COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး အပါအဝင် ထိုရောဂါ၏ လူမှုစီးပွား အကျိုးသက်ရောက်မှုများအတွက် အစိုးရက ကဏ္ဍပေါင်းစုံမှ ရရှိသည့် ဘဏ္ဍာငွေ ကျပ်ဘီလီယံ ၁၇၀၀ ကျော်ကို သုံးစွဲလျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက ယနေ့ ပြည်သူ့ လွှတ်တော်တွင် ရှင်းလင်းသည်။
ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်က တိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရများသို့ ဘဏ္ဍာငွေ ဖြည့်ဆည်းပေးခြင်း အပါအဝင် နောက်ထပ် အရေးပေါ် ရန်ပုံငွေ သုံးစွဲ ခြင်း အသေးစိတ် အစီအစဉ် အကောင်အထည်ဖော်ခြင်းများကို မေးခွန်း မေးမြန်းခဲ့ရာ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင် ဝင်း က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးမောင်မောင်ဝင်းက “COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး၊ စီးပွားရေး၊ လူမှုရေး၊ သက်ရောက်မှုများအပေါ်မှာ ကု စားရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များကို အကောင်းဆုံး ဖြစ်အောင် စီမံခန့်ခွဲ ဆောင်ရွက်သွားမှာ ဖြစ်သလို လို အပ်တဲ့ ဘဏ္ဍာငွေ အရင်းအမြစ်များကို စီမံထားပါတယ်” ဟု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ထိုဘဏ္ဍာငွေများတွင်၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အရေးပေါ် ရန်ပုံငွေမှ ကျပ် ဘီလီယံ ၁၀၀၊ COVID-19 ကာကွယ်၊ ထိန်း ချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီတွင် ထူထောင်ထားသည့် ကျပ် ဘီလီယံ ၁၀၀၊ ပြည်ထောင်စု ဝန်ကြီးဌာန များ၏ ဘဏ္ဍာငွေများထဲမှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ပြောင်းလဲ သုံးစွဲသည့် ၁၀၁ ဒသမ ၆၄၈ ဘီလီယံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ထပ်မံ ဘဏ္ဍာ ခွဲဝေသုံးစွဲရေးမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် အတည်ပြုခဲ့ သည့် ၉၄ ဒသမ ၃၆၇ ဘီလီယံ တို့ ပါဝင်သည်။
ထို့ပြင် ပြည်ထောင်စု ဝန်ကြီးဌာနအသီးသီး၏ ၂၀၁၉-၂၀၂၀ ဘာဏ္ဍာရေးနှစ် အတွက် အသုံးစရိတ်များအတွင်း အရေးတ ကြီး မလိုအပ်သေးသည့် အသုံးစရိတ်များကို ပြန်လည် အပ်နှံစေသည့် အထွေထွေပိုလျှံ ရန်ပုံငွေ (GRF) ကျပ်ဘ်ီလီယံ ၁၃၅၇ ဘီလီယံ ရှိပြီး အထက်ဖော်ပြပါ ရန်ပုံငွေများနှင့် အားလုံးစုစုပေါင်း မြန်မာငွေကျပ် ၁၇၅၃ ဘီလီယံခန့်ကို COVID-19 အတွက် သုံးစွဲလျက် ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။
COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေးအရ ရိုက်ခတ်မှုများစွာ မခံရသော်လည်း စီးပွားရေး ရိုက်ခတ်မှုမှာ ချမ်းသာသည့် နိုင်ငံများထက် ရိုက်ခတ်မှု ပိုမိုခံစားရကြောင်း ဘဏ္ဍာငွေများ အသုံးပြုတော့မည်ဆိုလျှင် နိုင်ငံ၏ စီးပွားရေးအရ ထိခိုက်နစ် နာမှု အခြေအနေများကို ခန့်မှန်း တွက်ချက်မှုများ ဦးစွာ လုပ်ဆောင်သင့်ကြောင်း မေးခွန်း မေးခဲ့သူ ဒေါက်တာ သက်သက် ခိုင်က ပြောသည်။
ဒေါက်တာ သက်သက်ခိုင် က “ဒါအတွက်ကို ငွေက ရနေတာလေးကတော့ ကံကောင်းတယ်ပေါ့။ ရတဲ့ငွေကို ဘယ်လိုများ အကောင်အထည် ဖော်လဲ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမှာလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ ”ဟု ဆိုသည်။
ထိုဘဏ္ဍာငွေများကို COVID-19 ကြောင့် စီးပွားရေးနှင့် လူမှုရေး ထိခိုက်မှုများကို ကုစားနိုင်ရန် အစိုးရက ရေးဆွဲထားသည့် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (COVID-19 Economic Relief Plan- CERP) ကို အပြည့်အ၀ အကောင်အထည် ဖော်ရန်အတွက် သုံးစွဲခြင်း ဖြစ်သည်ဟု စီမံ/ဘဏ္ဍာဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။
အစိုးရ၏ ထုတ်ပြန်ထားသည့် CERP ပန်းတိုင် ၇ ခုတွင် အသေးစား စီးပွားရေး လုပ်ငန်းများကို တိုးတက်စေခြင်း၊ ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများအား တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကဏ္ဍများအပေါ် သက်ရောက်မှုများကို ဖြေလျှော့ပေးခြင်း၊ အလုပ်သမားများအပေါ် သက်ရောက်မှုကို လျော့ပါးစေခြင်း၊ အိမ်ထောင်စုများ အပေါ် သက်ရောက်မှုများကို လျော့ပါးစေခြင်း စသည့်အချက်များ ပါဝင်သည်။
ထို့ပြင် တီထွင်ဆန်းသစ်သည့် ထုတ်ကုန်များ ထုတ်ရန် အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို အားကောင်းလာစေခြင်း၊ COVID-19 ကြောင့် ထိခိုက်မှု ရှိနေသည့် လုပ်ငန်းများကို ငွေကြေးပံ့ပိုးမှု တိုးမြှင့်ပေးရေး စသည့် ပန်းတိုင်များ ပါဝင်ပြီး မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်း အစီအစဉ် ၃၆ ခု ပါဝင်ကြောင်း သိရသည်။
ထို ကျပ် ဘီလီယံ ၁၇၀၀ ထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အသုံးစရိတ်များအပြင် COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုရှိခဲ့သည့် မြန်မာနိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်းများ၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်း များကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၁ နှစ်သတ်မှတ်ကာ မေလ ၂၇ ရက်ထိ လုပ်ငန်းရှင် ၇၂၆ ဦးအတွက် ရန်ပုံငွေ ကျပ်၂၈ ဒသမ ၉ ဘီလီယံကို ထုတ်ချေးထားကြောင်း သိရသည်။
ထို့ပြင် ပုံမှန် ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် အခြေခံ စားကုန် ၅ မျိုးအတွက် ထောက်ပံ့ပေးငွေ ကျပ် ၄၉ ဒသမ ၄ ဘီလီယံကို သုံးစွဲခဲ့ပြီး နောက်ထပ် ထောက်ပံ့ရန်လည်း စီစဉ်နေ ကြောင်း သိရသည်။
အစိုးရက အရန်ရိက္ခာ ထားရှိရန် အတွက်လည်း ဆန်တန်ချိန် ၅ သောင်း၊ ဆီတန်ချိန် ၁၂၀၀၀ ဝယ်ယူထားရန် ထိုဘဏ္ဍာ ငွေထဲမှ အသုံးပြုသွားမည်ဟု ဆိုသည်။
COVID-19 အတွက် သုံးစွဲမှုတွင် ထိုသို့ ပြည်တွင်း ဘဏ္ဍာငွေများအပြင် ပြည်ပချေးငွေများကိုလည်း အသုံးပြုရန် လျာထား ပြီး ထိုငွေများမှာ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ (IMF) ထံမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀၊ ကမ္ဘာ့ဘဏ်မှ အမေရိ ကန်ဒေါ်လာ သန်း ၅၀၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၃၀၊ JICA ထံမှ ဂျပန်ယန်း ၃၀ ဘီလီယံ တို့ကို ချေးယူသွားမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။
COVID-19 ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ထိခိုက်မှုမှာ COVID-19 ဖြစ်ပွားမှု မြင့်မားသည့် အမေရိကန်နိုင်ငံ၊ လူဦးရေ များသည့် အိန္ဒိယနိုင်ငံတို့လောက် အကျိုးသက်ရောက်ခြင်း မရှိသော်လည်း အလုပ်လက်မဲ့နှုန်းများ ရှိလာသောကြောင့် ဘဏ္ဍာငွေ သုံးစွဲမှုတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးကလည်း အရေးကြီးကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက သုံးသပ်သည်။
ဒေါက်တာ အောင်ကိုကိုက “အလုပ် လုပ်ချင်ရဲ့သားနဲ့ အလုပ်မရှိတဲ့သူတွေကို အလုပ်အကိုင် ဖန်တီးပေးဖို့ အရေးကြီး တယ်။ အလုပ်အကိုင် ဖန်တီးပေးတယ်ဆိုတာ ဝင်ငွေ ဖန်တီးပေးတာပဲ။ အရေးကြီးတာတော့ ဘဏ္ဍာငွေပေါ့။ နိုင်ငံခြား ကနေ အကူအညီရတာပဲ ဖြစ်ဖြစ် ပြည်တွင်း ကျပ်ငွေတွေ ဒါတွေ အကုန်လုံးကို ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန် သုံးဖို့ လိုတယ်” ဟု ပြောသည်။
အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါ COVID-19 ကို ကမ္ကာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်က စတင် ကြေညာခဲ့သည်။
ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော် မတီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အဖြစ်သို့ တိုးမြှင့် ဖွဲ့စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် မေလ ၂၈ ရက် မနက်ပိုင်းထိ COVID-19 ရောဂါပိုး တွေ့ရှိသူ ၂၀၆ ဦး၊ သေဆုံး ၆ ဦးနှင့် ပြန်လည် သက် သာလာသူ ၁၂၆ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 စီးပွားရေး ကုစားမှု စီမံချက် လွှတ်တော်ကို တင်ပြဖို့ အမတ်တွေ တောင်းဆို
မြန်မာ့စီးပွားရေး ကုစားရန် GDP ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေး သုံးစွဲမည်
စတုတ္တအကြိမ်မြောက် အစိုးရချေးငွေ တိုင်းနှင့်ပြည်နယ် လုပ်ငန်းရှင်များကို ဦးစားပေးမည်