အပူရှိန်မြင့်၍ သန္တာကျောက်တန်းများ ပေါ်ထွက်လာရာ ၎င်းတို့၏ ဂေဟစနစ်ပျက်စီးပါက ရေလုပ်ငန်းကို ထိခိုက်နိုင်ကြောင်း မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံ ဌာန အငြိမ်းစား ပါမောက္ခ ဒေါ်နန်းမြဟန် က ဧရာဝတီသို့ ပြောသည်။
မကြာသေးမီက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာ အနီးတွင် ၂ဧက ခန့်ရှိသည့် သန္တာကျောက်တန်း တခု ပေါ်ထွက်ခဲ့ရာ လူပေါင်းထောင်ချီ သွားရောက်ကြည့်ရှု့ကြပြီး လှပသည့် သန္တာကျောက် များကို ချိုးဖဲ့ ယူဆောင်သွားကြ ကြောင်း သိရသည်။
မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံ ဌာန အငြိမ်းစား ပါမောက္ခ ဒေါ်နန်းမြဟန် က“ရာသီဥတု ပုံမှန် အချိန်တွေမှာ ရေဖုံးလွှမ်းနေတဲ့ သန္တာကျောက်တန်းတွေဟာ ရေခမ်းချိန်မှာ တော့ ပေါ်လာတာ ဖြစ်တယ်။ ဒီဖြစ်စဉ်က ရေငတ်ဒဏ် မခံနိုင်တဲ့ သန္တာမျိုးစိတ်တွေကို သေစေနိုင်သလို သန္တာမျိုးစိတ်တွေ အကြောင်း ကောင်းစွာ နားမလည်တဲ့ လူသားတွေရဲ့ ပရောဂ အမျိုးမျိုးကြောင့်လည်း သန္တာကျောက်တန်းတွေရဲ့ ဂေဟ စနစ်ကို ထိခိုက်စေနိုင် ပါတယ်” ဟု ဆိုသည်။
သန္တာကျောက်တန်းများမှာ ကျောက်သားသက်သက်မဟုတ်ဘဲ ရွေ့လျားနိုင်ကာ အစာချက်လုပ် နိုင်သည့် သက်ရှိ အပင်ဖြစ် ၍ အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်ထက် ပိုမိုရှည်ကြာစွာ တည်ရှိပါက သေဆုံးနိုင်ကြောင်း ၎င်းကဆိုသည်။
ရောင်စုံရှိသည့် သန္တာကျောက်တန်းများသည် သေဆုံးပါက အရောင်များကျွတ်ကာ အဖြူရောင်အဖြစ် ကျန်ရစ်ခဲ့သလို ၎င်း တို့အနီးတွင် တွယ်ကပ် ကျက်စားနေသည့် ငါး၊ ပုဇွန်၊ဂဏန်းစသည့် ရေနေသတ္တဝါများ မျိုးသုဉ်း သွားနိုင်သည့်အတွက် ရေလုပ်ငန်းကို ထိခိုက်လာနိုင်ခြင်း ဖြစ်သည်ဟု ဒေါ်နန်းမြဟန်က ဆက်ပြောသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာမှ ကိုငြိမ်းချမ်းဇာနည်က“ပျက်စီးမှုကတော့ တနေ့ထက်တနေ့ ဆိုးလာတယ်။ လူသွားလို့ ရတဲ့ နေရာတွေက တော်တော်လေး ပျက်စီးနေပြီ။ ဒီကျောက်တွေကြားမှာ ငါးတို့၊ ကျောက်ပုဇွန် တို့စတဲ့ ရေ သတ္တဝါတွေ နေတာဆိုတော့ ဒါတွေ မရှိရင် ကျနော်တို့လည်း ရှာဖွေစားသောက်ဖို့ ခက်မှာပေါ့။ ကျနော်တို့ ဆီက ငါးပုဇွန်က တခြားက ငါးတွေနဲ့ မတူဘူး။ အရသာလည်း ပိုကောင်းတယ်။ ဈေးလည်း ပိုရတယ်”ဟု ပြောသည်။
မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၀ အရ မည်သူမျှလိုင်စင်မရှိပဲ ပင်လယ်ထွက်ပစ္စည်းများကို ရှာဖွေခြင်း စုဆောင်းခြင်း မပြုရဟု ပြဌာန်းထားသည်။
ပင်လယ်ထွက်ပစ္စည်းဆိုသည်မှာ ပင်လယ်ပြင်မှ ရရှိသော ငါး၊ သက်ရှိရေသတ္တဝါများ၊ ယင်းတို့၏ စွန့်ပစ်ပစ္စည်း များ အခွံများ၊အရိုးများ၊ အရေခွံများ၊ အပင်များ သက်မဲ့ပစ္စည်များကို ဆိုသည်။
ပင်လယ်လိပ်ဥ၊ မိချောင်းဥ၊ ဂဏန်း၊ ငါးကြီးအန်ဖတ်၊ ကမာခွံ၊ ပင်လယ်ခရုခွံ၊ ယောက်သွား၊ သန္တာကျောက်ခက်၊ ရေညှိ၊ ရေမှော်စသည့်လည်း ပါဝင်သည်။
မည်သူမဆို မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၃၃၊ ၃၄၊ ၄၀ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူအား ထောင်ဒဏ် ၁၀နှစ် ဖြစ်စေ၊ငွေဒဏ် ၃သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
ကော့သောင်းခရိုင် ငါးဦးစီးဌာန ဦးစီးမှူး ဦးသန့်စင်က “ပင်လယ်ရေထွက်ပစ္စည်းတွေ ရှားပါး သန္တာကျောက်ခက်တွေ၊ ကျောက်တွေကိုတော့ စီးပွားဖြစ် ရောင်းဝယ်တာတွေ့ရင် အရေးယူတယ်။ သန္တာကျောက်ခက်တွေ အတွက် ဥပဒေက သပ်သပ် မပါဘူး။ ငါးဖမ်းခြင်းလုပ်ငန်းထဲမှာ ပါတာ။ သန္တာကျောက်တွေ အတွက်တော့ ပုဒ်မ ၄၀ နဲ့ အရေးယူပါတယ်”ဟု ပြောသည်။
အဏ္ဏဝါသိပ္ပံ သုတေသနအရ မြန်မာနိုင်ငံကမ်းရိုး တန်းတလျှောက်တွင် သန္တာမျိုး စိတ်ပေါင်း ၅၀၀ ကျော် ရှိပြီး ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် မြန်မာပြည်မှာသာမက ကမ္ဘာ့သန္တာကျောက်တန်းများ၏ ပျက်စီးမှုမှာ တနှစ်ထက် တနှစ် ဆိုးလာ သည်ဟု ဒေါ်နန်းမြဟန်ထံက သိရသည်။
သန္တာကျာက်တန်း ဂေဟစနစ်သည် ရေလုပ်ငန်းအတွက်သာမက ပင်လယ်ပြင် ခရီးသွားလုပ်ငန်း ဖြစ်သည့် Snorkeling နှင့် Scuba Diving ပြုလုပ်ခြင်း တို့အတွက်ပါ အသုံးဝင်သည့် ဂေဟစနစ်တခုလည်း ဖြစ်ကြောင်း၊ အဆိုပါ ဂေဟစနစ်တွင် ပါ ဝင်သည့် ဒီရေတောသည်လည်း ခရီးသွားလုပ်ငန်းအတွက် သာမက စိုက်ပျိုးရေးလုပ်ငန်းအတွက်ပါ အသုံးချ၍ ရနိုင် ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
အကယ်၍ ထိုဂေဟစနစ်သာ ပျက်စီးခဲ့ပါက ကမ်းခြေဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းတခုဖြစ်သည့် ရေလုပ်ငန်းနှင့် ဖွံ့ဖြိုး ရန် အားယူနေသည့် ပင်လယ်ပြင် ခရီးသွားလုပ်ငန်း၏ အစိတ်အပိုင်း တချို့ကို ထိခိုက်မှုကြီးစွာ ဖြစ်ပေါ်စေမည် ဖြစ် ကြောင်း ဒေါ်နန်းမြဟန်က ရှင်းပြသည်။
သန္တာကျောက်တန်း ပျက်စီးမှုနှင့် ပတ်သက်ပြီး ကော့သောင်းတွင် ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ ကိုလွှမ်းမိုးက “နေ့ခြင်း ပြန် သန္တာကျောက်တန်း သွားကြည့်တဲ့ ခရီးစဉ်တွေကြောင့်လည်း ပျက်စီးနိုင်တယ်။ နင်းမိတာတို့၊ ချိုးသွားတာတို့၊ အမှိုက် ပစ်တာတို့ကြောင့် ပျက်စီးတာပေါ့။ နောက် တကယ် အရေးကြီးတာက မိုင်းခွဲပြီး ငါးဖမ်းတာ။ အဲဒါက သန္တာကျောက်တန်း ပေါ်မှာ လုပ်ရတယ်။ အဲဒီ ၂ ခု ယှဉ်လိုက်မယ် ဆိုရင် မိုင်းခွဲတာကြောင့် ပျက်စီးတာ ပိုများပါတယ်” ဟု ပြောသည်။
ဖွံ့ဖြိုးသော သန္တာကျောက်တန်း တခုဖြစ်လာရန် ၁၅ နှစ်ခန့် အချိန်ကြာမြင့်ပြီး သန္တာကျောက်တန်းများ(Coral)ကို ရခိုင် ကမ်းမြောင်ဒေသနှင့် တနင်္သာရီ ကမ်းရိုးတန်းတို့နှင့် ကမ်းလွန်ပင်လယ်ပြင် ကျွန်းအများစုအနီးတွင် တွေ့နိုင်သည်။
ပင်လယ် ငါးဖမ်းလုပ်ငန်းတွင် သန္တာကျောက်တန်း ဂေဟစနစ်ဖြစ်သည့် သန္တာကျောက်တန်း၊ ဒီရေတောနှင့် ပင်လယ်မြက် တို့ တည်ရှိနေမှုအပေါ်တွင် များစွာ မှီခိုလျက် ရှိသည်။
မြန်မာနိုင်ငံ၏ ရေထွက်ကုန် ပစ္စည်းများမှ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်၊ သန်း ၅၀၀ နီးပါး ဝင်ငွေ ရရှိနေ ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မြေငလျင်များ ဆက်တိုက် လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့
ရှားပါးမျိုးစိတ်များရှိရာ အီမောဘွန်းဒေသကို အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်