ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝ (ချင်းရွာ) တွင် ယနေ့ နေ့လည်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အောက်မီးလက်ဝ ကျေးရွာသည် အိမ်ခြေ ၁၂၅ အိမ်၊ လူဦးရေ ၆၃၀ ကျော် နေထိုင်ပြီး ဒေသခံများမှာ တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများကြောင့် မတ် ၈ ရက်မှစ၍ ရွာလုံးကျွတ် ထွက်ပြေးလာပြီး အိမ်များသာ ကျန်ရစ်ခဲ့သည့် ရွာဖြစ်သည်။
ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်အောင်က “အခုချိန်မှာ မီးလောင်တာ ၂ မျိုး ဖြစ်နိုင်ပါတယ်။ တောင်ယာမီးရှို့တာကြောင့် မီးကူးတာ၊ တဦးတယောက် အဖွဲ့အစည်းတခုခုက ရှို့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီအနားမှာ တောင်ယာလည်း မရှိတော့ တောင်ယာကြောင့် လောင်တာ မဖြစ်နိုင်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ရွာမီးလောင်ရသည့် ဖြစ်စဉ်ကို တပ်နှင့် AA က ၎င်းတို့မလုပ်ကြောင်း ပြောကြကာ အပြန်အလှန် စွပ်စွဲပြောဆိုနေကြသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အောက်မီးလက်ဝကျေးရွာကို မီးရှို့သည်မှာ AA တပ်ဖွဲ့ဝင်များ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “တပ်မတော်က မီးရှို့စရာအကြောင်း မရှိပါဘူး” ဟု လည်း ရှင်းပြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲကာလအတွင်း AA က အရပ်သားများ နေထိုင်သည့် ရွာများကို မီးရှို့ကြောင်း၊ ရွာများကို မီးရှို့ဖျက်ဆီးကာ တပ်မတော်က မီးရှို့သည်ဟု သတင်းဖြန့်သည်မှာ AA ၏ တိုက်ကွက်ဟောင်းတခုသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောပြသည်။
AA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ ၎င်းလူမှုကွန်ရက်စာမျက်နှာတွင် “ဒီနေ့ ၂၀၂၀ မေလ ၂၆ ရက် နေ့လည် ၂ နာရီကျော်မှာ ပလက်ဝမြို့နယ် မီးလက်ဝအောက်ရွာကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့။ မီးသတ်ဖို့သွားတဲ့ဒေသခံ ရွာသားတွေကို မြန်မာစစ်တပ်က လက်နက်ငယ်များဖြင့် ပစ်ခတ်မောင်းထုတ်တဲ့အတွက် ပြန်ပြေးလာရတယ်လို့ ရွာသားတွေဆီကတဆင့်သိရ” ဟု ရေးသားထားသည်။
ပလက်ဝမြို့ဘက်မှ ဒေသခံများကလည်း ယနေ့ မီးလောင်မှုဖြစ်ခဲ့ရသည့် အောက်မီးလက်ဝကို မီးငြိမ်းရန် လှေဖြင့်သွားရာ တဖက်ကမ်းမှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခံရသဖြင့် ပြန်လှည့်လာရသည်ဟု ဧရာဝတီသို့ ပြောကြသည်။
စစ်ဘေးရှောင်ဒုက္ခသည်ဖြစ်နေသည့် ဘာသာရေးဆရာ ဦးကံလွတ်က “ကျနော်တို့ ဘာမှ မပြောနိုင်ဘူး ကျနော်တို့ပစ္စည်းတွေ အကုန်ဆုံးရှုံးကုန်ပြီ။ ရှိအိမ်လေးတွေ အကုန်မီးလောင်ကုန်ပြီ ။ ကျနော်တို့ ထားခဲ့တဲ့ ပစ္စည်းတွေ ဝယ်ထားတာတွေ စုထားတာတွေ အကုန်ပြာကျသွားပြီဆိုတော့ ကျနော်တို့ ဝမ်းနည်းတယ် “ ဟု ပြောသည်။
ဦးကံလွတ်က ၎င်း၏ အိမ်လည်း မီးလောင်သည့်ထဲ ပါသွားပြီဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကျနော်တို့ လုံးဝမကျေနပ်စရာပါ။ ကိုယ့်အိမ်ဒီလောက်မီးလောင်နေတာကို အတတ်နိုင်ဆုံး မီးငြိမ်းချင်တယ်။ သေနတ်နဲ့လှမ်းပစ်တာတော့ လုံးဝမခံစားနိုင်ဘူး” ဟု ဆိုသည်။
အောက်မီးလက်ဝ ကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ လက်ရှိတွင် ပလက်ဝမြို့တွင်း၌ ခိုလှုံနေပြီး ဒုက္ခသည်ဦးရေ ၆၀ ကျော်မှာလည်း ရန်ကုန်မြို့တွင် လာရောက်ခိုလှုံနေကြသည် ။
ဧရာဝတီမှ ပလက်ဝမှ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ရန်ကုန်မြို့ရောက် အောက်မီးလက်ဝကျေးရွာဒေသခံ စစ်ဘေးရှောင်ဒုက္ခသည်များကို မေးမြန်းရာ ၎င်းတို့ရွာမှ ထွက်ပြေးလာပြီးနောက်တွင် ကျေးရွာတွင်း တပ်မတော် တပ်ဖွဲ့ဝင်များ ဝင်ရောက်သွားလာခြင်းများရှိသည်ကို တွေ့ရသည်ဟု ပြောသည်။
ရန်ကုန်မြို့တွင် စစ်ဘေးရှောင်နေသည့် စစ်ဘေးရှောင်ဒုက္ခသည် ဒေါပြီတင်းကလည်း “ကျမအိမ်က ရွာရဲ့ခန်းမဆောင်နားမှာ ကျမအိမ်လည်း မီးလောင်သွားပြီလို့ ပလက်ဝက အမျိုးတွေပြောတယ်” ဟုပြောသည်။
မီးလောင်နေသည့် အောက်မီးလက်ဝကျေးရွာ၏ ထိပ်တွင် စစ်သားများ ရှိနေသည်ကို တွေ့ရသည်ဟုလည်းဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့် ပလက်ဝမြို့မှ စစ်ဘေးရှောင်ဒုက္ခသည်အချို့က ပြောသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာနှင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီအတွင်းကလည်း အောက်မီးလက်ဝ ကျေးရွာတွင်းသို့လက်နက်ကြီးကျည်များ ၃ ကြိမ်ကျထားသည့် ရွာဖြစ်သည်။
အောက်မီးလက်ဝကျေးရွာသည် ပလက်ဝမြို့၏ မျက်နှာချင်းဆိုင် ကုလားတန်မြစ်တဖက်ကမ်းတွင် တည်ရှိပြီးကျေးရွာအနီးတွင် အိန္ဒိယ၏ ကုလားတန်စီမံကိန်းအတွက် တည်ဆောက်ထားသည့် ဆိပ်ကမ်းတခုလည်း ရှိသည် ။
ထိုဆိပ်ကမ်းအနီးတွင် တပ်မတော်၏ ခြေလျင်တပ်ရင်း ခလရ ၂၈၉ တပ်စခန်း အခြေစိုက်သည်။
You may also like these stories:
ဆမီးစစ်ဘေးရှောင် စခန်းများ အကူအညီလိုအပ်နေ
စစ်ရှောင်များအနေဖြင့် ဆောက်ပေးထားသည့် စခန်းများ၌သာ နေကြရန် ပြည်နယ်အစိုးရပြော
AA အဖွဲ့ ဖမ်းဆီးခြင်းခံရသည့် အရပ်သား ၄ ဦး ပြန်လွတ်