ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် ကူးစက်မှု ၂၂ မှုတွေ့ရသော်လည်း မေလ ၁၈ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု မရှိသည်မှာ ဆယ်ရက်ကျော်လာခဲ့ပြီဖြစ်သည်။
ပြည်ပသို့သွားရောက်ခဲ့ခြင်း မရှိသကဲ့သို့ သိရှိပြီးရောဂါကူးစက်ခံရသူများနှင့်ထိတွေ့မှု မှတ်တမ်းလည်းမရှိသည့် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ အသက် ၅၇ နှစ်အရွယ်တဦးကို ရောဂါကူးစက်ခံထားရကြောင်း မေလ ၁၇ ရက်နေ့ သိခဲ့ရသည်။ ထိုသူသည် ပြည်တွင်းတွင် နောက်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဖြစ်သည်။
သို့သော် မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်များတွင် ရောဂါကူးစက်မှုသစ်မတွေ့ဘဲရှိနေပြီးနောက် ပြည်ပမှ ပြန်လာသူများတွင် ရောဂါကူးစက်ခံထားရကြောင်း သိလာရသည်။
မလေးရှား၊ အာရပ်စော်ဘွားများနိုင်ငံ၊ အိန္ဒိယနှင့် အီတလီမှ ပြန်လာသူများအကြား မေလ ၁၆ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ၂၅ မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။
ဧပြီလ ၃၀ ရက်နောက်ပိုင်း လေကြောင်းခရီးစဉ်ဆိုင်းငံ့ခြင်းနှင့် ပိတ်ဆို့မှုများကြောင့် ပြည်ပတွင်သောင်တင်နေသူများကို ပြန်လည်ခေါ်ယူရန်အတွက် မြန်မာနိုင်ငံက ကယ်ဆယ်ရေး ခရီးစဉ်များကို စီစဉ်ခဲ့သည်။
မေလ ၂၂ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဗြိတိန်နှင့်အမေရိကန်ပြည်ထောင်စုတို့မှ မြန်မာနိုင်ငံသား ၂၂၀၀ ကျော် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
သောကြာ်နေ့မနက်အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၂၀၆ ခုရှိပြီး ထိုသူများအနက် ၄၈ ခုမှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ မြန်မာနိုင်ငံသည် သောကြာ်နေ့နက်အထိ ကိုဗစ်-၁၉ ရောဂါရှာဖွေ စမ်းသပ်မှု ၂၂၇၉၁ ခုပြုလုပ်ခဲ့ပြီး သေဆုံးမှု ၆ ခုနှင့် ပြန်လည်ကောင်းမွန်လာသူ ၁၂၆ ဦးရှိကြောင်း သိရသည်။ တနင်္ဂနွေနေ့အထိ လူပေါင်း ၅၅၆၁၆ ဦး ကို တနိုင်ငံလုံးရှိ သီးခြားခွဲထား စောင့်ကြည့်သော နေရာများတွင် ထားရှိသည်။
မေလ ၁၁ ရက်နေ့မှ စတင်ပြီး အာဏာပိုင်များသည် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ အားလုံးကို ကိုဗစ်-၁၉ ရှာဖွေစမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက လွန်ခဲ့သော အပတ်တွင် ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံမှ ပြန်လာသူများကိုလည်း မေလ ၂၃ ရက်နေ့မှ စတင်စစ်ဆေးနေကြောင်းလည်း သူပြောသည်။
ထိုင်းနိုင်ငံမှ ပြန်လာသူများကို မြဝတီတွင် စစ်ဆေးနေပြီး ရလဒ်များ ရရှိသည်အထိ သီးခြားခွဲထားစောင့်ကြည့်ရေးဌာနများတွင် ထားရှိကြောင်း ကရင်ပြည်နယ် မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦး တေဇာအောင်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး တိုင်းများနှင့် မွန်ပြည်နယ်မှ နေရပ်ပြန်လာသူများကို ၎င်းတို့ နေရပ်အနီးရှိ သီးခြားခွဲထားစောင့်ကြည့်ရေး ဌာနမျာတွင် ၂၁ ရက်ထားရှိပြီး ကိုဗစ်-၁၉ စမ်းသပ်မှုများ ပြုလုပ်ကြောင်း သိရသည်။
မေလ ၂၃ ရက်နေ့မှ ၂၅ ရက်အတွင် နေရပ်ပြန်လာသူ ၅၈၃ ဦး၏ ဓါတ်ခွဲခန်းနမူနာများတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ဦးတေဇာအောင်ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံက ပြန်ခွင့်ပြုပြီးနောက် မေလ ၂၃ မှ ၂၆ အတွင်း မဲဆောက်-မြဝတီ နယ်စပ်ဂိတ်မှ မြန်မာလုပ်သား ၄၃၉၃ ဦး ပြန်လာကြောင်း သိရသည်။ ရနောင်း-ကော့သောင် နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း သို့ ပြန်လာသူ ရာနှင့်ချီရှိကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Semi-Lockdown ချထားသည့် မြို့နယ် ၄ ခုကို မိမိနေအိမ်တွင်သာ နေထိုင်ရန် ( Stay at Home ) သတ်မှတ်ချက်အား ပယ်ဖျက်လိုက်ကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက နိုင်ငံပိုင်ရုပ်သံသတင်းမှတဆင့် ကြာသပတေးညတွင် ကြေညာသည်။
အဆိုပါ မြို့နယ် ၄ ခုမှာ ဗဟန်း၊ တောင်ဥက္ကလာ၊ ပန်းဘဲတန်းနှင့် တာမွေမြို့နယ်တို့ ဖြစ်ပြီး COVID19-19 ရောဂါ ကူးစက်ပျံ့ပွါးမှုနှင့် ကပ်ရောဂါဗေဒဆိုင်ရာ အချက်အလက်များအရ ရောဂါထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ တိုးတက်မှုများရှိသဖြင့် Stay at Home အစီအစဉ်ကို မေလ ၂၉ ရက်နေ့ ၄ နာရီမှ စတင် ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
မေလ ၁၄ ရက်နေ့ကလည်း ရန်ကုန်ရှိ မင်္ဂလာဒုံ၊ ဗိုလ်တထောင်၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်ကိုလည်း Stay at Home အစီအစဉ်မှပယ်ဖျက်ခဲ့သည်။
ဇွန်လကုန်တွင် ကုန်ဆုံးမည့် လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရ အမိန့်များကိုမူ ဇွန်လ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့သည်။ လူ ၅ ဦးထက် ပိုမစုရအမိန့်သည် အစိုးရ၊ အများပြည်သူအတွက် မရှိမဖြစ် လိုအပ်သောလုပ်ငန်းများ၊ ကုမ္ပဏီနှင့် စက်ရုံများ အကျုံးမဝင်ကြောင်း ကြေညာထားသည်။
You may also like these stories:
တပတ်အတွင်း ပြည်တော်ပြန်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၉ ဦးတွေ့
ပထမအသုတ် စစ်ဆေးသည့် ထိုင်းပြန် ၂၂၅ ဦး COVID-19 ပိုးမတွေ့
COVID-19 နှင့် ယှဉ်တွဲ နေထိုင်ခြင်း