စစ်ကိုင်းတိုင်းအတွင်း တရားမဝင် လက်ကိုင်လွှစက်များ ရောင်းဝယ်ခြင်း၊ ကိုင်ဆောင်အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်း များကို ထောင်ဒဏ် ၇နှစ်အထိ ချမှတ်နိုင်သည့် သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)ဖြင့် ဇွန်လ ၁ရက်မှ စ၍ အရေးယူတော့ မည်ဟု သိရသည်။
ယခုအခါ လက်ကိုင်လွှစက်(Chain Saw) များနှင့် ပတ်သက်၍ ပညာပေးမှုပြုလုပ်နေပြီး မေ ၃၁ရက် နောက်ဆုံး ထား အပ်နှံရမည်ဖြစ်ကြောင်း၊ အပ်နှံခြင်း မရှိပါက အရေးယူမည်ဟု စစ်ကိုင်းဒေသကြီး အစိုးရအဖွဲ့က မေလ ၁၈ရက်က ထုတ်ပြန်ထားသည်။
ကလေးခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမြင့်ဟန်က“သစ်ခိုးခုတ်တာတွေ လျော့သွားအောင် ထုတ်ပြန်တာ။ အခုကျနော်တို့က အဲဒါကို ကျယ်ကျယ်ပြန့်ပြန့် သိပြီးတော့ ပိုပြီးကြောက်အောင်လို့ ထိထိရောက်ရောက် ဖြစ်အောင် တိုင်းဒေသကြီးက လုပ်တာ။ ပညာပေးက မေလ ၃၁ရက်အထိပဲ။ တရားမဝင် ရောင်းဝယ်တဲ့သူတွေ၊ ကိုင်ဆာင် တဲ့သူတွေကို ဇွန် ၁ရက်ကစပြီး သစ်တော ဥပဒေနဲ့ အရေးယူမှာပါ”ဟု ပြောသည်။
၂၀၁၈ခုနှစ် သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ မည်သူမဆို ကျုးလွန်ကြောင်း ပြစ်မှုစီရင်ခံရလျှင် ထိုသူအား ၇နှစ်ထက် မပိုသော ထောင် ဒဏ်ဖြစ်စေ အနည်းဆုံး ကျပ်ငွေ ၅သိန်းမှ အများဆုံး ကျပ် ၁၀သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေ ကျခံစေရမည်ဟု ဆိုထားသည်။
သစ်အခြေခံအသုံးပြုသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ပရိဘောဂလုပ်ငန်းများမှအပ ခွင့်ပြုမိန့် မရပဲ လွှစင်၊ လွှစက်၊ လျှာထိုးစက်၊ အထပ်သားစက်သစ်ပါးလွှာစက် သို့မဟုတ် သစ်အခြေခံအသုံးပြုသည့် စက်တည်ထောင် လုပ်ကိုင် ခြင်း၊ လက်ကိုင်စက်လွှလက်ဝယ်ထားရှိခြင်းကို ကျူးလွန်ပါက အဆိုပါဥပဒေဖြင့် အရေးယူခံရမည်ဖြစ်သည်။
ပညာပေးကာလ ရက်နည်းသော်လည်း ချိန်းဆောရောင်းချသည့် ဆိုင်များသို့ တရားမဝင် ရောင်းချခြင်း မပြုရန် နှင့် ရောင်းချမည်ဆိုပါက သစ်တောဦးစီးဌာန၏ ထောက်ခံချက်ပါမှ ရောင်းချရန် တဆိုင်ဝင် တဆိုင်ထွက် အသိပေးထားပြီးဖြစ်သည်ဟု သိရသည်။
ချိန်းဆော တရားဝင် ဝယ်ယူလိုပါက မည်သည့်ကိစ္စအတွက် ဝယ်ယူမည်။ အသုံးပြုလိုသည့်အကြောင်းအရာ စသည့် အချက်အလက်ကို မေးမြန်းပြီးမှ ခွင့်ပြုသင့်သည့် လုပ်ငန်းများအတွက် ဝယ်ယူခွင့်ပေးမည်ဟု ကလေး ခရိုင်၊ သစ်တောဦးစီးဌာနမှ သိရသည်။
နေပြည်တော်၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးက“ချိန်းဆောကတော့ အပင်ကို ဖြတ်ဖို့က အလွယ်ဆုံး ပေါ့။ သူက တနာရီ အတွင်းမှာ ၄၊ ၅ပင်လောက် ဖြတ်လို့ရတယ်။ အရင်တုန်းကတော့ ငါးမန်းလွှတွေဘာတွေ သုံး ကြတယ်။ အဲဒါနဲ့ တနေကုန်ဆွဲမှ ၂ပင်လောက်ပဲ အများဆုံး ပြီးနိုင်တာ။ချိန်းဆောကျတော့ တရက်ထဲမှာ အပင်တရာလည်း လှဲနိုင်တယ်။ အပင် ၅၀လည်း လှဲနိုင် တယ်”ဟု ပြောသည်။
ထိုချိန်းဆောတခု၏တန်ဘိုးမှာ ၁သိန်းနှင့် ၂သိန်းကြားရှိပြီး အချိန်တိုအတွင်း သစ်ပင်အများအပြားခုတ်နိုင်သလို တပိုင်တနိုင်သယ်ဆောင်သွားနိုင်တာကြောင့် သစ်ခုတ်သမား အများစုကိုင်ဆောင်အသုံးပြုနေခြင်း ဖြစ်သည်။
ဗန်းမောက်မြို့နယ်၊ အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက“ထိထိရောက်ရောက် လုပ်နိုင်ရင် ကောင်းပါတယ်။ အရင်ကလည်း ဒီလိုစာထုတ်တာပဲ ကျနော်သိသလောက်၂ကြိမ်ရှိပြီ။ တရားမဝင်ခုတ်လှဲတာ တွေ အရမ်းဆိုးနေတယ်။ ဖမ်းမိတာ ၁ခု၊ ၂ခုလောက်ပဲရှိသေးတယ်။ ထိရောက်တဲ့အရေးယူမှုတွေ လုပ်ရင်တော့ သစ်ခိုးထုတ်တာတွေ လျော့လာမှာပါ”ဟု ဆိုသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပညာရှင် ဒေါက်တာ စောမွန်သိမ့်က လည်း လက်ကိုင်လွှစက်(Chain Saw) များ တရားမဝင်အသုံးပြုမှု အပေါ် ဥပဒေအတိုင်း ထိရောက်သည့် အရေးယူမှုပြုလုပ်ပါက သစ်တောပြုန်းတီးမှုကို ကုစားရာတွင် အထောက်အကူဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“ထိန်းသိမ်းထားပါတယ်ဆိုတဲ့ ဧရိယာတွေမှာလည်း ချိန်းဆောကိုင်ပြီး သစ်ခိုးထုတ်နေတဲ့ လုပ်ငန်းတွေက ကြီးထွားနေတာ ကိုး။ ထိထိရောက်ရောက်ဖမ်းဆီးပြီးတော့ ထိရောက်စွာအရေးယူဖို့လိုပါတယ်။ ဖမ်းမိတာတွေက ပိုင်ရှင်မဲ့ဖြစ်သွားတာ မျိုး တွေ မဖြစ်သင့်တော့ဘူး”ဟု ၎င်းကဆိုသည်။
ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ချိန်းဆောများကို တရားမဝင်လက်ဝယ်ကိုင်ဆောင်သူများအနေဖြင့် မေလ ၃၀ရက်အတွင်း အပ်နှံမှုများပညာလုပ်ရန် ပညာပေးခြင်းများစတင်ပြုလုပ်နေပြီဖြစ်သည့်အတွက် ချိန်းဆောများ လာရောက်အပ်နှံနေပြီဟု သိရသည်။
ချိန်းဆောအသုံးပြုသူများအနေဖြင့် တရားဝင်ကိုင်ဆောင်ခွင့်ရရန် သစ်တောဦးစီးဌာနထံတွင် ၁နှစ်သက်တမ်း ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ရမည်ဖြစ်ပြီး သက်တမ်းတိုးလိုပါက သက်တမ်းမကုန်မီ ၁လ ကြိုတင်၍ လျှောက်ထားရမည်ဖြစ်သည်။
You may also like these stories:
ရခိုင်ပြည်နယ်အတွက် အိန္ဒိယ ထောက်ပံ့ငွေ ကိစ္စ လွှတ်တော်တွင် မေးခွန်းထုတ်
ဦးတီခွန်မြတ်ကို လွှတ်တော် ဥက္ကဌ တာဝန်က ရုတ်သိမ်းသည့်အဆို ယနေ့ တင်သွင်းမည်
NLD အဂတိ တိုက်ဖျက်ရေး ဒေါ်လဲ့လဲ့မော် စံပြ ဖြစ်သွားလား