COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကိစ္စရပ်များနှင့် COVID-19 ကာလအလွန် စိုက်ပျိုးရေးကဏ္ဍနှင့် လူမှုစီးပွား ကဏ္ဍများ ပြန်လည် ထူထောင်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၂၃၀ ရယူရန် အစိုးရ၏ တင်ပြချက်ကို ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်သည်။
အစိုးရသည် COVID-19 ကာလအလွန် စိုက်ပျိုးရေးကဏ္ဍ ပြန်လည်မြှင့်တင်နိုင်မည့် အစီအစဉ်များ ပါဝင်သော မြန်မာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း အတွက် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ ဒေါ်လာ သန်း ၂၀၀ ချေးယူရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။
ထို့ပြင် မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ စီမံကိန်းနှင့် COVID-19 ကဲ့သို့သော ကမ္ကာ့ကူးစက်မြန် ရောဂါများ ကုသရေး ဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ဒေါ်လာသန်း ၃၀ ချေးငွေ ရယူရန် လွှတ်တော်က ထပ်မံ အတည်ပြုခဲ့သည်။
အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ဒေါ်လာသန်း ၃၀ ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်း၏ ရည်ရွယ်ချက်များမှာ ခက်ခဲ ဝေးလံသော ဒေသများတွင် ရှိသည့် ပြည်သူများ ကူးစက်မြန်ရောဂါ ဖြစ်ပွားပါက အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန်၊ နယ်စပ်ဒေသနှင့် ဝေးလံခေါင်ဖျားဒေသများရှိ အချက်အခြာကျသော ဆေးရုံများ၏ အရည်အသွေး နှင့် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု တိုးတက်လာခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာ စေရန် စသည့် အချက်များ ပါဝင်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “ADB ကချေးတဲ့ သန်း ၃၀ သည် ခက်ခဲ ဒေသမှာရှိတဲ့ ဆေးရုံတွေရဲ့ အဆင့်တွေ အလွန်မြင့်သွားမှာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ဒီ ADB ကချေးတဲ့ သန်း ၃၀ ကိုတော့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကကြီးကနေတဆင့် ထောက်ခံပေးပါရန် တင်ပြအပ်ပါတယ်”ဟု ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း အတွက် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ အပြည်ပြည် ဆိုင်ရာဖွဲ့ဖြိုးရေးအဖွဲ့ (IDA)ထံမှ ဒေါ်လာ သန်း ၂၀၀ ချေးယူမှုမှာလည်း COVID-19 အလွန်ကာလ ကျေးလက်ဒေသရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ပြန်လည်ထူထောင်နိုင်ရန်အတွက် ပြုလုပ်ရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က “မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ COVID-19 ကပ်ရောဂါ ကျရောက်မှုကြောင့် နိုင်ငံရဲ့ လယ်ယာ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းများအပေါ် ထိခိုက်မှု တွေကို လတ်တလော ပြန်လည်ကုစားမှု အတွက်သာမက COVID-19 အလွန်ကာလအတွက်ပါ လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုး ထုတ်လုပ်လာနိုင်ဖို့မှာ များစွာ အထောက်အပံ့များ ပေးလာနိုင်မှာ ဖြစ်ပါတယ်” ဟု ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
COVID-19 အတွက် ငွေကြေးသုံးစွဲမှုတွင် ပြည်ပချေးငွေများ အသုံးပြုရန် လျာထားမှုမှာ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ IMF ထံမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀၊ ဘမ္ကာ့ဏ်မှ အမေရိကန်ဒေါ်လာ သန်း ၅၀၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၃၀၊ JICA ထံမှ ဂျပန်ယန်း ၃၀ ဘီလီယံ တို့ကို ချေးယူ အသုံးပြုသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက မနေ့က ကျင်းပသည့် ပြန်ထောင်စုလွှတ်တော်တွင် ရှင်းလင်းထားသည်။
ချေးငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းများမှာ အကျိုးအမြတ် ရရှိနိုင်သည့် စီမံကိန်းမျိုးဖြစ်ရန် လိုအပ်ပြီး နိုင်ငံအတွင်း ပြင်ဆင်မှုများစွာ လုပ်ရန်လိုအပ်ကြောင်း၊ ချေးငွေသုံးစွဲမည့် ဘဏ္ဍာနှင့် ရရှိလာမည့် အကျိုးအမြတ်များကို စနစ်တကျ တွက်ချက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံခြားချေးငွေကို ပြည်တွင်းငွေဖြင့် ပြောင်းလဲသုံးစွဲရာတွင် ငွေလဲနှုန်းအတက်အကျ တန်ဖိုးစရိတ်များ ကာမိရန်လည်း လိုအပ်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက သုံးသပ်သည်။
ဒေါက်တာ ဇော်ဦးက “ချေးငွေချေးယူပြီး အလုပ်လုပ်တဲ့ ကဏ္ဍတွေဟာ သုံးလိုက်လို့ ကုန်သွားလို့ မဖြစ်ပါဘူး။ အဓိကတော့ နိုင်ငံတကာ ချေးငွေတွေ ချေးယူတော့မယ်ဆိုရင် တကယ့်အရေးကြီးတဲ့ အခြေခံမူကတော့ ဒီချေးငွေဟာ ပြန်ဆပ်နိုင်ဖို့ လိုပါတယ်။ ချေးငွေကို ရင်းနှီးမြုပ်နှံမှုလို့ သတ်မှတ်ပြီးတော့ ကျနော်တို့က ချေးယူရတာဖြစ်ပါတယ်။ အဲဒီတော့ ရင်းနှီး မြုပ်နှံမှု တိုင်းဟာ အကျိုးအမြတ်ရှိဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။
ထို့ပြင် စီမံကိန်း စီမံချက်များကို ပံ့ပိုးပေးနိုင်မည့် လုပ်သာကိုင်သာရှိသော အခြေခံမူဝါဒများ ချမှတ်ထားခြင်း၊ ထိခိုက် နစ်နာမှု များကို တွက်ချက်ထားကာ လာမည့် COVID-19 အလွန်ကာလ ဈေးကွက်ထဲတွင် ဝင်ဆန့်ပြီး ပြန်လည် နလန် ထူနိုင်မည့် ကဏ္ဍများနှင့် နိုင်ငံခြားငွေ အမြောက်အများ ရှာဖွေနိုင်မည့် ကဏ္ဍများကို စနစ်တကျလေ့လာ သုံးသပ်ပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကအကြံပြုသည်။
COVID-19 ကြောင့် စီးပွားရေးနှင့် လူမှုရေးထိခိုက်မှုများကို ကုစားနိုင်ရန် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (COVID-19 Economic Relief Plan – CERP) ကို အစိုးရက ၂၀၂၀ ဧပြီလက ရေးဆွဲထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများက ယင်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်ဟု သိရသည်။
အစိုးရ၏ ထုတ်ပြန်ထားသည့် CERP ပန်းတိုင် ၇ ခုတွင် အသေးစား စီးပွားရေး လုပ်ငန်းများကို တိုးတက်စေခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများအား တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကဏ္ဍများအပေါ် သက်ရောက်မှုများကို ဖြေလျော့ပေးခြင်း၊ အလုပ်သမားများအပေါ် သက်ရောက်မှုကို လျော့ပါးစေခြင်း၊ အိမ်ထောင်စုများ အပေါ် သက်ရောက်မှုများကို လျော့ပါးစေခြင်း စသည့်အချက်များ ပါဝင်သည်။
ထို့ပြင် တီထွင်ဆန်းသစ်သည့် ထုတ်ကုန်များထုတ်ရန် အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို အားကောင်းလာစေခြင်း၊ COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် လုပ်ငန်းများကို ငွေကြေးပံ့ပိုးမှု တိုးမြှင့်ပေးရေး စသည့် ပန်းတိုင်များ ပါဝင်ပြီး မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်းအစီအစဉ် ၃၆ ခု ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ COVID-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအပါအဝင် ထိုရောဂါ၏ လူမှုစီးပွား အကျိုးသက်ရောက်မှု များ အတွက် ပြည်ပချေးငွေများအပြင် ကဏ္ဍပေါင်းစုံမှ ရရှိသည့် ပြည်တွင်း ဘဏ္ဍာငွေ ကျပ်ဘီလီယံ ၁၇၀၀ ကျော်ကို လည်း သုံးစွဲလျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက မနေ့က ပြည်သူ့လွှတ်တော်တွင် ရှင်းလင်း ထားသည်။
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကို ကမ္ကာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ကာ့ ကျန်းမာ ရေး အဖွဲ့ (WHO) က ၂၀၂၀ မတ်လ ၁၁ ရက်နေ့က စတင် ကြေညာခဲ့သည်။
ထို့ကြောင့် အစိုးရက ဇန်နဝါရီလ ၃၀ ရက်တွင် ဖွဲ့စည်းထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို မတ်လ ၁၃ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အဖြစ်သို့ တိုးမြှင့် ဖွဲ့စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် မေလ ၂၉ ရက်နေ့ မနက်ပိုင်းထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၀၆ ဦး၊ သေဆုံး ၆ ဦးနှင့် ပြန်လည် သက်သာလာသူ ၁၂၆ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခု စီးပွားရေး သတင်းကို AYA Bank မှ ပံ့ပိုးကူညီသည်။
You may also like these stories:
ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦး ဖြစ်လာမလား
လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံနေရသည့် ဦးတီခွန်မြတ်ဘက်မှ NLD ရပ်တည်မည်