ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ်ဖြစ်သည့် မူဆယ်မြို့နယ်အတွင်း ဒုစရိုက်သောင်းကျန်းမှုများ ခိုအောင်း မှုမရှိရေး ဆောင်ရွက်ရာတွင် လက်နက်ခဲယမ်းများ၊ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ဆက်တိုက်ဖမ်းမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ မေလ ၂၇ ရက်နေ့တွင် မူဆယ်မြို့နယ်၊ အောက် နမ့်ဟွယ်ရွာအတွင်း အောင်ပန်ဆိုသူ၏နေအိမ်မှ ကြိုးဆွဲ လက်ပစ်ဗုံး ၂ လုံး၊ အမ်-၂၂ ကျည် ၈ တောင့်၊ ဇော်ဦးဆိုသူ၏အိမ်မှ အမ်-၂၂ သေနတ် ၂ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၁၀၈ တောင့်နှင့် လက်ပစ်ဗုံး ၅ လုံး၊ လွယ်ကြိုးနှစ်ချောင်းတို့ကို ဖမ်းမိခဲ့ပြီး သောင်းကျန်းသူများနှင့် ဆက်နွယ်မှုရှိသည် ဆိုသည့် ညီအောင် ဆိုသူကိုလည်း ၎င်း၏အိမ်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းအပြင် အထက် နမ့်ဟွယ်ကျေးရွာရှိ အိုက်ပီးဆိုသူနေအိမ်းအား ဝင်ရောက်ရှာဖွေရှာတွင်လည်း ခြံဝန်းအတွင်းရှိ ကောက်ရိုးပုံအောက်၌ ဖွက်ထားသည့် ခြောက်လုံးပြူး ၁ လက်၊ ကျည် ၆ တောင့်နှင့် တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တံဆိပ်ပါ ပြောက်ကျား ယူ နီဖောင်းတစုံ၊ လက်ထိပ် ၁ ခုတို့အား ဖမ်းမိခဲ့သည်။
မေလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းကလည်း စွမ်စော်ရပ်ကွက်၊ (၁-၂)လမ်းကြားရှိ မြေကွက်လပ်တခုတွင် အသံမိုင်း နှစ်လုံး ပေါက်ကွဲခဲ့ပြီး ညနေပိုင်းတွင် ကောင်းမှုတုံရပ်ကွက်ဘက်မှ မူဆယ်မြို့တွင်းသို့ မောင်းနှင်လာသည့် လိုင်စင်မဲ့ ယာဉ်တစီးအား စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ဝင်းဇော်ဦးနှင့်အတူ ယာဉ်ပေါ်မှ လက်ပစ်ဗုံး ၄ လုံးအား ဖမ်းမိခဲ့သည်။
၎င်းမှ လက်ပစ်ဗုံးများမှာ ဖခင်ဖြစ်သူ ဦးယိုင်တင် ပိုင်ဆိုင်သည့်ပစ္စည်းများဖြစ်ကြောင်း ထွက်ဆိုခဲ့သည့်အတွက် ဦးယိုင် တင် နေထိုင်ရာ Moon Light KTV သို့ သွားရောက်စစ်ဆေးရာ ၎င်းအားမတွေ့ရဘဲ သံဘီရိုအတွင်းမှ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ ပွိုင့်-၃၈ ကျည် ၈ တောင့်၊ အိမ်-၂၂ ကျည် ၃၂ တောင့်၊ စက်လက်ကျည် ခါးပတ်တွဲ အတို ၁ ခု၊ လက်ပစ်ဗုံးဖြူးစ် ၂ ခုနှင့် လမ်းလျောက်စကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ယင်းညပိုင်းတွင်ပင် စွမ်စော်ရပ်ကွက်ရှိ နေအိမ်တလုံးအား ဝင်ရောက်ရှာဖွေခဲ့ရာတွင်လည်း တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံ သား ၆ ဦးအား ဖမ်းမိခဲ့သည်။
မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မန်ဝိန်းဂိတ်အနီး၌ ရပ်တန့်ထားသည့် မင်္သကာဖွယ် မော်တော်ယာဉ်တစီးအား စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရှိရဘဲ ဖောက်ခွဲရာတွင် အသုံးပြုနိုင်သည့် Shock Tube ဒီတိုနေတာများ ထည့် ထားသည့် စက္ကူဖာ ၃၁၈ ဖာ(ဒီတိုနေတာ ၉၅၄၀၀ ချောင်း)အား ဖမ်းမိခဲ့သည်။
မေလ ၂၄ ရက်နေ့ ည ၇ နာရီခန့်က နောင်မွန်ကျေးရွာနေ စိုင်းဟန်မြင့်၏ နေအိမ်မှ ပစ္စတို ၃ လက်၊ ၎င်းကျည် အိမ် ၄ ခု၊ ၉ မမ ကျည် ၂၇ တို့အား ဖမ်းမိခဲ့ပြီး မေလ ၂၃ ရက်နေ့ကလည်း နောင်မွန်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ ရွှေလီမြစ်အနီး ချုံပုတ်အတွင်း အမ်-၁၆ သေနတ် ၂ လက်၊ ၎င်းကျဉ်အိမ် ၂ ခု၊ အမ်-၂၀ ပါရာပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ကျဉ် ၂ တောင့်တို့ကို သိမ်းဆည်းမိခဲ့သည်။
မေလ ၂၁ ရက်နေ့ ညပိုင်းကလည်း မူဆယ်ဘက်မှ ၁၀၅ မိုင်ဘက်သို့ မောင်းနှင့်လာသည့် ယာဉ်တစီးပေါ်တွင် တရားမ ဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈ ဦးအား ယာဉ်မောင်းနှင့်အတူ ဖမ်းမိခဲ့သည်။
ယင်းနောက် မေ ၂၂ မနက်အ စောပိုင်းတွင် မူဆယ်မြို့မှ ၁၀၅ မိုင်အထွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ အဆောက်အဦးဟောင်းတလုံးအား ဝင် ရောက်ရှာဖွေရာတွင် ပီနံအိတ်ဖြင့် ထုတ်ထားသည့် အမ်-၂၂ သေနတ်(ကျည်အိမ်ပါ) ၃ လက်၊ ကျည် ၆၉ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်းမိခဲ့သည်။
မေလ ၂၂ ရက်နေ့၌ပင် မူဆယ်မြို့အဝင် စစ်ဆေးရေးဂိတ်အနီးတွင်လည်း ချိန်စူရှန့် (ခ) ဦးချိန်ယို့မင် အပါအဝင် မြန်မာ နိုင်ငံသား ၂ ဦးနှင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆ ဦးအား ဖမ်းမိခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ မနက်အစောပိုင်းကလည်း ခိုဝိန်းကျေးရွာအနီးရှိ လူမနေသည့် အဆောက်အဦးအတွင်းမှ ဘာရက်တာ ၁ လက်၊ ကျည်အိမ် ၁ ခု၊ ခြောက်လုံးပြူး ၁ လက်၊ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၇ တောင့်၊ အမ်-၁၆ မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၁ ခုတို့ကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့ကြောင်း သိရသည်။
မေလ ၂၀ ရက်နေ့ နံနက်အစောပိုင်းကလည်း ကောင်းမှုတုံရပ်ကွက်နေ ဦးစိုင်းထွန်းလူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာတွင် ဘာရက်တာပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၁၀၀ တောင့်၊ စက်လက်(ဘောက်ဝိုင်းပါ) ၁ လက်၊ အိမ်-၂၂ ကျည် ၈၇ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံးဖမ်းမိခဲ့သည်။
ယင်းအပြင် ဟိုမွန်ရပ်ကွက်၊ မင်္ဂလာမူဆယ် လမ်းမကြီးပေါ်၌ ဘီးပေါက်၍တိမ်းမှောက်နေသည့် မော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်းအား မတွေ့ရဘဲ ပါရိသေနတ် ၁ လက်၊ ဖိုက်ဘာကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်နှင့် ပွိုင့်-၂၂ အရှည်(တတောင့်ထိုး) သေနတ် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်ပြီး မူဆယ်မြို့မရဲစခန်းတွင် လက်နက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
You may also like these stories:
တရားမဝင် ချိန်းဆော ကိုင်ဆောင်သူများကို စစ်ကိုင်းတိုင်းအစိုးရ အရေးယူမည်
မန္တလေးတွင် ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖမ်းမိသူ ၆ ဦး နောက်လတွင် အမိန့်ချမည်