရှိပြီး ဆမီးမြို့နှင့် မိုင် ၂၀ ခန့်အကွာတွင် ရှိသည်ဟု သိရသည်။
ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည် မှာ ၁ နှစ်ကျော် ကြာပြီဖြစ်သည့် ဒေသတခု ဖြစ်သည်။
ပလက်ဝမြို့နယ်တွင်း အရပ်သားအချို့ကို ၎င်းတို့၏ လုံခြုံရေး၊ စစ်ရေးအရ မသင်္ကာမှုဖြင့် AA က ဖမ်းဆီး စစ်ဆေးခြင်းများရှိပြီး တပ်မတော်ဘက်ကလည်း AA နှင့် ပတ်သက်သည်ဟု မသင်္ကာပါက ဖမ်းဆီးစစ်ဆေးမှုများရှိသည်။
ဧရာဝတီမှ လက်လှမ်းမီသလောက် စုဆောင်းထားသည့် သတင်းအချက်အလက်များအရ ၂၀၁၉ ခုနှစ်အတွင်း ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့မှ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်း၊ ပစ္စည်းများ အဓမ္မ သယ်ခိုင်းခြင်း၊ သတင်းပေးဟု မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာမှ ရိုက်နှက် ခြင်း၊ စစ်ဆေးခြင်းများ ခံခဲ့ရသည့် အရပ်သားဦးရေ ၇၀ ခန့်ရှိသည်။
ထို့ပြင် ပလက်ဝမြို့နယ်တွင်း ပဋိပက္ခကာလအတွင်း လုပ်ငန်းခွင်များသို့ သွားရင်း ပျောက်ဆုံးသွား သူများလည်းရှိသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ်အတွင်း ပျောက်ဆုံးသွားပြီး ယနေ့ထိ နေအိမ်များသို့ ပြန်ရောက်မလာသူ အမျိုးသား ၁၂ ဦး ရှိသည်။
ထို အမျိုးသား ၁၂ ဦးမှာ လုပ်ငန်းခွင်များသို့ သွားရင်း တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် ၂၀၁၉ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ အောက်တိုဘာ၊ နိုဝင်ဘာ လများ အတွင်း အသီးသီး ပျောက်ဆုံးသွားကြခြင်း ဖြစ်သည်။
ဧရာဝတီမှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီအတွင်းက ပလက်ဝမြို့သို့ သတင်းသွားယူစဉ် ဘောင်ဝ နှင့် အောက်သဲမဝ ကျေးရွာတို့မှ အမျိုးသမီး ၅ ဦးနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ အမျိုးသားများမှာ ပျောက်ဆုံး နေပြီးု AA က ဖမ်းဆီးခြင်း ဖြစ်သည်ဟု စွပ်စွဲ ပြောဆို ကြသည်။
စွပ်စွဲမှုများ ရှိနေသော်လည်း ချင်းလူ့အခွင့်အရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်က မျက်မြင် သက်သေ မရှိခြင်း၊ တိကျခိုင်လုံသည့် သတင်းအချက်အလက် ရရှိခြင်း မရှိသဖြင့် ပဋိပက္ခဒေသတွင်း ပျောက်ဆုံးသွားကြသူများကို မည်သည့်အဖွဲ့က ဖမ်းသည်ကို ၎င်းတို့ အနေဖြင့် အတည်မပြုနိုင်ပါဟု ပြောသည်။
ပလက်ဝမြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာ နယ်မြေများ၌ အရပ်သားများ လုပ်ငန်းခွင် သွားရင်း ပျောက်ဆုံး မှုများလာသည့် အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီက ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီ အတွင်းက ပလက်ဝမြို့နယ်အခြေစိုက် AA စစ်ဒေသ အမှတ် ၂ ကွပ်ကဲရေးရုံးမှ ဗိုလ်ကြီးရူဘီကို တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။
ဗိုလ်ကြီးရူဘီက တိုက်ပွဲဖြစ်ပွားစဉ် ကာလတလျှောက်လုံး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းမှ လွဲ၍ ပလက်ဝမြို့နယ်တွင် အခြားအရပ်သားများကို ဖမ်းဆီးထားခြင်း၊ အဓမ္မ စစ်သား စုဆောင်းခြင်းများ မပြုလုပ်ကြောင်း ငြင်းဆိုထားသည်။
ပလက်ဝမြို့နယ်တွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးဝှေ့တင်း၊ သံထောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ဆုထူးစံကုမ္ဗဏီမှ ဝန်ထမ်းများကို ဖမ်းဆီးစဉ်က ၎င်းတို့ ဖမ်းဆီးခြင်း ဖြစ်ကြောင်း AAက ဝန်ခံခဲ့သည်။
ဆက်စပ်လင့်
ပုဏ္ဏားကျွန်းတွင် မြိုတိုင်းရင်းသား ၂ ဦး မိုင်းထိ
ပလက်ဝတွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်
ဖမ်းဆီးထားသည့် ရွာသား ၄၀ ခန့်မှ ၃၃ ဦး တပ်မတော် ပြန်လွှတ်ပေး