အစိုးရက ရေးဆွဲထားသည့် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် COVID-19 Economic Relief Plan (CERP) နှင့်ပတ်သက်ပြီး အသေးစိတ် လုပ်ဆောင်ချက်များကို ရှင်းရှင်းလင်းလင်း မသိရသေးသည့်အတွက် လွှတ်တော်သို့ ရှင်းလင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များက မနေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် တောင်းဆိုသည်။
COVID-19 ကြောင့် လူမှုစီးပွားရေး ထိခိုက်မှုများကို ကုစားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး မူဝါဒ၊ ပြုပြင် ပြောင်းလဲမှု တိုးတက်ရေးအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန် ယန်း ၃၀ ဘီ လီယံ ချေးယူခြင်းနှင့်ပတ်သက်ပြီး မေလ ၂၆ ရက်နေ့က လွှတ်တော်တွင် ဆွေးနွေးစဉ် အထက်ပါအတိုင်း တင်ပြ တောင်း ဆိုခဲ့ကြခြင်း ဖြစ်သည်။
အစိုးရက ထုတ်ပြန်ခဲ့သည့် CERP ၏ ပန်းတိုင် ၇ ခုတွင် အသေးစားစီပွားရေးလုပ်ငန်း များကို တိုးတက်စေခြင်း၊ ရင်း နှီး မြုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများအား တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုများကို ဖြေလျော့ပေးခြင်း၊ အလုပ်သမားများအပေါ် သက်ရောက်မှုကို လျော့ပါးစေခြင်း၊ အိမ်ထောင်စုများ အပေါ် သက်ရောက်မှုများကို လျော့ပါးစေခြင်း စသည့် အချက်များ ပါဝင်သည်။
ထို့ပြင် တီထွင်ဆန်းသစ်သည့် ထုတ်ကုန်များ ထုတ်ရန် အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များကို အားကောင်းလာစေခြင်း၊ COVID-19 ကြောင့် ထိခိုက်မှု ရှိနေသည့် လုပ်ငန်းများကို ငွေကြေးပံ့ပိုးမှုတိုးမြှင့်ပေးရေး စသည့် ပန်းတိုင်များ ပါဝင်ပြီး မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်း အစီအစဉ် ၃၆ ခု ပါဝင်ကြောင်း သိရသည်။
အဆိုပါ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် CERP အတွက် ငွေချေးယူမှုများရှိနေသော်လည်း ယင်းစီမံချက်ကို လွှတ်တော်သို့ တင်ပြထားခြင်း မရှိသည့်အတွက် ဦးစားပေး ဆောင်ရွက်မည့် ကဏ္ဍများ၊ ကဏ္ဍအလိုက် ငွေသုံးစွဲမည့် အစီအမံများကို ရှင်းရှင်းလင်းလင်း မသိရကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“CERP နဲ့ ပတ်သက်တဲ့ အားနည်းချက်တွေက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် ဘယ်ကဏ္ဍတွေမှာ ဘယ်လောက် သက်ရောက်မှု ဖြစ်သလဲဆိုတဲ့ Assessment ကျနော်တို့ မသိပါဘူး။ ဒီအတွက် ဘယ်ကဏ္ဍတွေမှာ ဘယ်လောက်သုံးမယ်ဆိုတာ မသိရပါဘူး။ နောက်ဘယ်ကဏ္ဍတွေကို ဦးစားပေးပြီးသွားမလဲဆိုတဲ့ Productive လား၊ Agriculture လား၊ CMP လား၊ ထုတ်လုပ်မှုလား ဆိုတာလည်း ကျနော်တို့ သဲသဲကွဲကွဲ မသိရပါဘူး” ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး(ခ) သန်းစိုး(ဘောဂဗေဒ)က လွှတ်တော်တွင် ပြောသည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးမင်းဇာနည်ထွေးကလည်း“ယခုချေးငွေကို CERP ရဲ့ ဘယ်ပန်းတိုင်မှာ ဘယ် လောက် သုံးစွဲမယ်။ ရေတို Action Plan အတွက် ဘယ်လိုသုံးမယ်။ ချေးငွေရဲ့ ရာခိုင်နှုန်း ဘယ်လောက်သုံးမယ်။ ရေရှည် Action Plan အတွက် ဘယ်လိုသုံးမယ်၊ ရာခိုင်နှုန်း ဘယ်လောက်သုံးမယ်ဆိုတာကို ရှင်းလင်းမှု မရှိတဲ့အတွက် ခွဲခွဲ ခြားခြား ဖော်ပြရန် အကြံပြုလိုပါတယ်”ဟု ပြောသည်။
CERP နှင့် အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်တို့ ဆက်စပ်နေမှုရှိ၊ မရှိမှာလည်း မကွဲပြား၍ ရှင်းလင်းပေးရန်လည်း လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုသည်။
“ဒီဂျပန်ယန်း ဘီလီယံ ၃၀ က အစီရင်ခံစာအရဆိုရင် CERP ရဲ့ ဘဏ္ဍာရေး အရင်းအမြစ်ကို ဖြည့်ဆည်းဖို့အတွက်၊ လိုအပ် တဲ့ ဘဏ္ဍာရေးဖြည့်ဆည်းမှုအတွက် ချေးယူသုံးစွဲသွားမှာလို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ CERP ဟာ COVID-19 ကြောင့် ဖြစ်တဲ့ Physical Policy Package သီးသန့်လား၊ ဒါမှမဟုတ်ရင် ၂၀၁၉ -၂၀ ဘဏ္ဍာရေးနှစ်မှာ ရှိတဲ့အစိုးရရဲ့ အသုံးစရိတ်နဲ့ ချိတ်ထားသလားဆိုတာ ရှင်းလင်းပေးဖို့ လိုပါလိမ့်မယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြောသည်။
အလုပ်အကိုင်နဲ့ လူမှုရေးဆိုင်ရာ အကျိုးဆက်များအတွက် စီးပွားရေး မူဝါဒတွေ ချမှတ်ရာတွင် ယုံကြည် စိတ်ချရပြီး မြန် ဆန်သည့် ဆန်းစစ်မှုများအပေါ် အခြေခံရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ဆန်းစစ်အကဲဖြတ်သည့် လုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိသည့်အတွက် မှန်ကန်သည့် သတင်းအချက်အလက် ကောက်ယူမှုများ လို အပ်ကြောင်း ပဲခူးတိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
“ကျမတို့ မြန်မာနိုင်ငံမှာဆိုရင် အထူးသဖြင့် သတင်းအချက်အလက်ကောက်ယူမှုမှာ တိကျမှုမှာ အားနည်းတဲ့အတွက် ဒီလို မျိုး မူဝါဒတွေ ချမှတ်တဲ့အခါ မှန်ကန်တိကျတဲ့ သတင်းအချက်အလက် ကောက်ယူရေး ဦးစားပေးရမှာ ဖြစ်ပါတယ်”ဟု ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
ထို့ပြင် CERP တွင် ရလဒ်နှင့် ပတ်သက်သည့် ညွှန်းကိန်းများသာ တွေ့ရပြီး ရေရှည်အကျိုးသက်ရောက်မှု ညွှန်းကိန်းကို မတွေ့ရသည့်အတွက် သတ်မှတ်ပေးရန်လည်း အကြံပြုကြသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က CERP အနေဖြင့် အခြားပြည်ပချေးငွေ ကန်ဒေါ်လာ ၈၀၀ သန်းနီးပါးခန့်ရှိပြီး ယခုချေးငွေ ဂျပန်ယန်းဘီလီယံ ၃၀ သည် ကန်ဒေါ်လာဖြင့် ၂၈၀ သန်းခန့်ဖြစ်၍ စုစုပေါင်း ကန်ဒေါ်လာ သန်း ၁ ထောင်ကျော်ဖြစ်ကြောင်း၊ ယင်းငွေများကို ကာလတို အစီအမံများထက် ကာလရှည် အစီအမံ များဖြင့် ဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။
“ပြည်ထောင်စုရန်ပုံငွေက ဖြစ်စေ၊ ပြည်ပချေးငွေက ဖြစ်စေ၊ CERP အစီအစဉ်က ဆောင်ရွက်တဲ့အခါ Short Term Plan အရသာ ရိက္ခာထောက်ပံ့မှုတွေ၊ ငွေကြေးထောက်ပံ့မှုတွေမှာသာ အများအပြားသုံးစွဲ မပစ်ဖို့ ထောက်ပြလိုပါတယ်။ ငွေသားထောက်ပံ့မှုဟာ ပြည်တွင်းသုံးငွေနဲ့ ထောက်ပံ့ရတာဖြစ်လို့ ငွေကြေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုကို အနည်းနဲ့အများဖြစ်စေနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် အထူးဂရုပြုရန်လည်း လိုအပ်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးဇော်ဝင်းနိုင်က ဆိုသည်။
COVID-19 ကာလတွင် ရငွေထက် သုံးငွေများလာမည့်အခြေအနေများရှိလာမည်ဖြစ်ပြီး ငွေလဲနှုန်းကိုလည်း တဖက်မှ ထိန်းထားရန်လိုမည်ဖြစ်ကြောင်း၊ အရန်ငွေပမာဏ ရုတ်ချည်းမလျော့အောင် တဘက်က ထိန်းသိမ်းရမည့်ကိစ္စများကို ရှိ၍ ယင်းတို့ကို ညှိနှိုင်းလုပ်ဆောင်ပြီးမှ CERP က မည့်သည့်ကဏ္ဍတွင် မည်မျှသုံးမည်ကို ဆုံးဖြတ်နိုင်မည်ဟု ယူဆကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောသည်။
လက်ရှိ အစိုးရလက်ထက်တွင် COVID-19 မတိုင်မီ ပြည်ပချေးငွေကို သတိထားခဲ့ပြီး COVID-19 ကာလတွင်မှ တ ရုတ် ချေးငွေထက် အတိုးနှုန်းသက်သာသည့် JICA ၊ IMF ၊ ကမ္ဘာဘဏ် စသည့်အဖွဲ့အစည်းတို့မှ ငွေချေးယူခြင်းဖြစ်ပြီး ထိထိရောက်ရောက်သုံးစွဲနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာ အောင်ကိုကိုက ပြောသည်။။
CERP တွင် ငွေကြေးပံ့ပိုးပေးခြင်း၊ အတိုးနှုန်းလျော့ချပေးခြင်း၊ အခွန်အခများ ရွေ့ဆိုင်း ပယ်ဖျက်ပေးခြင်း၊ ပုဂ္ဂလိက လုပ် ငန်းများကို ထောက်ပံ့ပေးခြင်း၊ တောင်သူလယ်သမားများကို ထောက်ပံ့ပေးခြင်း၊ ဘဏ်လုပ်ငန်း အခက်အခဲများကို သက်သာစေခြင်း၊ ရင်းနှီးမြုပ်နှံမှုမြင့်တင်ခြင်း၊ အစိုးရပုဂ္ဂလိက စီမံကိန်းများဆောင်ရွက်ခြင်းများ ပါဝင်သည်။
နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ ဖော်ဆောင်ခြင်း၊ အိမ်ထောင်စုများကို သက် သာစေခြင်း၊ အီလက်ထရောနစ် စီးပွားဆက်သွယ်မှုလုပ်ငန်းများ တိုးတက်စေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုမြှင့်တင်ခြင်း၊ COVID-19 ရန်ပုံငွေနှင့် အရေးပေါ်ရန်ပုံငွေ တိုးမြှင့်ရရှိရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းအစီအစဉ်များ၊ ညွှန်းကိန်းများနှင့် စောင့်ကြပ်ကြည့်ရှုမည့် လုပ်ငန်းစဉ်များ ပါဝင်သည်။
ယင်းအစီအစဉ်များကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့က ဆောင်ရွက်မည် ဖြစ်သည်။
အဆိုပါ CERP စီမံချက်သည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးမှုမရှိဘဲ ရောဂါ ကူးစက်မှုကို လျော့နည်းအောင် ဆောင်ရွက်ရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ ယင်းစီမံချက်ကို ပုံသေမထားဘဲ အခြေအနေ အချိန်အခါနှင့် လိုက်အောင် လိုအပ်သလို ပြင်ဆင်သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
You may also like these stories:
ရန်ကုန်မြို့သစ်စီမံကိန်း ရှေ့ဆက်မည်ဟု NYDC CEO ပြော
အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေပြီး အလုပ်လက်မဲ့ သန်း ၁၂၀ အထိရှိ