အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခံထားရသော ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင် ဆိုသူများ ပါဝင်သည့် ၆ ဦးအဖွဲ့အား လာမည့် ဇွန်လ ၉ ရက်တွင် စွဲချက်တင် အမိန့်ချမည် ဖြစ်ကြောင်း မန္တလေးခရိုင် တရားရုံးက သတင်းရရှိ သည်။
အဆိုပါ အမှုတွင် စွပ်စွဲခံထားရသူ တဦးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသော တရား လွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က “တရားသူကြီးကလည်း အသစ် ဖြစ်တယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဥပဒေအရာရှိဆီက နှုတ်နဲ့ အမှုလျှောက်တင် ချက်ကို နားမထောင်ခဲ့လိုက်ရဘူးပေါ့။ အဲဒါကြောင့်မို့ လာမယ့် ဇွန်လ ၉ ရက်ကို ပြန်ချိန်းတယ်။ အဲဒီနေ့မှ စွဲချက် အမိန့် ချမယ်။ စွဲချက်အမိန့် ကတော့ စွဲချက်တင်ရင် တင်မယ်။ တရားရှင် လွှတ်ရင် လွှတ်မယ်။ အဲဒါကတော့ တရားရုံး ဆုံး ဖြတ်ချက် အပေါ် မူတည်မှာပါပဲ” ဟု ပြောသည်။
အဆိုပါ အမှုအား ယနေ့ မန္တလေးခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး မူလက စွဲချက်အမိန့်ချရန် ရှိသော်လည်း အထက်ပါ အစီအစဉ်ကြောင့် ဇွန်လ ၉ ရက်သို့ ရုံးချိန်း ထပ်မံပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာက ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်ရှိ နေအိမ်မှ ယမ်းတုံးဟု ယူဆရသော အထုပ် ၂၈ ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်၊ စက္ကူညို ၁ ထုပ်၊ ယမ်းဖြူဟု ယူဆရသော ဆာလာအိတ် ၅ အိတ်၊ ဂြိုလ်တုဖုန်း အသစ် အလုံး ၄၀၊ ရုရှားထုတ် မှန်ပြောင်းအခု ၃၀ တို့ကို AA လက် နက်ကိုင် တပ်ဖွဲ့ဝင် ၃ ဦးနှင့်အတူ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သော AA လက်နက်ကိုင် တပ်ဖွဲ့ဝင် ၃ ဦးနှင့် ဆက်စပ်သူ ၃ ဦး စုစု ပေါင်း ၆ ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် မန္တလေးအိုးဘို အကျဉ်းထောင်၌ ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရသည်။
ယင်းအမှုအား အောက်တိုဘာ ၈ ရက်မှ စတင်ကာ မန္တလေးခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ ယနေ့အထိ စုစုပေါင်း ရုံးချိန်း ၂၀ ခု ရှိပြီ ဖြစ်ကာ တရားလိုပြ သက်သေအားလုံး စစ်ဆေးပြီး စွဲချက် အမိန့် ချမှတ်ရန် စောင့်ဆိုင်းနေ သည့် အခြေအနေ ဖြစ်သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁ (ဂ) သည် ပုဒ်မ ၃၉ ပုဒ်မခွဲ(ဂ)ပါ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှု ကျုး လွန်ရန် (သို့မဟုတ်) အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှု ကျုးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်း၊ ဗုံး (သို့) လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု (သို့) လက်ဝယ် ထားရှိပါက အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ ဆယ်နှစ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အလားတူ ဥပဒေ ပုဒ်မ ၅၂ (က) အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ခုနှစ်နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးတွင် AA နှင့် ဆက်စပ်သည်ဟုဆိုသူ ၆ ဦးကို ရုံးထုတ်စစ်ဆေး
မန္တလေးက AA ဖောက်ခွဲရေးအမှု တရားလိုကို စတင် စစ်ဆေး
မန္တလေးတွင် AA နှင့် ဆက်နွယ်သည်ဟု သံသယရှိသူများအမှု တရားလိုပြ သက်သေကို စစ်ဆေး