COVID -19 ရောဂါ ကူးစက်ပြန့်ပွားမှုများကြောင့် ၂ လကျော် ပိတ်ထားရသော မန္တလေး ကျောက်ဝိုင်း ပြန်လည် ဖွင့် လှစ်ခွင့်ပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည် ဖြစ်ကြောင်း မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်း အကျိုး တော်ဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းက ဧရာဝတီကို ပြောသည်။
နေ့စဉ် ပျမ်းမျှ လူဦးရေ ၁ သိန်း ဝန်းကျင် အဝင်/အထွက် ရှိသော မန္တလေး ကျောက်ဝိုင်းအား ဒေသတွင်း COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မတ်လ၂၆ ရက်မှ စတင်၍ ယာယီပိတ်ရန် အစိုးရက ညွှန်ကြားထားခြင်း ဖြစ်သည်။
ကျောက်ဝိုင်း ပိတ်သည့် ကာလမှာ ကြာမြင့်လာပြီဖြစ်သည့် အလျှောက် ယင်းကို မှီခိုနေသော ကျောက်သမားများ နေ့စဉ် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်လာသဖြင့် ဇွန်လ ၅ ရက်မှ စတင်၍ ဝိုင်းပြန်လည် ဖွင့်လှစ်ခွင့် ပေးရန် စည်ပင်အပါအဝင် မန္တလေးတိုင်း အစိုးရအဖွဲ့အား ယနေ့ စာတင်မည် ဟု အကျိုးတော်ဆောင်ကော်မတီက သိရသည်။
မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်း အကျိုး တော်ဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်း က “ဝိုင်း ပိတ်ထားတာလည်း နှစ်လကျော်ပြီ ဆိုတော့ ဒါကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတဲ့ အခြေခံ ကျောက်သမား တွေ ဒုက္ခရောက်လာကြပြီ။ ဒါကြောင့်မို့ ကျောက်ဝိုင်း ပြန်ဖွင့်ခွင့် ရဖို့အတွက် စည်ပင်နဲ့ တိုင်းအစိုးရ အဖွဲ့ကို ဒီနေ့ စာတင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်ကလည်း “ကျောက်သမားတွေရဲ့လက်ရှိ အခက် အခဲရယ်၊ ဖွင့်ခွင့်ရရင် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဘယ်လို ဆောင်ရွက်ပါမယ် ဆိုတဲ့ အစီအစဉ်တွေပါ ထည့်သွင်းပြီး တင်ပြဖို့ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ကျောက်ဝိုင်း ပြန်လည် ဖွင့်ခွင့်ရပါက မူလ အဝင်/အထွက် ဦးရေကို လျှော့ချခြင်း၊ အရောင်းအဝယ်အတွက် အချိန်ကန့် သတ်ခြင်းတို့ စီစဉ်မည် ဖြစ်သလို အရောင်းအဝယ် လုပ်လိုသူများအနေဖြင့် ဝင်ခွင့်ကတ်များ ပြုလုပ်၍ အဆိုပါကတ်ဖြင့် သာ ဝိုင်းအတွင်း ဝင်ရောက်ခွင့် ရှိမည်ဟု သိရသည်။
ဝင်ခွင့်ကတ် ပြုလုပ်လိုသူများ အနေဖြင့် မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား မိတ္တူ တစုံစီ၊ ဓာတ်ပုံ ၃ ပုံ တို့ဖြင့် အကျိုး တော်ဆောင် ကော်မတီရုံးတွင် မေလ ၂၉ ရက်မှ စ၍ လျှောက်ထားနိုင်မည်ဟု သိရသည်။
မန္တလေးမြို့ခံ ကျောက်သမား ကိုဇော်ဦးက “ဝင်ခွင့်ကတ်နဲ့ အဝင်အထွက် ပေးမယ်ဆိုတာက ကောင်းတယ်။ မဟုတ် ရင် ဝိုင်းထဲကို သူခိုး ဂျပိုးက အစ ဝင်ထွက်နေတာ။ ဒီလို လုပ်လိုက်တော့ ကျန်းမာရေးအတွက် စိစစ်ပြီးသား ဖြစ်သလို လုံခြုံရေးအတွက်လည်း ကောင်းတယ်” ဟု ဧရာဝတီကို ပြောသည်။
မန္တလေး စည်ပင်နယ်နိမိတ် အတွင်းရှိ ယာယီ ပိတ်ထားသောဈေးများအား မတ်လ ၁၅ နောက်ပိုင်းမှ စတင်၍ ဖြေ လျှော့မှုများ ပြုလုပ်ကာ လက်ရှိတွင် ပြန်လည် ဖွင့်လှစ်ခွင့်ပြုပြီ ဖြစ်သော်လည်း ကျောက်မျက်ဈေး (ကျောက်ဝိုင်း) အဝင်/အထွက်သည် လူဦးရေများသောကြောင့် သီးခြား အစီအမံတခုဖြင့် စဉ်းစားပြီးမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြု နိုင်ရန် စီစဉ်သွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က၏ ဖေ့ဘုတ်စာမျက်နှာတွင် သတင်း ယခုလ အ တွင်းက သတင်း ထုတ်ပြန်ထားသည်။
မန္တလေး ကျောက်ဝိုင်း၏ အဓိက ဝယ်လက်မှာ တရုတ်နိုင်ငံသား ကုန်သည်များ ဖြစ်သဖြင့် ကျောက်ဝိုင်း ပြန်လည် ဖွင့်လှစ်ခွင့် ရရှိပါက ၎င်းတို့အား မည်သည့် အစီအစဉ်ဖြင့် ဝင်ခွင့်ပြုမည်၊ မပြုမည်ကို အကျိုးတော်ဆောင်ကော်မတီ အနေဖြင့် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောသည်။
“အကယ်၍ ဝိုင်းပြန်ဖွင့်ခွင့် ရပြီဆိုရင်လည်း သူတို့(တရုတ်ကုန်သည်)ကို ဝင်ခွင့်မပေးလို့လည်း မရဘူးလေ။ ပြီးတော့ တရုတ်တွေဝယ်မှပဲ ကျောက်က အရောင်းအဝယ် ဖြစ်တာဆိုတော့ ဒီအပေါ်မှာ ဘယ်လိုသတ်မှတ်ရမယ် ဆိုတာ ကော်မတီအနေနဲ့ အသေးစိတ် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
COVID-19 ကာကွယ် ထိန်းချုပ်ရေး အတွက် မန္တလေးတိုင်းအတွင်း ထုတ်ပြန်ထားသည့် တားမြစ်ချက်များအား မေ ၁၆ ရက်မှ စတင်၍ ဦးစားပေး အဆင့် ၃ ဆင့်နှင့် ဖြေလျှော့ပေးနေပြီ ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ထုတ်ပြန်ကြေညာထားသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။
ဆက်စပ်ဖတ်ရှုရန်
မြန်မာ့စီးပွားရေး ကုစားရန် GDP ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေး သုံးစွဲမည်
စတုတ္တအကြိမ်မြောက် အစိုးရချေးငွေ တိုင်းနှင့်ပြည်နယ် လုပ်ငန်းရှင်များကို ဦးစားပေးမည်
မန္တလေးတိုင်းရှိ တားမြစ်ချက်များ ဦးစားပေး အဆင့် ၃ ဆင့်ဖြင့် ဖြေလျှော့မည်