သတင်း

ICJ အရေး ဘဏ္ဍာငွေသုံးစွဲခြင်းအပေါ် တပ်ကိုယ်စားလှယ်ဝေဖန်မှု အစိုးရ ပြန်ရှင်း

Want create site? Find Free WordPress Themes and plugins.

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ရင်ဆိုင် ဖြေရှင်းနိုင်ရေး ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံထားမှုသည် ဥပဒေ လုပ် ထုံးလုပ်နည်းနှင့်အညီ တောင်းခံခြင်းသာဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းထုတ်မှုကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည် ဖြေရှင်း သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း မူနှင့်အခြေခံ သဘော အပါအဝင် ရငွေသုံးငွေများနှင့် ပတ်သက်၍ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင် က မေလ၂၂ ရက် ပြည်ထောင်စု လွှတ်တော်၌ ဝေဖန် ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲမှုကို ရင်ဆိုင်ဖြေရှင်းရေးအတွက် ကုန်ကျစရိတ် ကျပ် သန်း ၆၈၀ ကို ဖြည့်စွက် တောင်းခံရခြင်းသည် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ညီရဲ့လားဟု မေးခွန်းထုတ်ခဲ့ခြင်း ဖြစ် သည်။

ယနေ့ လွှတ်တော်တွင် ICJ အသုံးစရိတ်များ အပါအဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဘဏ္ဍာငွေသုံးစွဲရေး ခွင့်ပြုရန် တင်ပြ ထားသည့် သာမန်သုံးငွေ စုစုပေါင်း ကျပ် ၄၃၇၇ ဒသမ ၂ သန်းကို ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက သုံးသပ်၍ ထိုငွေပမာဏထဲမှ ကျပ်သန်း ၆၂၆ ဒသမ ၇ သန်းကို လျှော့၍ ခွင့်ပြုရန် အဆိုပြုချက်ကို လွှတ် တော်က အတည်ပြုပေးခဲ့သည်။

ICJ သို့ သွားရောက် ဖြေရှင်းရာတွင် ကျွမ်းကျင်သည့် ပညာရှင်များ ငှားရမ်းခြင်း၊ ဥပေဒအကြံများ ခန့်အပ်ခြင်း၊ ကိုယ်စား လှယ်အဖွဲ့ဝင်များ ICJ သို့ စေလွှတ်ရန်နှင့် ပြည်တွင်းပြည်ပ ညှိနှိုင်းအစည်းအဝေးများ ကျင်းပရန် စသည့်တို့အတွက် ကုန် ကျစရိတ်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ အဆင့်ဆင့် တင်ပြခဲ့ပြီး မှသာ ဘဏ္ဍာငွေ သုံးစွဲရေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ ဝန်ကြီးဦးကျော်တင် ပြောသည်။

ဦးကျော်တင်က “ဒီကိစ္စဟာ ကျနော်တို့ နှစ်နဲ့ချီပြီး ရင်ဆိုင်သွားရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဒါကြောင့် ယခုတောင်းခံ ထားတဲ့ ဖြည့်စွက် အသုံးစရိတ်ဟာ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများနဲ့ အညီ တင်ပြတောင်းခံခြင်း ဖြစ်ပါ ကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူများ ငှားရမ်းပြီး ICJ တွင် သွားရောက် အမှုရင်ဆိုင်မည့်ကိစ္စကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလက နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို ရှင်းလင်း တင်ပြပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယခုကဲ့သို့ ဘဏ္ဍာငွေများ တောင်းခံရာတွင် မူဝါဒနှင့် အခြေခံသဘောအရ ဥပဒေဆိုင်ရာ သတ်မှတ် ပြဋ္ဌာန်းချက်များကို စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဝန်ကြီးဌာနက ရေးဆွဲသည့် ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီရန် လိုအပ်သလို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြေညာစာများ ညွှန်ကြားချက်များနှင့် လည်း ကိုက်ညီရန် လိုအပ်သည်ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က မေလ၂၂ ရက်က ကျင်း ပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ JCJ ရင်ဆိုင် ဖြေရှင်းရေးတွက် ကုန်ကျစရိတ် အပါအဝင် အခြားစရိတ်တချို့ တောင်းခံမှုနှင့် ပတ်သက်၍ ဗိုလ်မှူး နိုင်လင်းအောင်က “၎င်းဖြည့်စွက် တောင်းခံမှုတွေဟာ ဥပဒေနဲ့ညီရဲ့လား လုပ်ထုံးလုပ်နည်းနဲ့ ညီ အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု မေးခွန်းထုတ်ခဲ့သည်။

ယခုကိစ္စမှာ ICJ တွင် နိုင်ငံကို တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး နိုင်ငံအနေဖြင့် အမှန်တရားပေါ် အခြေခံကာ ရင်ဆိုင်ဖြေရှင်းနေခြင်း ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေသုံးစွဲခြင်း ကိစ္စရပ်များကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စား လှယ်များက လွှတ်တော်တွင် ပါဝင်ခွင့် ရနေ၍ ၎င်းတို့၏ အခွင့်ရေးအရ မေးမြန်းခွင့်ရနေခြင်း ဖြစ်ကြောင်း ကလောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။

ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဝင်လည်း ဖြစ်သူ ဒေါ်ပြုံးကေသီနိုင်က “ဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး စည်းမျဉ်းနဲ့အညီ သုံးစွဲတယ်ဆိုတာ တင့်တင့်တယ်တယ် ပြန်ပြီးတော့ ဖြေရှင်းနိုင်တဲ့ကိစ္စလည်း ဖြစ်တယ်။ ကိုယ့်နိုင်ငံကို တရားစွဲဆိုခံရတာ ဖြစ်ပြီးတော့ အဲဒီအတိုင်းကို နိုင်ငံတကာအဆင့်နဲ့ ရင်ဆိုင်ရတာဖြစ်တဲ့အတွက် သူ့မှာ လည်းပဲ လုံလောက်တဲ့ အသုံးစရိတ်ကတော့ ရှိရမှာပဲ။ ဒါကတော့ လက်ခံထားရမှာပဲ”ဟုပြောသည်။

ဘဏ္ဍာငွေ ကိစ္စရပ်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် တပ်မတော်သား မေးခွန်းမေးခဲ့သည်မှာလည်း မှန်ကန်သ လို ဝန်ကြီးဌာတွင်လည်း ရုတ်တရက် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအတွက် အခြားကဏ္ဍမှ ဘဏ္ဍာငွေများကို ရယူ သုံးစွဲ ထားရခြင်းကြောင့် ပြန်လည် ဖြည့်တင်းရန် လိုအပ်ကြောင်းနှင့် ယနေ့ လွှတ်တော်တွင် ရှင်းလင်းခဲ့မှုကြောင့် လုပ်ထုံးလုပ် နည်း အတိုင်း လုပ်ခြင်းဆိုသည်မှာ အဖြေထွက်ပြီ ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ မောင်သင်းက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)မှ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာ မောင်သင်းက “တပ်မတော်သား ကိုယ်စားလှယ် မေးတာက၊ သူ့ဘက်က မေးတာလည်း မှန်တယ်။ ဝန်ကြီးကလည်း တဆင့်ပြီး တဆင့် လုပ်သွားတယ် ဆိုတာကို ရှင်းပြသွားတယ်။ အဲဒီလို လုပ်ခဲ့တာ ဟုတ်ရဲ့လားလို့ သူက မေးတာ။ ဟုတ်တယ်ဆိုတော့ ဘာမှ ပြဿနာ မရှိတော့ဘူးလေ” ဟု ပြောသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာလုံခြုံရေးစခန်းများကို ARSA အဖွဲ့က ဦး ဆောင်၍ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် မွတ်စလင် ၇ သိန်း ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ဂျီနိုဆိုက် (လူမျိုးတုန်းသတ်ဖြတ်မှု) စွပ်စွဲချက်ကြောင့် အပြည်ပြည်ဆိုင်ရာ တ ရားရုံး (ICJ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့က မြန်မာနိုင်ငံ ကိုယ် စား သွားရောက် ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။

မြန်မာနှင့် ဂမ်ဘီယာ၏ နှစ်ဖက် လျှောက်လဲချက်များကို နားထောင်ပြီးနောက် ICJ က အချက် ၄ ချက် ပါဝင်သော ကြား ဖြတ်အမိန့် တခုကို ဇန်နဝါရီလ ၂၃ ရက်က ချမှတ်ခဲ့ရာ လေးလ အကြာ ယခုမေလ ၂၃ ရက်တွင် မြန်မာနိုင်ငံက အစီအ ရင်ခံစာ တခု တင်သွင်းခဲ့သည်။

ကြားဖြတ်အမိန့် အချက် ၄ ချက်တွင် မြန်မာနိုင်ငံက လက်မှတ် ရေးထိုးထားပြီး ဖြစ်သော လူမျိုးတုန်းသတ်ဖြတ်မှု တားဆီး ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည့် အပိုဒ်တချို့မှ အချက်အလက်များ အပါအဝင် သက်သေ အထောက်အထားများ မဖျက်ဆီးရန်နှင့် လေးလအတွင်း အစီအရင်ခံစာ တင်ရမည့် အချက်အလက်များ ပါဝင်သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် လူမျိုးတခုအပေါ် ဆက်လက် ကျူးလွန်မှုများ ဆက်မဖြစ်ပေါ်စေရန်နှင့် တပ်မတော်အပါအဝင် မည်သည့် လက်နက်ကိုင် အဖွဲ့ကမှ ဂျီနိုဆိုက်ကဲ့သို့သော လုပ်ရပ်မျိုး ဆက်လက် မကျူးလွန်စေရန် အစီအမံများ ဆောင် ရွက်ရန် အချက်များလည်း ပါဝင်သည်။

၂၀၁၇ ဖြစ်စဉ်တွင် မွတ်စလင် ၇ သိန်း ထွက်ပြေးခဲ့ရမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို အကြောင်းပြု ၍ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော်ကို အရေးယူရန် တိုက်တွန်းမှုများ ရှိနေပြီး နိုင်ငံ တချို့က တပ်မတော် ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ပိတ်ထားသလို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ဖြင့်လည်း အရေး ယူရန် ကြိုးပမ်းမှုများ ရှိနေသည်။

တပ်မတော် တာဝန်ရှိသူများကမူ ရခိုင်ပြည်နယ်တွင် ၂၀၁၂၊ ၂၀၁၅ နှင့်၂၀၁၇ တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခ များကို တပ်မတော်မှ စတင်ခဲ့ခြင်း မဟုတ်သလို ဌာနေ တိုင်းရင်းသားများကလည်း စတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ တိုင်းရင်း သား မဟုတ်သော အခြားသူများက စတင်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က အမြဲ ပြောဆိုလေ့ ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

မြန်မာအစိုးရရဲ့ လေးလပတ် ICJ အစီရင်ခံစာမှာ ဘာတွေပါမလဲ

ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရ အဆင်သင့်ဖြစ်ပြီလား

Did you find apk for android? You can find new Free Android Games and apps.
Loading