ချင်းပြည်နယ် တောင်ပိုင်း ဆမီးမြို့ရှိ တိုက်ပွဲရှောင်(IDPs)များ ဝင်ငွေရသည့် အိမ်တွင်းမှု လုပ်ငန်း လုပ်ကိုင်နိုင်ရန် ချင်း ပြည်နယ်အစိုးရနှင့် ချင်းတိုက်ပွဲရှောင် ပြည်သူများကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ(RRCCI) တို့ ပူးပေါင်း ကာ ငွေကျပ်သိန်း၂၀ မ တည် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်ဝန်ကြီး ဦးစိုးထက်က “သူတို့တတ်တဲ့ လက်မှုပညာလေးနဲ့ ခမောက်လေးတွေ၊ တောင်းလေးတွေ ရက်ပြီးတော့ ဝင်ငွေရအောင် ပြန်လုပ်ပေးဖို့ စဉ်းစားတာပါ။ အဲဒီအတွက် မတည်ငွေ အနေနဲ့ ပြည်နယ် အစိုးရအဖွဲ့က ၁၀ သိန်း၊ RRCCI ၁၀ သိန်းပေးတာ။ အဓိက က သူတို့ရဲ့ လက်မှုပညာအသုံးအဆောင် တွေကို ဈေးကွက်ဝင်အောင် ကျနော်တို့ လုပ်ပေးမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းလူမျိုးများ၏ အတတ်ပညာတခု ဖြစ်သည့် နှီး၊ တောင်း၊ ခမောက်၊ ဖျာနှင့် ဝါးကပ် စသည့် လက်မှုပစ္စည်းများကို ပြန် လည် ရောင်းချနိုင်သည်အထိ ထုတ်လုပ်သွားမည် ဖြစ်သည့်အပြင်၊ အဆိုပါ ထုတ်ကုန်များကိုလည်း IDPs Camp သို့ လာ ရောက် လှူဒါန်းကြသူများအား ကျေးဇူး တုံ့ပြန်သည့်အနေဖြင့် လက်ဆောင်ပြန်ပေးသွားမည် ဟု သိရသည်။
ချင်းစစ်ရှောင်များအရေး လိုက်လံ ဆောင်ရွက်ပေးနေသည့် RRCCI မှ ပြောရေးဆိုခွင့် ရှိသူ မိုင်နန်းဝေက “သူတို့ ချင်းပ လိုင်းတို့၊ ခမောက်တို့ လုပ်နေတာတွေ့တော့ သူတို့ တဖက်တလမ်းက ဝင်ငွေရအောင်ဆိုပြီး ကျမတို့ဆီက ဆလိုင်းအိုက် ဇက်ခင်နဲ့ ဝန်ကြီး ဦးစိုးထက် တို့ ဦးဆောင်ပြီးတော့ မတည်ငွေပေးတာ ဖြစ်တယ်”ဟု ဆိုသည်။
လူဦးရေ ၁ သိန်းကျော်သာရှိသည့် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် လူဦးရေ ၆ သောင်းခန့်သည် စစ်ဘေးသင့်နေသလို လူဦးရေ ၉၀၀၀ ကျော်သည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေပြီး ပလက်ဝမြို့ပေါ်၊ ဆမီးမြို့နှင့် မီးဇာကျေးရွာများရှိ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် နီးစပ်ရာ ဆွေမျိုးအိမ် များတွင် နေထိုင်ကြရသည်။
တိုက်ပွဲများကြောင့် ဒုက္ခရောက်နေကြသည့် ချင်း တိုက်ပွဲရှောင်အရေးနှင့် ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်ဝန်ကြီးမှ ဦး ဆောင်ကာ ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ (KACC)၊ RRCCI မှ တာဝန်ရှိသူများနှင့် ဌာနဆိုင် ရာ ဝန်ထမ်းများ ပါဝင်ပြီး မေလ ၂၇ ရက်က ဆမီးမြို့၌ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သေးသည်။
ချင်းပြည်နယ် အစိုးရ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် အရပ်ဘက် မဟုတ်သည့် အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် တိုက်ပွဲရှောင်များအတွက် နေစရာ၊ စားစရာများ အရေးပေါ် လိုအပ်လာခြင်း ကြောင့် ယခုကဲ့သို့ အရေးပေါ် အစည်းအဝေး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်နန်းဝေက “ဆမီးကိုတော့ ရိက္ခာပို့လို့ ရပေမယ့် ပလက်ဝကိုတော့ လုံးဝ မရောက်နိုင်ဘူး။ ပို့ထားတဲ့ ဆန်အိတ် ၃၈၀၀ ဝန်းကျင်ကလည်း နောက်၂ ပတ်ဆိုရင် ပြတ်လပ်တော့မယ်။ ပလက်ဝနဲ့ ဆမီးကြား သွားဖို့က စစ်တပ်က လုံခြုံရေး အာမ ခံချက် မပေးနိုင်တဲ့ အနေအထားလို့ သိရတယ်။ အဲဒီအတွက် ဆွေးနွေးကြတာပေါ့” ဟု ဆိုသည်။
ထ့ိုပြင် စာသင်ကျောင်းများ ပြန်ဖွင့်တော့မည် ဖြစ်သလို မိုးတွင်းရောက်ပြီ ဖြစ်သည့် အတွက် တိုက်ပွဲရှောင်များ အဆင်ပြေ စွာ နေထိုင်နိုင်ရန် ပြည်ထောင်စု အစိုးရက ကျပ်ငွေသိန်း ၂၄၀၀ မတည်ကာ IDPs Camp ဒုက္ခသည် စခန်းများ ဆောက် လုပ်ပေးရေး ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တိုက်ပွဲပြင်းထန်၍ ပလက်ဝ ဒေသခံ ၇၀၀ နီးပါး စစ်ဘေးရှောင်
စစ်ရှောင်များအနေဖြင့် ဆောက်ပေးထားသည့် စခန်းများ၌သာ နေကြရန် ပြည်နယ်အစိုးရပြော
ရခိုင် စစ်ရှောင်စခန်းများ မုန်တိုင်းနှင့် ရာသီဥတုဒဏ် စိုးရိမ်နေ