ကရင်ပြည်နယ် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များမှ တရားဝင် ထုတ်ပေးထားခြင်း မရှိသော တပ်ဖွဲ့တံဆိပ်၊ အမှတ်အ သား၊ အဆောင်အယောင် တပ်ဆင်သုံးစွဲသူများကို စိစစ်ကာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အရေးယူမှုကို ကရင်ပြည်နယ် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြည်နယ်အစိုးရ၊ ရဲတပ်ဖွဲ့၊ တပ်မတော်တို့ ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်သည်။
ကရင်ပြည်နယ်တွင်း၌ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား အစည်းအရုံး၊ ငြိမ်းချမ်ရေး ကောင်စီ (KNU/KNLA-PC) စသည့် လက်နက်ကိုင် တပ်ဖွဲ့များ အခြေစိုက် လှုပ်ရှားလျက် ရှိသည်။
KNU/KNLA-PC က ၎င်းတို့ အဖွဲ့အစည်းနှင့် ပတ်သက်သော Logo၊ Sticker၊ လက်မောင်းတံဆိပ်၊ ဦးထုပ်တံဆိပ်၊ လည် စည်းပုဝါ စသည့် အမှတ်သားများကို ဗဟိုဌာနချုပ်၏ ခွင့်ပြုချက်မရဘဲ ထုတ်လုပ် ရောင်းချခြင်း မပြုရန်နှင့် တရားမဝင် ထုတ်လုပ်ရောင်းချ သုံးစွဲကြောင်း တွေ့ရှိပါက ပြင်းထန်စွာ အပြစ်ပေးခံရမည်ဟု မေလ၂၇ ရက်တွင် ထုတ်ပြန်ကြေညာ ထားသည်။
KNU/KNLA-PC ၏ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က “လွန်ခဲ့တဲ့၂ နှစ်တုန်းကလည်း အဲဒီလိုမျိုး ခွင့်ပြု ချက်မရှိဘဲ အမှတ်တံဆိပ်တွေ သုံးတာကို မလုပ်ဖို့ အမိန့်စာတော့ ထုတ်ထားတယ်။ ဒါပေမယ့် ကျနော်တို့က လမ်းပေါ် ထွက် စိစစ်ပြီး အရေးယူဖို့ကျတော့ အားနည်းတော့ အဲဒါတွေက ဆက်ဖြစ်နေတယ်။ အဲဒါကြောင့် ခွင့်ပြုချက် မရှိဘဲနဲ့ အလွဲသုံးစား လုပ်နေတဲ့ တရားမဝင်တွေကို စိစစ် အရေးယူဖို့ စာထုတ်လိုက်တာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောကြား သည်။
KNU/KNLA-PC တွင် တပ်ရင်းမှူး အဆင့် ရာထူးရှိသူများသာ အသုံးပြုရန် အဖွဲ့အစည်း၏ အမှတ်အသား၊ အဆောင်အယောင်များကို ထုတ်ပေးလေ့ ရှိသော်လည်း အချို့အရာရှိများမှတဆင့် အဖွဲ့၏ အမှတ်အသား တံဆိပ်များသည် ကုန်သည် အချို့ထံ ရောက်ရှိနေကြောင်း၊ အဆိုပါ ကုန်သည်များသည် အဖွဲ့၏ တံဆိပ်များကို ကုန်စည်များ ကူးသန်းရောင်းဝယ်ရာ တွင် အသုံးပြုသည်များလည်း ရှိကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “အဲဒါတွေကလည်း ကျနော်တို့ ဘက်က လိုအပ်တဲ့ အပိုင်းတွေလည်း ပါပါတယ်။ တပ်ဖွဲ့တွေ ကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီးတော့ ကိုယ့်ရပ်ရွာဒေသမှာ ပြန့်ကျဲပြီး နေထိုင်ရတဲ့အခါကျတော့ ကျနော် တို့ ဌာနချုပ်က လက်လှမ်း မမှီတာတွေလည်း အများကြီး ရှိတာပေါ့” ဟု ပြောဆိုသည်။
အဖွဲ့အစည်း၏ တံဆိပ်များကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုနေသည်ကို စိစစ်တွေ့ရှိပါက ပထမအကြိမ်တွင် နောက်မလုပ်ရန် အသိပညာပေးမည် ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံ လုပ်ဆောင်ပါကမူ KNU/KNLA-PC ၏ စစ်ဘက်ဆိုင်ရာ စည်းကမ်း ထိန်း သိမ်းရေး ကော်မတီက အပြစ်ပေး အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ (BGF) ကလည်း BGF တပ်ဖွဲ့၏ တံဆိပ်၊ အမှတ်အသားများအား တရားမဝင် အသုံး ပြုနေသူများကို စိစစ်အရေးယူနေကြောင်း သိရသည်။
BGF တပ်ဖွဲ့မှ ဗိုလ်မှူး နိုင်မောင်ဇော်က “ကျနော်တို့က ကိုယ့်ဘာသာ အရပ်သုံးကားနဲ့ သွားပေမယ့် လမ်းမှာ BGF တံဆိပ်တွေ ဘာတွေနဲ့ သွားတာတွေ တွေ့နေတယ်။ ဒါက တပ်ဖွဲ့ရဲ့ ပုံရိပ်လည်း ကျဆင်းစေတယ်။ နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်တဲ့အတွက် ဒါကို အဖွဲ့စုံပေါ့။ အထက်ကလည်း ညွှန်ကြားချက် ရှိလာတယ်။ တခြား အဖွဲ့ တွေကလည်း သူတို့ လုပ်ချင်ပါတယ် ဆိုတာနဲ့ စုပေါင်းနဲ့ လုပ်နေတာပါ” ဟု ဧရာဝတီသို့ ပြောကြားသည်။
စတစ်ကာများ ထုတ်လုပ်သည့် ဆိုင်များကိုလည်း သက်ဆိုင်ရာ တပ်ဖွဲ့ အသီးသီး၏ ခွင့်ပြုချက်မရဘဲ စတစ်ကာများ၊ Logo များ ထုတ်လုပ် ရောင်းချခြင်း မပြုရန် ကြပ်မတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဗိုလ်မှူး နိုင်မောင်ဇော်က “များသောအားဖြင့် အစ်ကိုတို့ စစ်ဆေးလိုက်ရင် ၁၀ စီးမှာ ၉ စီးလောက်က တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲနဲ့ ရောင်တော်ပြန် တွေများတယ်။ သူတို့က တံဆိပ်တပ်ထားတဲ့ အခါကျတော့ လမ်းတံတား ဂိတ်တွေက တပ် ဖွဲ့က လူတွေပဲ ထင်ပြီး သူတို့ကို မကောက်တော့ဘူး။ တကယ်တမ်း ကျတော့ အခွန်တွေလည်း အများကြီး ထိခိုက်တယ်” ဟု ရှင်းပြသည်။
သက်ဆိုင်ရာ တပ်ဖွဲ့အသီးသီး၏ ခွင့်ပြုချက်မရဘဲ တံဆိပ် အတုများတပ်ကာ တရားမဝင် ကုန်စည်များ၊ လက်နက်နှင့် မူး ယစ်ဆေးဝါးများ သယ်ဆောင်လာသည်ကို ဖမ်းဆီးရမိပါက တံဆိပ် အလွဲသုံးခံရသည့် အဖွဲ့အစည်းအတွက် ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သဖြင့် ပူးပေါင်း တားမြစ်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
KNU အဖွဲ့ကလည်း ကရင်ပြည်နယ်တွင် သက်ဆိုင်ရာ အဖွဲ့အသီးသီး၏ အမှတ်တံဆိပ်များကို အလွဲသုံးစားပြုနေမှုများအား မေလ တတိယပတ်ကတည်းက စတင် စိစစ် ဖော်ထုတ်နေကြောင်း ဆိုသည်။
KNU တပ်မဟာ (၆) လုံခြုံရေး တပ်ဖွဲ့မှူး ဗိုလ်မှူးစောရန်နိုင် က “တရားမဝင် ကားပေါ်မှာ ကပ်ထားတဲ့ စတစ်ကာတွေကို ခွာတာပေါ့။ စိစစ်ကြပ်မတ်တယ်ဆိုတာ အရေးယူတာတော့ မဟုတ်ဘူး။ ကားတွေကို စစ်ဆေးတယ်။ ပြီးရင် အဲဒီဟာတွေ ရှိတယ်ဆိုရင် သက်ဆိုင်ရာက စိစစ်ပြီးခွာလိုက်တာပေါ့” ဟု ပြောကြားသည်။
ကရင်ပြည်နယ်တွင် မည်သူမဆိုတန်းတူ အခွင့်အရေးပေးကာ တရားဥပဒေနှင့်အညီ ခရီးသွားလာခွင့်ပြုထားသော်လည်း အချို့သော ကုန်သည်များ၊ လူပုဂ္ဂိုလ်များသည် လက်နက်ကိုင် တပ်ဖွဲ့တခုခု၏ တံဆိပ်များ တပ်ဆင်ပြီး အထူး အခွင့်အရေး ရသူများ ဟန်ဆောင်ကာ စစ်ဆေးရေး ဂိတ်များတွင် မချေမငံ ပြောဆိုဆက်ဆံခြင်းများ ရှိနေကြောင်း၊ အဆိုပါ အခြေအနေ များကို တားမြစ်ရန် လိုအပ်လာသဖြင့် စိစစ်ကြပ်မတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူး စောရန်နိုင် က “စိစစ်တာက BGF ပါတယ်။ KNU ပါတယ်။ ရဲပါတယ်။ PC ၊ DKBA အားလုံးပါတယ်။ စိစစ်တဲ့နေရာမှာလည်း တခုတည်း မကဘူး။ အားလုံးကို တပြေးညီ လုပ်ပါတယ်။ ကျနော်တို့ KNU အဖွဲ့ ပုံစံအတုလုပ်တာတွေက နည်းပါတယ်။ ပြောမယ်ဆို မရှိသလောက်ပဲ။ ဒါပေမယ့် အဖွဲ့အစည်း အားလုံး ပါဝင်ပြီးလုပ်ကြတော့ ကျနော်တို့လည်း ပါဝင်သင့်တယ်ဆိုပြီး ဝိုင်းလုပ် ကြတာပါ” ဟု ဆိုသည်။
စိစစ်ကြပ်မတ်မှု ဆောင်ရွက်မည့် ကာလကို အကန့်အသတ် မထားဘဲ တရားမဝင် အလွဲသုံးမှုများ ပပျောက်သည်အထိ လုပ်ဆောင်ကြရန် ပူးပေါင်း အဖွဲ့များကြား ညှိနှိုင်းထားသည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော်အနေနှင့် လက် နက်ကိုင်အဖွဲ့များ၏ တံဆိပ်အတုများဖြင့် သွားလာနေမှုများကို ယခင်ကတည်းပင် စိစစ်ကြပ်မတ်ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်ပြောချင်တာက စည်းမျည်းစည်းကမ်းတွေ ရှိပြီး ဖြစ်တယ်။ စည်းမျဉ်းစည်းကမ်းတွေ ဆိုတာက အဖွဲ့အစည်းဖြစ်ရင် တောင်မှ လက်နက်ကတော့ သယ်ဆောင်ခွင့် မရှိဘူး။ ဘယ်အဖွဲ့အစည်း မဆိုပဲ။ ဒါတွေနဲ့ ပတ်သက်ပြီး အရင်ကတည်းက ကျနော်တို့ လုပ်နေတာပါ။ အခု နောက်ပိုင်းတော့ ပိုပြီးကြပ်ကြပ်မတ်မတ် လုပ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းကိုခိုင်ကမူ ပြည်နယ်လုံခြုံရေး အခြေအနေကြောင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး တရား မဝင် လက်နက် သယ်ဆောင်မှုများနှင့် မူးယစ်ဆေး သယ်ဆောင်မှုများကို တားမြစ်ရန်ရည်ရွယ်ကာ စိစစ်ကြပ်မတ်နေခြင်း လည်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်စပ်ဖတ်ရှုရန်
အရပ်ဝတ်ဖြင့် လက်နက်မပါဘဲ ဗိုင်းရပ်စ် စစ်ဆေးရန် KNU နှင့် အစိုးရ သဘောတူ
အစိုးရနှင့် KNU နှစ်ဘက် စစ်ရေးတင်းမာမှုကိစ္စ ညှိနှိုင်းဆွေးနွေး