ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အသုံးပြုရန် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ထားသော အမေရိကန်ဒေါ်လာ ၅ သန်းမှာ ယခုနှစ်အတွက် ရေးဆွဲထားသော ဘတ်ဂျက် (လျာထားချက်) ၌ မပါဝင်သဖြင့် လွှတ်တော်၌ မေးခွန်း ထုတ်ခဲ့ကြသည်။
မေလ ၂၅ ရက်က ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ ပြည်နယ် အစိုးရက ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေး အရ /အသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ ထိုတင်သွင်းချက် အပေါ် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီးနောက် အထက်ပါအတိုင်း ရသေ့တောင် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း က မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ဦးတင်မောင်ဝင်း က “ဒီနှစ် ရေးဆွဲထားတဲ့ ဘတ်ဂျက် လျာထားချက်မှာ အိန္ဒိယက ထောက်ပံ့ငွေ မပါဘူး။ အိန္ဒိယအစိုးရ ၁ နှစ်ကို ဒေါ်လာ ၅ သန်း ထောက်ပံ့ထားလို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြည်နယ်ဘတ်ဂျက်ထဲမှာ ပါတယ်။ ဒီနှစ် ဘာ ကြောင့် မပါတာလဲ ဆိုတာ သိလိုပါတယ်” ဟု မေးခွန်း ထုတ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရသည် ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် ၁ နှစ်လျှင် ဒေါ်လာ ၅ သန်း ထောက်ပံ့ ထားပြီး ၅ နှစ်တာအတွက် စုစုပေါင်း ဒေါ်လာ၂၅ သန်းကူညီထောက်ပံ့ရန် သဘောတူ လက်မှတ် ရေးထိုးထားကြောင်း လည်း သိရသည်။
ရခိုင်ပြည်နယ်အတွက် အိန္ဒိယ ထောက်ပံ့ငွေနှင့် ပတ်သက်ပြီး ဧရာဝတီမှ ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံအား မေးမြန်းခဲ့ရာ ပြည်ထောင်စု အစိုးရအဖွဲ့၏ အစီအမံများဖြင့် လုပ်ဆောင်ရ သည်ဖြစ်၍ ပြည်နယ်သို့ ချပေးလာခြင်း မရှိသေးသဖြင့် ပြည်နယ် အစိုးရ၏ ဘတ်ဂျက် (လျာထားချက်) ထဲ၌ မပါဝင်သေး ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ဝန်ကြီး ဦးအောင်ကျော်ဇံ က “ဒီဒေါ်လာ ၅ သန်းက လူကယ်ပြန် ဝန်ကြီးဌာနနဲ့ အိန္ဒိယသံရုံးတို့ MOU ထိုးထားတဲ့ လုပ်ငန်း ဖြစ်တယ်။ ဆိုတဲ့အခါ လုပ်ငန်းကို ချပေးဖို့အတွက် Plan တွေကို ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လုပ်ငန်း တန်ဖိုးနဲ့ လုပ်ငန်း နေရာတွေကို တင်ပေးရတယ်။ ကျနော်တို့က တင်တယ်။ သို့သော်လည်း လုပ်ငန်း အစီအစဉ်တွေကတော့ ပြည် ထောင်စုကပဲ ချပေးတာ ဖြစ်တယ်” ဟု ရှင်းပြသည်။
၎င်းက ဆက်လက်၍ “ကျနော်သိရသလောက် သူတို့ဆီက လုပ်ငန်းတွေဟာ MOU ထိုးထားတာတော့ ကြာပြီ။ လုပ်ငန်းစဉ် တွေ မကျသေးဘူး။ ဒါကြောင့် ဒီဥစ္စာတွေဟာ အိန္ဒိယနဲ့ လူကယ်ပြန် ဝန်ကြီးဌာနနဲ့ MOU လုပ်ထားတာ ဖြစ်တဲ့အတွက် ပြည်နယ် ဘတ်ဂျက်ထဲမှာတော့ ပါဝင်ခြင်း မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပြည်ထောင်စု အစိုးရအဖွဲ့မှ လုပ်ငန်း အစီအစဉ်များ ချပေးလာခြင်း မရှိသေးသော်လည်း ပြီးခဲ့သော ရက်ပိုင်းအတွင်း က ကျေးရွာ ၅ ရွာအား ဆိုလာမီးလင်းရေး စနစ်ဖြင့် လုပ်ငန်း လုပ်ကိုင်ရန် တင်ပြထားသည့် လုပ်ငန်းတခု ချပေးထားပြီး၊ ယင်းလုပ်ငန်းအား အိန္ဒိယ အစိုးရနှင့် အဆက်အသွယ်ရှိသည့် ကုမ္ပဏီတခုအား လုပ်ငန်း လုပ်ကိုင်ရန် ညွှန်ကြားထား ကြောင်းလည်း ဝန်ကြီး ဦးအောင်ကျော်ဇံ က ပြောဆိုသည်။
ကျောက်တော် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်က အိန္ဒိယ ထောက်ပံ့သည့် ၅ နှစ်တာ အတွက် ဒေါ်လာ၂၅ သန်းကို ၂၀၂၀- ၂၀၂၁ ခုနှစ်အထိ ယခင်ကတည်းက အစီအမံများ ရေးဆွဲပြီးသားဖြစ်သည့် အတွက် ယခုနှစ် ပြည်နယ် ဘတ်ဂျက်၌ ပါဝင်လာခြင်း မရှိခြင်းမှာ မေးခွန်း ထုတ်စရာ ဖြစ်ကြောင်း ထောက်ပြ ဝေဖန်သည်။
ဦးမောင်မောင်က “အိန္ဒိယက ထောက်ပံ့ကူညီတဲ့ ဒေါ်လာ၂၅ သန်းမှာ ဒီနှစ်မှာ ဘာလုပ်မယ်။ နောက်နှစ်မှာ ဘာလုပ်မယ် ဆိုတာ၂၀၂၀-၂၀၂၁ ခုနှစ်ထိ လျာထားချက် ရေးဆွဲထားပြီး ဖြစ်တယ်။ အဲဒီမှာ ဒေါ်လာ ၁၃ သန်းကျော်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ စီမံခန့်ခွဲရေး ပါတယ်။ ကျန်ဒေါ်လာ ၁၁ သန်း ကျော်က လူကယ်ပြန်ဌာနက ကိုင်ပြီးတော့ အိန္ဒိယ သံရုံးနဲ့ ဆွေးနွေးပြီး လုပ်ကိုင်ခွင့်ပြု ပါတယ်။ အခု အဲဒီ ဒေါ်လာ ၁၃ သန်းထဲက လုပ်မယ့် လုပ်ငန်းတွေဟာ ပြည်နယ် ဘတ် ဂျက်ထဲမှာ မပါတာဟာ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် အတွက် အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ငွေများဖြင့် လုပ်ကိုင်ရန် လုပ်ငန်း အစီအစဉ်များမှာ ဆိုလာစနစ်ဖြင့် မီး လင်းရေး စနစ် လုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စသည့် လုပ်ငန်း အစီအမံများ ပါဝင် ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြည်နယ် လွှတ်တော်သို့ တင်သွင်းခဲ့သည့်၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် (လျာ ထားချက်)နှင့် ပတ်သက်၍ မေလ ၁၅ ရက်က ကျင်းပသော ပြည်နယ် လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးခဲ့ရာတွင် ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များထက် တောင်ပိုင်းမြို့နယ် များ ဖြစ်သည့် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ရမ်းဗြဲ စသည့်မြို့နယ်များတွင် စီမံကိန်း လုပ်ငန်းအများအပြား ရေးဆွဲထားသည်ကို တွေ့ရှိရသည့်အတွက် တောင်ပိုင်းနှင့် မြောက်ပိုင်းအား ခွဲခြားရေးဆွဲထားသည်ကို တွေ့ရှိရကြောင်းလည်း လွှတ်တော် ကိုယ် စားလှယ်များက ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြခဲ့ကြသည်။
ဆက်စပ်ဖတ်ရှုရန်
မိုးရာသီ၌ ရခိုင်တောင်သူများ လုံခြုံစွာ စိုက်ပျိုးနိုင်ရေး အဆို အစိုးရ ထောက်ခံ
ရခိုင်တွင် အစိုးရ ခွင့်ပြုချက်မရဘဲ စစ်ရှောင်စခန်းများ မဆောက်ရန် အမိန့်ထုတ်