သတင်း

ဦးတီခွန်မြတ်ကို လွှတ်တော် ဥက္ကဌ တာဝန်က ရုတ်သိမ်းသည့်အဆို ယနေ့ တင်သွင်းမည်

ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သူ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်မှ ရုတ်သိမ်းရေး အဆိုတခုကို ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ၏ ကိုယ်စား ယနေ့ တင်သွင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ တို့အရ ပြည်သူ့လွှတ်တော် ဥက္ကဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုတင်သွင်းခြင်းနှင့် ဆွေးနွေးမည့် ကိုယ်စားလှယ် အမည် စာရင်း တောင်းခံခြင်းကို ယနေ့ ပြုလုပ်မည် ဖြစ်ကြောင်း ကြိုတင် ဝေငှထားသည့် လွှတ်တော် အစီအစဉ်တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် တက်ရောက်ခြင်း မရှိဘဲ သူ၏ ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန် တက်ရောက်လာခဲ့သည်။ ယနေ့ အစည်းအဝေး အစီအစဉ် နံပါတ် ၈ တွင် ယခု အဆိုတင်သွင်းမည့် အစီအစဉ် ပါဝင်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်သည် ၂၀၁၅ ရွေးကောက်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသူတဦး ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) အစိုးရ လက်ထက်တွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဖြစ်လာပြီးနောက် ကြံ့ခိုင်ရေး ပါတီမှ နုတ်ထွက်ခဲ့ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။

NLD အစိုးရလက်ထက် သမ္မတ ဦးထင်ကျော် ရာထူးမှ အနားယူသည့်အခါ ၎င်း၏နေရာသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ဆက်ခံစဉ် လွှတ်တော် ဒုတိယ ဥက္ကဌ ဦးတီခွန်မြတ်မှာ လွှတ်တော် ဥက္ကဌ ဖြစ်လာသည်။

၎င်းလွှတ်တော် ဥက္ကဌ ဖြစ်လာချိန်တွင် NLD ပါတီမှ ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းသည့်အခါ ၎င်း ၏ ဆောင်ရွက်ချက်များသည့် ဥပဒေ လုပ်ထုံး၊ လုပ်နည်းနှင့် မညီကြောင်း ကြံ့ခိုင်ရေး ပါတီနှင့် တပ်မတော်မှ ကိုယ်စား လှယ်များက အပြင်းအထန် ဝေဖန်ခဲ့ကြဖူးသည်။

ဦးတီခွန်မြတ်သည် လွှတ်တော်တွင်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ခဲ့စဉ်က ပြင်းထန်ခဲ့သည့် လွှတ်တော်တွင်း သဘော ထား ကွဲလွဲမှုများကိုလည်း အတတ်နိုင်ဆုံး ညှိနှိုင်းခဲ့ပြီး သဘောထား ပျော့ပြောင်း စွာ ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပြီး နောက်ဆုံးတွင် အလွန်ပြင်းထန်လာသည့်အခါ ၎င်းကိုယ်တိုင် တရားစွဲမည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

ဦးတီခွန်မြတ်သည် ကချင်လူမျိုး ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ပြီး အထူးကော်မရှင် ဥက္ကဌဟောင်း သူရ ဦးရွှေမန်း နှင့်လည်း နီးစပ်သူ တဦး ဖြစ်ခဲ့သည်။

အစိုးရ အရာရှိ အဖြစ် ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သလို ယခု တိုင်းပြည်တွင် ပြင်ဆင် နိုင်ရေး အငြင်းပွားနေသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရာတွင်လည်း တပ်မတော် အစိုးရလက်ထက်တွင် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။

You may also like these stories:

တိုင်းပြည်အတွက် ဖြည့်စွက် ဘတ်ဂျက် ဘီလီယံ ကျပ် ၂၆၀၀ ကျော် ထပ်မံ တောင်းခံ

COVID – 19 ပြင်းထန်ချိန် နေပြည်တော်တွင် လွှတ်တော် ပြန်စ၊ စိုးရိမ်မှု တချို့ ရှိ

Loading