ရခိုင်ပြည်နယ်ထဲတွင် ရက္ခိုင်စစ်တပ် (AA) က နယ်ခြားစောင့် လုံခြုံရေး ရဲကင်းကို ယနေ့မနက်ပိုင်းက အလစ် အငိုက်တိုက်ခိုက်ပြီး နာရီပိုင်း အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AA ၏ မဟာမိတ် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က တပ်မတော် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့သည်။
ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးအနီးရှိ နမ့်ကွတ်ရွာအနီးဝန်းကျင်တွင် မူဆယ်မှ ဆင်းလာသည့် တပ်မတော်ယာဉ်တန်းကို TNLA က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းပြန်ကြားရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အတည်ပြုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားထဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်ယာဉ် တန်းကို မိုင်းထောင်၊ မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ အခု လောလောဆယ်အထိ သတင်းရရှိထားချက်အရ နမ့်ကွတ် ကျေးရွာကြားထဲမှာ တိုက်ခိုက်ခံရတယ် သိရတယ်။ ယာဉ်ထိခိုက်မှုတော့ရှိတယ်။ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ လူတော့ မရှိဘူးလို့ လောလောဆယ် သိရတယ်။ သူတို့က ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မိုင်းခွဲတိုက်ခိုက်တာ သူတို့က တမင်စောင့်ပြီးလုပ်တဲ့ဟာမျိုးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက လွန်ခဲ့သည့် နာရီပိုင်းက သတင်းထုတ်ပြန်ထားချက်အရ ယနေ့ မနက် နမ့်ကွတ်ရွာ အနီး တိုက်ပွဲတွင် တပ်မတော်ယာဉ်တစီး မီးလောင် ပျက်စီးနေသည်ကိုတွေ့ရပြီး သိမ်းဆည်းရမိထားသည့် တပ်မတော်၏ လက်နက်ခဲယမ်းများကိုလည်း ထုတ်ပြထားသည်ကိုတွေ့ရသည်။
တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ နမ့်ကွတ်ရွာခံတဦး ကလည်း “စစ်သားတွေ အပေါ်က ဆင်းလာတာကို ပလောင်တပ်တွေက စောင့်ကြည့်ပုံရတယ်။ ရွာနားမှာပဲ တိုက်ပွဲဖြစ်တာ။ လက်နက်ကြီးသံရော လက်နက်သေး အသံတွေပါအစုံကြား နေရတယ်။ လူတွေ မှန်သွားသေးလားဘာလား ဘာတခုမှ မသိရဘူး။ အပြင်မထွက်ရဲဘူးလေ။ အခုမှ တိုက်ပွဲ ပြီးသွားတာ။ ဗမာစစ်တပ်တွေ ပြန်တက်လာလို့ ကြောက်လို့ အပြင် မထွက်သေးတာ” ဟု ပြောသည်။
တပ်နှင့် TNLA တိုက်ပွဲဖြစ်ပွားမှုမှာ တနာခွဲကျော်ကြာမြင့်ပြီး ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီမနက်မှာ ကျနော်တို့ တပ်ဖွဲ့က လမ်းမကြီးကို ဖြတ်ကူးတဲ့အချိန်မှာ မူဆယ်ဘက်က ဆင်းလာတဲ့ စစ်တပ်နဲ့ လမ်းမပေါ်မှာတွေ့လို့ ပစ်ခတ်မှုဖြစ် တယ်ကြားတယ်။ အပျက်အစီးကတော့ ကျနော်တို့ မသိရသေးဘူး။ အသေးစိတ်ကတော့ မသိရသေးပါဘူး” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သောနေရာသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သသည့် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် ဖြတ်သန်းသွားလာနေကြသည့် ကားကြီး၊ ကားငယ်၊ တွဲကားများက အဆိုပါလမ်းမကြီးအနီးရှိ နမ့်ကွတ်ရွာတွင် ရပ်ကာ ပုန်းခိုနေရသည်ဟု ဒေသခံတဦး ထံမှ သိရသည်။
တပ်မတော်ကလည်း မေလ ၉ ရက်က အကြမ်းဖက်အဖွဲ့အစည်းများရှိရာ နေရာမှအပ ကျန်နေရာများတွင် အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။
မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားသော TNLA၊ AA နှင့် ကိုးကန့်အဖွဲ့ MNDAA တို့သည် ယခုလ ၃ ရက်နေ့က တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။ သို့သော်လည်း စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို လိုအပ်လျှင် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည်ဟု မေလ ၁၀ ရက်နေ့က ထပ်မံထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။