ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ကာ လူစုလူဝေးဖြစ်ပေါ်စေသည့် ဘာသာရေးပွဲ ပြုလုပ်ခဲ့သည်ဟုဆိုကာ ရန် ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ပေးရန် ယနေ့မနက်ပိုင်းက ပခုက္ကူမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း ကာယကံရှင် ကိုသာထက်အောင်က ပြောသည်။
တိုင်ကြားသူ ကိုသာထက်အောင်သည် ပခုက္ကူ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးဖြစ်ပြီး ယခုတိုင်ကြားမှုသည် မိမိတဦးတည်း သဘောဆန္ဒသာဖြစ်ကြောင်းလည်း ဧရာဝတီသို့ပြောသည်။
ကိုသာထက်အောင်က “အစိုးရကိုယ်တိုင်က ဥပဒေကို ထုတ်ပြန်တယ်၊ သူတို့ပဲ ပြန်ချိုးဖောက်နေတယ်ဆိုရင် အ များပြည်သူက ဘယ်လိုမှလိုက်နာမှာမဟုတ်ဘူး။ ပေါ်ပေါ်တင်တင်ချိုးဖောက်လို့ တိုင်တန်းရတာဖြစ်တယ်။ ကျ နော်တို့နိုင်ငံက ဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံပါ၊ ဥပဒေက အားလုံးတန်းတူပဲရှိသင့်တယ်ဆိုတာကို ထောက်ပြ တာပါ”ဟု ပြောသည်။
တိုင်ကြားမှုနှင့်ပတ်သက်ပြီး ရဲအရေးပိုင်မှုမဟုတ်သည့်အတွက် အမှုဖွင့်၍မရသော်လည်း သက်ဆိုင်ရာ တာဝန်ရှိ သူများထံ တင်ပြပေးမည်ဖြစ်ကြောင်းနှင့် တရားရုံးသို့ ဦးတိုက်လျောက်ထားမည်ဆိုပါကလည်း စာရေးပေးမည် ဖြစ်ကြောင်း ရဲစခန်းဘက်က တုံ့ပြန်ခဲ့သည်ဟု ၎င်းက ပြောသည်။
“ကျနော့်အနေနဲ့တော့ တရားရုံးဦးတိုက်လျောက်ဖို့တော့ မရှိပါဘူး” ဟုလည်း ၎င်းက ဆိုသည်။
ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများမှာ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းတွင် ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်ရေချပွဲနှင့် “အမတော် မြနန်းနွယ်” နန်းဆောင်ရွေ့ပြောင်းခြင်းများ မေလ ၂၄ ရက် နေ့က ပြုလုပ်ရာတွင် လူစုလူဝေးဖြစ်စေခဲ့သည့်အတွက် ပြည်သူများအကြား အပြင်းအထန်ဝေဖန်ခံနေရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ပါဝင်ခဲ့သူ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ထံ ဧရာဝ တီက တယ်လီဖုန်းဖြင့် သီးခြားဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားနိုင်ခြင်းမရှိခဲ့ပေ။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ “ ဗိုလ်တထောင်စေတီတော် ဘက်စုံပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေ တာပဲဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရကနေ ဥပဒေချိုးဖောက်ပြီး လူစုလူဝေး ပွဲလမ်းသဘင်တွေ လုပ်နေတယ် ဆိုတဲ့ အခြေအနေဟာ လုံးဝမှားယွင်းနေပါတယ်၊ ကျနော်တို့ဟာ ပွဲလမ်းသဘင်တွေကို ဆောင်ရွက်ဖို့ အစီအစဉ်မ ရှိပါဘူး။ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ကျနော်တို့ ဆောင် ရွက်ပါတယ်” ဟု ONE News Myanmar သတင်းဌာနတွင် ရှင်းလင်းဖြေကြားထာသည်ကို တွေ့ရသည်။
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘက်စုံပြုပြင်မွမ်းမံရေးနှင့် အစ်မတော်မြနန်းနွယ် ကျောင်းဆောင် ပြန်လည်တည်ဆောက်ရေး၊ တည်ဆောက်နေစဉ်ကာလအတွင်း အစ်မတော်မြနန်းနွယ်ရုပ်တုအား ယာယီစံကျောင်း ဆောင်သို့ ပင့်ဆောင်ပူဇော်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အစည်းအဝေးတရပ်ကိုလည်း မေလ ၂၃ ရက်နေ့က စေ တီရင်ပြင်ရှိ ဆိပ်ကမ်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုအနေဖြင့် မြန်မာနိုင်ငံတွင် မေလ ၂၆ ရက်နေ့ မနက်ပိုင်းအထိ ၂၀၃ ဦးရှိပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားမှုမှာ ဦးရေ ၁၅၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် က “ ဘုရားဘက်စုံလုပ်တာနဲ့ အခုလုပ်တာနဲ့က သိပ်တော့မဆိုင်ပါဘူး။ ဓာတ်လိုလို၊ နတ်လိုလို လုပ်တာတွေက ဗုဒ္ဓ ဘာသာ အယူအဆတွေလည်း မဟုတ်ပါဘူး။ ရန်ကုန်ဟာ ကူးစက်မှုအများဆုံးဖြစ်ပါတယ်။ ဘယ်လိုအကြောင်းပြ ချက်နဲ့မှ မလုပ်သင့်ဘူး။ အခုချိန်က ပြည်သူတွေက ကျန်းမာရေးအသိ မြင့်မားလာပြီးဖြစ်သည့်အတွက် ယခုအချိန် တွင် ပြုလုပ်ခြင်းသည် ပြည်သူကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောသက်ရောက်နေပါတယ်”ဟု ပြောသည်။
အစိုးရအနေဖြင့် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် လူစုလူဝေးဖြစ်စေနိုင်သည့် အခမ်းအနားများ၊ ဘာသာရေးပွဲတော်များ မပြုလုပ်ရန် တားမြစ်ချက်အား မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ယင်းသတ် မှတ်ကာလအတွင်း လူစုလူဝေဖြင့် ဘာသာရေးအခမ်းအနား ပြုလုပ်သူများအား အရေးယူမှုများလည်း ပြုလုပ်ခဲ့သည်။
အထူးသဖြင့် ကျိုက်မရောတွင် ဘုရားထီးပင့်ဆောင်မှု ဦးဆောင်သူအား ထောင်ဒဏ် ၉ လ၊ မန္တလေးတွင် နေအိမ် တခု၌ စုပေါင်းဝတ်ပြုသည့် အစ္စလာမ်ဘာသာဝင်များအား ထောင်ဒဏ် ၃ လနှင့် ခရစ်ယာန်တရားဟောဆရာ စော ဒေးဗစ်လားတို့အား အမှုဖွင့်ကာ ဖမ်းဆီးထားလျှက်ရှိသည်။
ဥပဒေအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က “ဥပဒေက ဘယ်သူကိုမှ ချွင်းချက်ပေးမထားပါဘူး၊ ဒေသန္တရအမိန့် ကို ကြည့်တဲ့အခါမှာ ဘယ်အခြေအနေမှာ ဘယ်လိုဆောင်ရွက်ခွင့်ရှိတယ် ဆိုတာမျိုးတာတော့ ပါတယ်။ လုပ်ခဲ့တာ ကိုကြည့်ရင် တရားဥပဒေစိုးမိုးရေးအတွက် ၊ ပြည်သူအများအတွက် အကျိုးရှိစေနိုင်တဲ့ အရေးကြီးလုပ်ဆောင်ရ မယ့် ကိစ္စလား၊ အခုက ကိုဗစ်ရောဂါကာလမျိုးမှာ ရှောင်ကိုရှောင်ရမယ့် ကိစ္စဖြစ်ပါတယ်၊ ဘယ်လိုပဲအကြောင်းပြ ချက်ပေးပေး ဥပဒေကိုချိုးဖောက်ဆောင်ရွက်တာ ပေါ်လွင်ပါတယ်။ ဒါက ရန်ကုန်တိုင်းအစိုးရကပဲ လုပ်လုပ် ဘယ်သူကပဲလုပ်လုပ်ပါ၊ ဆင်ခြင်တုံတရားအရ ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိပါဘူး”ဟု သုံးသပ်သည်။
အစိုးရအနေဖြင့် လူစုလူဝေးပြုလုပ်ခဲ့သည့် အခြားသော ဘာသာရေးပွဲများအား အရေးယူမှုများရှိခဲ့သည့်အတွက် ဥပဒေအရ သာတူညီမျှမူရှိစေရန် ပြည်ထောင်စုအစိုးရအနေဖြင့် မည်ကဲ့သို့ တစုံတရာ အရေးယူဆောင်ရွက်မည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း ဦးခင်မောင်မြင့်က ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာတွင် “ဝန်ကြီးချုပ် ဦးဖြို့မင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ ရှင် ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲတက်ရောက်” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ပြီးနောက် ပြန်လည် ဖယ်ရှားခဲ့သော်လည်း ဦးဖြိုးမင်းသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားဆဲဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဇနီး ဒေါ်ခင်မိမိကြွယ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုး ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။