ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကျဆင်းသွားသည့် မြန်မာ့ စီးပွားရေးကို ပြန်လည်ကုစားရေး အစီအစဉ်များအတွက် ပြည်တွင်း အသားတင် ထုတ်ကုန် တန်ဖိုးစုစုပေါင်း (GDP) ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေးသုံးစွဲရန် မျှော်မှန်းထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောသည်။
ယခုလို အချိန်မျိုးတွင် အစိုးရက ဘတ်ဂျက်၏ ရငွေများကို အထိခိုက်ခံပြီး ဆောင်ရွက်ကာ အသုံးစရိတ်များ သုံးစွဲပေးရခြင်း ကိုလည်း ထိန်းညှိ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ရငွေများ လျော့နည်းသွား၍ သုံးငွေများ လိုက်လျှော့ချမည့် ဆိုပါက စီးပွားရေး အခြေအနေကို ပိုမို ဆိုးရွားသွားစေမည် ဖြစ်၍ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှု အတိုင်းအတာအရ GDP ၏ ၅ ရာခိုင် နှုန်းအထိ သုံးစွဲနိုင်အောင် ရည်မှန်းထားကြောင်း ယနေ့ ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ၎င်းက ပြောသည်။
ဦးမောင်မောင်ဝင်းက “အစိုးရက ရငွေတွေ လျော့နည်းသွားလို့ သုံးငွေတွေ လိုက်လျှော့လိုက်မယ်ဆိုရင် တိုင်းပြည် စီးပွားရေး အခြေအနေကို ပိုမိုဆိုးရွားသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရက ဦးဆောင်ပြီး ဆီလျော်သော အသုံး စရိတ်တွေကို သုံးစွဲပြီး စီးပွားရေး အဆောက်အအုံအတွင်းသို့ ငွေကြေးထည့်ပေးရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ GDP သည် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံကျော်အထိ ရှိနေခြင်းကြောင့် အစိုးရအနေဖြင့် ယင်း ပမာဏ၏ ၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ မှ ၃ ဒသမ ၅ ဘီလီယံခန့်အထိ အသုံးပြုလာနိုင်သည်။
စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက “ဒီလောက်အထိ သုံးမယ်ဆိုတော့ ကောင်းတာပေါ။ အရင်တုန်း ကတော့ ၁ ရာခိုင်နှုန်းတောင် မရှိဘူးလေ။ အခုက ၅ ရာခိုင်နှုန်းလောက် အထိ သုံးမယ်ဆိုတော့ အင်မတန် ကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စီးပွားရေး ပြန်လည် ကုစားရေးအတွက် အဓိက အရေးပါသော စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသို့ ကူညီပံ့ပိုးရာတွင်လည်း စိုက်ပျိုး မွေးမြူးထားသော ထုတ်ကုန်များကို တင်ပို့ ရောင်းချနိုင်မည့် ပြည်ပ ဈေးကွက်များနှင့်ပါ ချိတ်ဆက် ဆောင်ရွက်မှု များကိုလည်း တပါတည်း ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောဆိုသည်။
ထို့ပြင် COVID -19 အလွန် ကာလအတွက် စီးပွားရေး အလျင်အမြန် ပြန်လည် ထူထောင်နိုင်စေရန်အတွက်လည်း သက် ဆိုင်ရာ ကဏ္ဍအလိုက် စီမံကိန်း ချေးငွေများကို နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ရယူသွားရန်လည်း စီစဉ်လျက် ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအောင်စိုးသာက “ဒီအချိန်မှာ အစိုးရ ငွေကြေး သုံးစွဲသွားပေးဖို့က အရမ်းအရေးကြီးပါတယ်။ ဘယ်ကဏ္ဍကနေ ဖြစ်ဖြစ် ဈေးကွက်ထဲကို ငွေကြေး စီးဆင်းလာဖို့က အရေးကြီးပါတယ်” ဟု ပြောသည်။
အစိုးရ၏ ငွေကြေး ထည့်သွင်းပေးမှုသည် မှန်ကန်သည့် ကဏ္ဍတခုဖြစ်ရန် လိုအပ်သလို အချိန်နောက်ကျပြီးမှ ရောက်ရှိ လာခြင်းမျိုးလည်း မရှိဖြစ်ရန် လိုအပ်ကြောင်း၊ ငွေကြေးစီးဆင်းမှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးသွားရန် လိုမည် ဖြစ် ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
လက်ရှိ အချိန်တွင် COVID-19 ၏ သက်ရောက်မှုများသည် ယနေ့အချိန်ထိ တိကျစွာ ခန့်မှန်းတွက်ချက်၍ မရသေးခြင်း ကြောင့် လိုအပ်သော အစီအမံများကို ကြိုတင်ဆောင်ရွက်လျက်သာရှိပြီး မည်သည့်ကဏ္ဍတွင် မည်မျှအသုံးပြုသွားမည်ကို အတိအကျ မပြောနိုင်သေးကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
အစိုးရအနေဖြင့် COVID -19 ရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ ကို အသေးစား အလတ်စားလုပ်ငန်း SMEs၊ လက်ခစား အထည်ချုပ် CMP လုပ်ငန်းများနှင့် ဟိုတယ် ခရီးလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေး လျက် ရှိသည်။
လတ်တလောတွင် လုပ်ငန်းပေါင်း ၇၂၆ ခုကို ချေးငွေ ကျပ် ၂၈ ဘီလီယံကျော်အထိ ထုတ်ချေးပေးထားလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကြောင့် စီးပွားရေး ကျဆင်းမှုများကို ပြန်လည်ကုစားရေး အတွက် GDP ၏ ၁၀ ရာခိုင်နှုန်းအထိ အသုံးပြုကြရန် နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းများနှင့် ပညာရှင်များက အကြံပြုပြောဆိုထားကြကြောင်း၊ အစိုးရအနေဖြင့် ယခုလို ၅ ရာခိုင်နှုန်းအထိ အသုံးပြုသွားမည်ကို ကြိုဆိုကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ဧရာဝတီ သို့ ပြောသည်။
၎င်းက “ဒီလို GDP ရဲ့ ၅ ရာခိုင်နှုန်းဆိုတာက ငွေကြေး ပမာဏ အများကြီးပေါ့။ အဲဒါကို အကောင်အထည်ဖော်မှုကိုတော့ ထိထိရောက်ရောက် သေချာ အစီအစဉ်တွေ ချပြီး အကျိုးသက်ရောက်မှု ရှိအောင်တော့ လုပ်ဆောင်သင့်တယ်။ ထိခိုက်တဲ့ ကဏ္ဍတွေကများတော့ ကဏ္ဍအားလုံးကို မျှပြီး ထည့်ရမှာဖြစ်တဲ့အတွက် အစိုးရလည်း တော်တော်တော့ ခေါင်းကိုက်မှာပါ” ဟု ဆိုသည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး အစီအစဉ် (CERP) ကို အစိုးရ က ရေးဆွဲထားပြီး ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် အစိုးရ အသုံးစရိတ်များ တိုးမြှင့်ခြင်းမှသည် တိုင်းပြည်၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ခိုင်မာ အားကောင်းရန် ပြုလုပ်ခြင်းအထိ ပါဝင်သည့် လုပ်ဆောင်မှုအသစ်များနှင့် တုံ့ပြန်မှု အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် ကမ္ဘာ့ကပ်ရောဂါ၏ စီးပွားရေး သက်ရောက်မှုများကို လျှော့ ချသွားမည့် အစီအစဉ်လည်း ဖြစ်သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန (MOPFI) ၏ CERP အစီအစဉ်အရ စီမံကိန်းတွင် ရည်မှန်းချက် ၇ ခု၊ မဟာ ဗျူဟာ ၁၀ ခု၊ လုပ်ငန်း အစီအစဉ် ၃၆ ခုနှင့် ဆောင်ရွက်မှု ၇၆ ခု ပါဝင်ပြီး ငွေကြေးလှုံ့ဆော်မှု (Monetary stimulus) မှ တဆင့် မိုက်ခရို စီးပွားရေး ပတ်ဝန်းကျင် (Macroeconomic environment) တိုးတက်ရေးကို အဓိက ဦးတည်ပြီး ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများ တိုးတက်စေခြင်းအားဖြင့် ပုဂ္ဂလိက ကဏ္ဍအပေါ် သက်ရောက်မှုကို လျော့ကျစေခြင်း၊ ကာယလုပ်သားများ၊ အလုပ်သမားများနှင့် အိမ်ထောင်စုများကို ကူညီခြင်း၊ တီထွင်ဆန်းသစ်မှုရှိသော ထုတ်ကုန်များနှင့် လမ်းကြောင်းသစ်များကို မြှင့်တင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အားဖြည့်ပေးခြင်း၊ အရေး ပေါ် ရန်ပုံငွေများ အပါအဝင် COVID-19 တုံ့ပြန်မှု ဆိုင်ရာ ဘဏ္ဍာငွေ ရရှိနိုင်မှု တိုးမြှင့်ခြင်းတို့ ပါဝင်သည်။