လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများအရ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ ဆွေးနွေးရန် လိုအပ်လာပြီ ဖြစ်ကြောင်း နိုင်ငံရေးပါတီ အချို့က ထုတ်ဖော် ပြောဆိုကြသည်။
သမ္မတ ဦးသိန်းစိန် အုပ်ချုပ်သည့် ကာလက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံကာ နိုင်ငံ၏ အခြေအနေများနှင့် ပတ်သက်၍ ပါတီများ၏ သဘောထားအမြင်များကို နားထောင်ခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် တွင်လည်း အဆိုပါ အစဉ်အလာကို ဆက်လက် ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင် အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောကြားသည်။
သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံဖြစ်ပါက လက်ရှိ အစိုးရမှ ဆောင်ရွက်နေသည့် COVID- 19 ရောဂါ တိုက်ဖျက်ရေး အနေအထား၊ COVID-19 အလွန် မြန်မာ့စီးပွားရေးနှင့် မြန်မာ့ လူမှုအဆောက်အအုံ ပြန်လည် တည်ဆောက်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲ အခြေအနေ တို့ကို ဆွေးနွေးလိုကြောင်း ၎င်းက ဆိုသည်။
ဦးခင်မောင်ဆွေက “ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေ လုပ်မယ်ဆိုရင် ပါတီတွေအနေနဲ့ ကြိုတင် စီစဉ်ထားဖို့ လို တယ်။ အစည်းအဝေး ကာလ သတ်မှတ်ချက်ကို ကြိုတင် ထုတ်ပြန်ထားဖို့ လိုတယ်။ ကော်မရှင်နဲ့ တွေ့ဖို့ အကြောင်းတွေ သမ္မတကို ပြောပြဖို့ လိုတာပေါ့” ဟု ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် ကလည်း မြန်မာနိုင်ငံသည် စုပေါင်း ခေါင်းဆောင်မှုစနစ်ဖြင့် စတင်ခဲ့သည့် ပြည်ထောင်စု နိုင်ငံ ဖြစ်သော်လည်း လက်ရှိတွင်ကာလတွင် စုပေါင်း ခေါင်း ဆောင်မှု စနစ် ပျောက်ဆုံးနေကြောင်း ဆိုသည်။
အစိုးရ အဖွဲ့ကပဲ မိမိထင်ရာ လုပ်နေသည်ထက် အခြားသော နိုင်ငံရေး ပါတီများ၏ သဘောထားနှင့် အကြံဉာဏ်များကို အစိုးရ အဖွဲ့က နားထောင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ဦးစိုင်းလိတ် က “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ဆိုတာ ဒီနေ့ ဒီအချိန်အထိကို ရှိမလာဘူးဗျ။ ၄ နှစ် ရှိပြီ။ တကယ်တမ်း လုပ်မယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့အတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိတဲ့ လုပ်ငန်းမျိုး ဖြစ် အောင် လုပ်မလဲ ဆိုတာမျိုး ဆွေးနွေးတာ ကောင်းပါတယ်။ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော်၏ အင်္ဂါစဉ်အရ နိုင်ငံတော် သမ္မတက ထိပ်ဆုံးတွင် ရှိနေသော်လည်း လက်တွေ့တွင် မည်သူက အစိုးရအဖွဲ့၌ သြဇာအာဏာ အရှိဆုံး ဆိုသည်မှာ အများအသိပင် ဖြစ်ပြီး၊ အဆိုပါ ပုဂ္ဂိုလ်က နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေး လိုသည့် ဆန္ဒ ရှိမရှိမှာ စိတ်ဝင်စားဖွယ် မေးခွန်း ဖြစ်နေကြောင်း ဦးစိုင်းလိတ် က မှတ်ချက်ပေးသည်။
ထို့ပြင် သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ ဆွေးနွေးရန်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကလည်း ပြောဆိုထားသေးသည်။
NLD ပါတီ၏ ထိပ်ပိုင်း ဗဟိုကော်မတီဝင် တဦးကမူ သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးရန်မှာ မလိုအပ်သေး ကြောင်း ပြောဆိုသည်။
၎င်းက “သူတို့မှာ ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အစီအမံကောင်းတွေ၊ ကိုဗစ်အလွန် မြန်မာ့စီးပွားရေး ဘယ်လိုကောင်း အောင်လုပ်မလဲ ဆိုတဲ့ အစီအစဉ်တွေ ရှိရင် သူတို့ ပြည်သူကို တရားဝင် ကြေညာလေ။ သူတို့ အစီအစဉ်တွေကို လူထုက သဘောကျပြီး ထောက်ခံရင်တော့ သမ္မတက အဲဒီ အစီအစဉ်တွေကို အကောင်ထည်ဖော်ဖို့ သင့် မသင့် စဉ်းစားမှာပေါ့” ဟု ဆိုသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကမူ နိုင်ငံရေး ပါတီများနှင့် သမ္မတ တွေ့ဆုံဆွေးနွေးရန် ဆိုသည်မှာ သမ္မတ၏ သဘောထားအပေါ်တွင် မူတည်ပြီး မလုပ်မနေရ ကိစ္စမဟုတ်ကြောင်း ပြောဆိုသည်။
ဦးရဲထွန်း က “မလုပ်ဘဲနေလည်း ရတယ်။ ဒါက သမ္မတရဲ့ဆုံးဖြတ်ချက်။ အခြေခံ ဥပဒေမှာ လုပ်ရမယ်လို့တော့ ပြဋ္ဌာန်း မထားဘူး။ လက်ခံခြင်း လက်မခံခြင်း ကတော့ သမ္မတရဲ့သဘောထားအမြင်မှာ အများကြီး ရှိတာပေါ့” ဟု ပြောဆိုသည်။
ပါတီများနှင့် တွေ့ဆုံဆွေးနွေးပါက လက်ရှိ အစိုးရက လုပ်ဆောင်သင့်ပြီး မလုပ်နိုင်သော ကိစ္စများကို အစိုးရအား ထောက် ပြရန် တင်ပြလာလျှင် အစိုးရအတွက် အကြပ်ရိုက်နိုင်သဖြင့် တွေ့ဆုံဆွေးနွေးမှုကို အလွယ်တကူ လက်ခံ ဆောင်ရွက်မည်ဟု မထင်ကြောင်း ဦးရဲထွန်းက ပြောသည်။
၎င်းက “သူတို့(နိုင်ငံရေး ပါတီအချို့) က ဒီတခါတင်တော့ မကပါဘူး။ ကာလုံ ခေါ်ဖို့ ဘာတို့ တောင်းဆိုတာတွေလည်းရှိခဲ့ဖူးတယ် လေ။ နိုင်ငံရေး အရ ကိုယ့်ဘက်က အသာစီးရအောင် တိုက်ကွက်တခု ဖော်တယ်လို့ တဖက်ကလည်း ယူဆချင် ယူဆမှာ ပေါ့” ဟု မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံတွင် တည်ဆဲ တရားဝင် နိုင်ငံရေး ပါတီ ၉၇ ပါတီ ရှိပြီး ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) ၊ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် (FDA) နှင့် ညီညွတ်သော နိုင်ငံရေး ပါတီများ မဟာမိတ် (UPPA) ဆိုသည့် မဟာမိတ် နိုင်ငံရေးပါတီ အစုအဖွဲ့ ၄ ဖွဲ့ ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အဆောင်အယောင်များနှင့် မဲဆွယ်ခွင့်ရှိ ဟုဆို
ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုမယ်
အရေးပေါ်ကာလ သမ္မတနှင့် တပ်ချုပ် ဘယ်သူဦးဆောင်မလဲ မဲစခွဲမည်