ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့် ရဲကင်း စခန်းကို မေလ ၂၉ ရက်နေ့ နံနက် ၂ နာရီ ဝန်းကျင်းက ရက္ခိုင့် စစ်တပ် (AA) တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိသည်။
ထိုသို့ တိုက်ခိုက်ခဲ့ရမှုကြောင့် လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦးပျောက်ဆုံးလျှှက် ရှိကြောင်း တပ် မတော်သတင်းပြန်ကြားရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “ဒီနေ့ မနက် ၂ နာရီလောက်မှာ ရသေ့ တောင်မြို့ နယ်ထဲက သဇင်မြိုင်နယ်ခြားစောင့် ရဲကင်းစခန်းကို AA အဖွဲ့ တွေက ဝင်တိုက်တယ်။ အဲဒီစခန်းက ရဲအင်အားတော်တော် နည်းပါတယ်။ လက် နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး အလုံးအရင်းနဲ့ လာတိုက်ခိုက် တဲ့အတွက် လောလောဆယ်မှာတော့ တပ်ဖွဲ့ဝင် ၁၀ ဦး၊ ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သဇင်မြိုင် နယ်ခြားစောင့် ရဲကင်း စခန်းတွင်း ရှိသည့် တပ်ဖွဲ့ဝင် အင်အားမှာ နည်းပါးပြီး AA တပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်က လာရောက် တိုက်ခိုက်ခဲ့သဖြင့် နံနက် ၅ နာရီအချိန်ခန့်တွင် အနီးရှိ လုံခြုံရေး တပ်ဖွဲ့ ဝင်များနှင့် သွားရောက် ပူးပေါင်း ခဲ့ရကြောင်းလည်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ရသေ့တောင်မြို့နယ်အတွင်းက ဒေသခံများကတော့ ယနေ့ နံနက် ၂ နာရီ ခွဲအချိန်ခန့်က အဆိုပါ သဇင်မြိုင် ရဲစခန်း၌ မီးလောင်နေသည်ကို မြင်တွေ့ရပြီး တိုက်ပွဲကြောင့် ရဲတပ်ဖွဲ့ဝင် တချို့ ဖမ်းဆီးခံရသည်ဟုလည်း သတင်းများ ကြားရကြောင်း ပြောဆိုကြသည်။
ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းကလည်း သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း ဖြစ်စဉ် အသေးစိတ် အချက်အလက် ကို မသိရသေး ကြောင်း ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော် စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ နယ်မြေရှင်း လင်းရေးများကို လုပ်ဆောင်လျှက် ရှိပြီး ပျောက်ဆုံးနေသူ တပ်ဖွဲ့ဝင်များနှင့် မိသား စုဝင်များအားလည်း လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သလို မတ် လ ၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုတ်ရဲ စခန်းကို လာရောက်တိုက်ခိုက်ခဲ့သည်။
ယင်း အပြင် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကလည်း မြောက်ဦးမြို့ နယ် အတွင်း ကိုးသောင်းဘုရားအနီးရှိ ရဲတပ်ရင်းကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ ဝင်များ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
ထိုသို့ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို လုပ်ဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က လာရောက်တိုက် ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်ကြောင်း တပ်မတော်က ပြောဆို ထားသည်။
ရက္ခိုင့်စစ်တပ် (AA) ကလည်း ရဲတပ်ဖွဲ့ဝင်များဆိုသည်မှာ တပ်မတော် လက်အောက်တွင်ရှိပြီး တပ်မတော်၏ စစ်ဆင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု၊ ရဲစခန်းများကနေ လက်နက်ကြီးယာယီ ခန်းများထိုင်ကာ ပစ်ခတ်မှုများ ရှိသည့်အတွက် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ယခင် ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး ပြောဆိုထားသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂ ရက်နေ့ကလည်း အဆိုပါ သဇင်မြိုင် နယ်ခြားစောင့် ရဲစခန်းမှ တပ်ဖွဲ့ဝင် ၄ ဦးမှာ စေတီပြင် စခန်းမှ တပ်ဖွဲ့ဝင်များ၏ လစာကို ထုတ်ယူပြီး အပြန်တွင် လစာများ လုယူခံရကာ တပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ပျောက်ဆုံးသွားခဲ့သည်။