ငြိမ်းချမ်ရေးကောင်စီ (KNU/KNLA-PC) ၏ ဥက္ကဋ္ဌ အဖြစ် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေးကို ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွေးချယ်တင်မြှောက်လိုက် ကြောင်း သတင်းရရှိသည်။
KNU/KNLA PC ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး စောထိန်မောင် မေလ ၃ ရက်က ကွယ်လွန်သွားပြီးနောက်တွင် လစ်လပ်နေသည့် ဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်ကြီးစောထော့လေးက ယာယီဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး အဖွဲ့၏ စည်းမျဉ်းအရ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ တာဝန်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
KNU/KNLA (PC) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က “ပရိုတိုကောအရတော့ အဖွဲ့အစည်းရဲ့ လုပ်နည်းလုပ်ဟန်အတိုင်းဆိုရင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောထော်လေးကပဲ ယာယီဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူရတာပေါ့။ အခုကတော့ ယာယီမဟုတ်တော့ဘူး။ အတည်ဖြစ်သွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။
KNU/KNLA (PC)၏ ဗဟိုကော်မတီနှင့် တပ်မှူး/ တပ်ဗိုလ်များ အစည်းအဝေး အခမ်းအနားကို အဖွဲ့၏ ဌာနချုပ်တည်ရှိရာ ထော့ကိုကိုး (ဝေနော်တရာ) တွင် မေလ ၂၅ ရက်မှ မေလ ၂၆ ရက်အထိ ၂ ရက်ကြား ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိပ်ပိုင်း ရာထူးအပြောင်းအလဲများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ နေရာကို ဗိုလ်ချုပ်စောယဉ်နုက တာဝန်လွှဲပြောင်းယူပြီး စစ်ရေးချုပ် အဖြစ်ဗိုလ်ချုပ်စောနေစိုးမြ ၊ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဗိုလ်ချုပ်နော်ကပေါ်ထူး တို့တာဝန်ယူပြီး၊ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွှန့် တို့ကိုလည်း ယနေ့တွင်ခန့်အပ်ခဲ့ကြောင်း KNU/KNLA (PC) ထံမှသိရသည်။
ဗိုလ်ချုပ်ကြီး စောထော့လေးသည် အသက် ၆၂ ရှိနေပြီ ဖြစ်ပြီး ဗိုလ်ချုပ်ကြီး စောထိန်မောင်၏ ယုံကြည်စိတ်ချရသော တပ်မှူးလည်းဖြစ်ကာ KNDO နှင့် KNLA တပ်ဖွဲ့များတွင် တိုက်ခိုက်ရေး တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ဖူးသူလည်း ဖြစ်သည်။
“အရင်က တပ်မဟာ ၇ နယ်မြေထဲမှာ လှုပ်ရှားနေတဲ့ တိုက်ပွဲဝင်တပ်မှူး လို့ပြောလို့ရပါတယ်။ အရင်တုန်းက တိုက်ပွဲတွေနဲ့ပဲ နားပန်းလုံးလာတဲ့ သူတယောက်လို့ ပြောလို့ရပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။
အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည့် အဖွဲ့၏ မူဝါဒမှာ အပြောင်းအလဲမရှိကြောင်း ၎င်းက ဆိုသည်။
KNU/KNLA (PC) သည် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ၂၀၀၇ ခုနှစ်တွင် ခွဲထွက်ခဲ့ကာ ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။