ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၃ ဦးမှာ မိသားစုနှင့် အဆက် အသွယ် ပြတ်တောက်နေကြောင်း သတင်းရရှိသည်။
အဆိုပါ ပုဂ္ဂိုလ် ၃ ဦးမှာ တောင်ကုတ် စည်ပင် ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ ရခိုင်အမျိုးသား ပါတီမှ မြို့နယ် အလုပ်အမှု ဆောင် ကော်မတီဝင် ဦးဝေသောင်းနှင့် မြို့နယ်စည်ပင် ကော်မတီ ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေတို့ဖြစ်သည်။
၎င်းတို့ကို တောင်ကုတ်မြို့နယ် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ဖြင့် မေလ ၁၁ ရက်မှ မေ လ ၂၅ ရက်ထိ ချုပ်ရမန် ၂ ပတ်ယူခဲ့၍ စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ စစ်ဆေးခဲ့ပြီး မေလ ၂၅ ရက်တွင် ချုပ်ရမန်ကာလပြည့်သော်လည်း ၎င်းတို့ ၃ ဦးအပေါ် မည်သို့ ဆက်လက် ဆောင်ရွက်ထားသည်ကို လက်ရှိအချိန်အထိ မိသာစုဝင်များ သိခွင့်မရဘဲ အဆက် သတင်း အဆက်အသွယ် ပြတ်နေခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံ ကိုဇေယျကျော်၏ ညီကိုလူလေးက ပြောသည်။
ကိုလူလေးက “သူတို့ကို တောင်ကုတ်က ခေါ်သွားပြီးကတည်းက မိသားစုနဲ့ အဆက်အသွယ် လုံးဝကို မရဘူး။ ဘယ်မှာ ရှိလဲ ဆိုတာလည်း သူတို့( ရဲတပ်ဖွဲ့)က သေချာလည်း မပြောဘူး။ ၂၅ ရက်နေ့က ရမန်ပြည့်တယ်။ တရားရုံးမှာလည်း ရုံးထုတ် လာတာ မရှိဘူး။ အခုလည်း ဘယ်ရောက်နေလဲ၊ ဘာတွေ လုပ်ထားလဲ ဆိုတာလည်း သေချာ မသိရဘူး။ ဟိုမှာ လိုလို၊ ဒီမှာ လိုလိုနဲ့ ဒီနေ့ချိန်ထိ မိသားစုကို တခွန်းတလေမှ မပြောဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ချုပ်ရမန်ကာလ ပြည့်သွားပြီ ဖြစ်သဖြင့် တောင်ကုတ်မြို့ နယ် တရားရုံသို့ မေလ ၂၅ ရက်နေ့တွင် မိသားစုဝင်များက သွားရောက် စောင့်ဆိုင်းခဲ့ကြောင်း သို့သော်လည်း ဖမ်းဆီးခံထားရသူ ၃ ဦးကို တရားရုံးသို့ ခေါ်ဆောင်လာသည်ကို မတွေ့ရကြောင်း ၎င်းတို့ အရေးအား ကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောသည်။
ရှေ့နေ ဒေါ်သင်္ဂီမောင်က “ရမန်ကာလ ပြည့်သွားပြီ ဖြစ်တဲ့ အတွက် မိသားစုဝင်တွေက တောင်ကုတ်မြို့နယ် တရား ရုံးကို သွားပြီးတော့ စောင့်နေတာပေါ့။ အဲဒီလို စောင့်နေတုန်း အမှုစစ်ရဲ အရာရှိကနေပြီးတော့ တောင်ကုတ်မြို့နယ် တရား ရုံးကို စာတစောင် တင်တယ်။ အဲဒီစာက ဘာလဲဆိုတော့ အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၀ (က) အရ ချုပ်ရမန် ယူထားပေ မယ့်လည်း စွပ်စွဲခံရသူ ၃ ဦးတွင် လုံလောက်တဲ့ သက်သေ အထောက်အထား မရှိတဲ့အတွက် ကိုယ်ပိုင် ခံဝန်နဲ့ ပြန်လွှတ် လိုက်ပါတယ်ဆိုပြီး စာတင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ “အဲဒီလို စာတင်ပေမယ့် အဖမ်းခံရသူတွေ မြို့နယ် တရားရုံးမှာ ရုံးထုတ်တာ မရှိလို့ မိသားစုဝင်တွေက တောင်ကုတ်မြို့မ ရဲစခန်းကို သွားပြီး စုံစမ်းတယ်။ စုံစမ်းတဲ့အခါမှာ ရဲက အဲဒီပုံစံမျိုး လွှတ်တယ် ဆိုတာတော့ သူတို့လည်း သိတယ်။ ကြားတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူတို့ ဘယ်နေရာကို ရောက်နေတယ်။ ဘာကြောင့် ပြန်မလာသေးတာ လဲ ဆိုတာတော့ သူတို့ အနေနဲ့ ပြောပိုင်ခွင့် မရှိဘူး။ ပြောလို့လည်း မရဘူး ဆိုပြီး ပြန်လွှတ်လိုက်တယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုသို့ မိသားစုဝင်များ စိုးရိမ်ပူပန်မှု ဖြစ်ပွားနေချိန် မေလ ၂၅ ရကနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခံ မြို့နယ် စည်ပင် ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံအားလည်း ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးစရာ ရှိသည်ဟု ဆိုကာ လာရောက် ခေါ်ဆောင်သွားခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ဈ) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံလိုက် ရကြောင်း မိသားစုဝင်များက ပြောသည်။
ယင်းနောက် ကိုစည်သူကျော်ဇံ ကို ရဲတပ်ဖွဲ့က တောင်ကုတ်မြို့နယ် တရားရုံး၌် လာမည့် ဇွန်လ ၄ ရက်အထိ ချုပ်ရမန် ယူ ကာ စစ်ဆေးမှုများ လုပ်နေကြောင်းလည်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင်ကတော့ ၎င်းတို့အား ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ပြောသည်။
ရဲမှူး သန်းနိုင်က “သူတို့ကို ကျနော်တို့ ဥပဒေနဲ့အညီပဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။ နောက်ထပ် အမှုတခုနဲ့ အမှုဖွင့်ပြီးတော့ စုံစမ်း စစ်ဆေးနေတာပါ။ နောက်ထပ် အမှုက ဘယ်အမှုဆိုတာတော့ ပြောလို့မရဘူး။ မနေ့က စခန်းမှာ မိသားစုဝင်တွေကိုလည်း ကျနော်တို့ ရှင်းပြလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ယင်းပြင် မြို့နယ်စည်ပင် ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံအားလည်း ၎င်းတို့၏ ထွက်ချက် များအရ အမှုဖွင့် စစ်ဆေးရခြင်းသာ ဖြစ်ကြောင်း ရဲမှူး သန်းနိုင်က ဆက်လက် ပြောကြားသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အဆိုပါ ဖမ်းဆီး စစ်ဆေး ခံနေရသူများတွင် ဦးဇေယျကျော်မှာ မေလ ၉ ရက်က လည်းကောင်း ၊ မေလ ၁၀ ရက်တွင် ဦးစန်းငွေအား လည်းကောင်း၊ မေလ ၁၁ ရက်တွင် ဦးဝေသောင်းအား လည်းကောင်း စုံးစမ်း မေးမြန်းစရာများ ရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့က နေအိမ်သို့ လာရောက် ခေါ်ဆောင်သွားကာ အမှုဖွင့်ခံလိုက်ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိအချိန်တွင် တောင်ကုတ်မြို့နယ်အတွင်း၌ နိုင်ငံရေး ပါတီများကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့်အတွက် မြို့လုံခြုံရေးကို တင်းကြပ်ထားကြောင်းလည်း ဒေသခံများထံက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တောင်ကုတ်တွင် မြို့ခံ ၃ ဦး အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ