ပြီးခဲ့သည့် ဧပြီလအတွင်းတွင် ပန်ကရိယ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်သော ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း နေရာကို နေပြည်တော်ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို အစားထိုးခန့် အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဦးရဲမင်းဦးသည် ၎င်းတာဝန်ယူလုပ်ဆောင်သည့် လုပ်ငန်းတိုင်းကို စီမံခန့်ခွဲမှုကောင်းကောင်း လုပ်ဆောင်နိုင်ခြင်း အပြင် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကျွမ်းကျင်သူတဦးလည်း ဖြစ်ခြင်းကြောင့် လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နေရာကို အစိုးရထိပ်ပိုင်း ခေါင်းဆောင်များက ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သည့် ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။
ထိုရာထူးနေရာအတွက် ဦးရဲမင်းဦးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့နှင့် တွေ့ဆုံဆွေးနွေးထားပြီးလည်း ဖြစ်ကြောင်း ဆိုသည်။
ဧရာဝတီက ယင်းကိစ္စအပေါ် နေပြည်တော်ဒုမြို့တော်ဝန်ထံ တိုက်ရိုက်ဆက်သွယ်မေးမြန်းရာ ဦးရဲမင်းဦး က “အခုထိတော့ ကျနော်လက်ထဲကို ဘာမှ တရားဝင် စာရွက်စာတမ်း နဲ့ ရောက်ထားတာ မရှိသေးပါဘူး။ သူတို့ဘာသာ ကျနော်မသိဘဲ တိတ်တိတ်လေး အမည်စာရင်းတင်လိုက်ရင်တော့ ကျနော်လည်းမသိဘူးပေါ့။ တကယ်တော့ လွှတ်တော်ကို အဆိုတင်ခွင့်ရှိတဲ့ သူတွေကို မေးသင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအကြောင်း အခြား အာဏာပိုင် သတင်းရင်းမြစ်များ၏ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
သို့သော် လက်ရှိအချိန်တွင် ရန်ကုန်တိုင်းလွှတ်တော်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွက် ဘတ်ဂျက်ကိစ္စများ ဆွေးနွေး စရာရှိနေခြင်းကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး လိုအပ်နေပြီလည်းဖြစ်ကာ ဦးရဲမင်းဦးကို ဝန်ကြီးနေရာအဖြစ် ရွေးချယ်ထားပါက လာမည့် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က အဆိုပြု တင်သွင်းလာဖွယ်ရှိကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က “ ဒါကတော့ အုပ်ချုပ်ရေးပိုင်းက လုပ်ရတာဆိုတော့ သေချာတော့မသိဘူး။ ဒါပေမယ့် အများကြားသလိုပဲ ကြားနေရတာဆိုတော့ သူက ဖြစ်တော့ဖြစ်လာနိုင်တယ်ဆိုပေမယ့် အတိအကျကြီးတော့ ပြောလို့ မရသေးဘူးပေါ့ ” ဟု ဆိုသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနေရာသည် အခြားဝန်ကြီးတဦးဦးက ပူးတွဲကိုင်တွယ်ခြင်းထက် တဦးကို သီးသန့်ထားရမည့် နေရာဖြစ်ခြင်းကြောင့် ရန်ကုန်တိုင်းအစိုးရအနေဖြင့် လာမည့်လွှတ်တော်ကို အဆိုပြုရန် စီစဉ်မည်ဖြစ်ကြောင်း မည်သူမည်ဝါ ဖြစ်မည်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့ အမည်စာရင်းတင်သွင်းလာမှသာ သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဦးရဲမင်းဦးသည် ၂၀၁၃ ခုနှစ်ခန့်မှ စတင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) စီးပွားရေးကော်မတီဝင် နှင့် ပြန်ကြားရေး ကော်မတီတို့တွင် ပါဝင်ခဲ့သူဖြစ်သည်။ စီးပွားရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် ကျွမ်းကျင်သူတဦးလည်း ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စ၍ နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် အဖြစ် နိုင်ငံတော်သမ္မတရုံးရဲ့ ခန့်အပ်ခြင်းခံရသူလည်း ဖြစ်သည်။
ယင်းအပြင် ကမာ္ဘ့ကပ်ရောဂါ COVID-19 ကြောင့် မြန်မာ့စီးပွားရေး အပေါ် သက်ရောက်မှုများကို ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) တွင်လည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသူလည်း ဖြစ်သည်။
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “ အခုလာမယ့် အစည်းအဝေးမှာ ဝန်ကြီးနေရာအတွက် အစားထိုးလာမယ်လို့ ထင်တယ်။ ဘာလို့ဆိုရင် အခုက ဘတ်ဂျက်ကိစ္စတွေဆိုတော့ ဘတ်ဂျက်ကို အတည်ပြုဖို့ ကိုယ်စားလှယ်တွေ ဆွေးနွေးတာကို ပြန်ဆွေးနွေးဖို့က စီမံဘဏ္ဍာဝန်ကြီးပဲ လုပ်ရတာလေ အဲ့ဒီတော့ အဲ့ဝန်ကြီးက လိုတယ်” ဟု ဆိုသည်။
You may also like these stories:
ဦးရဲမင်းဦးကို နေပြည်တော် စည်ပင် ဒုမြို့တော်ဝန်ခန့်အပ်
ရန်ကုန်တိုင်းအစိုးရတွင် ခေါင်းဆောင်မှုကောင်း ပျောက်နေသည်