ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် ယူနက်စကိုက အသိအမှတ်ပြုခဲ့သည့် ပုဂံရှေး ဟောင်းယဉ် ကျေးမှု နယ်မြေအတွင်း၌ ယခုအခါ ဥပဒေမဲ့ အဆောက်အအုံများ တိုးချဲ့ခြင်း၊ ခြံဝန်းခတ် ကျူးကျော်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ပုဂံမြို့သစ် အရှေ့မြောက်ဘက်ရှိ တာမဏီဘုန်းကြီးကျောင်းနှင့် ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီများအနီး ခွင့်ပြုချက်မရဘဲ ခြံဝန်းခတ်နေမှုနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြ ဝေဖန်မှုများ ရှိနေသကဲ့သို့ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် ယူနက်စကို ရုံးခွဲမှလည်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အသိပေးကန့်ကွက်ထားကြောင်းသိရသည်။
ထိုသို့ ကမ္ဘာ့အမွေအနှစ် ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ဥပဒေမဲ့ အဆောက်အအုံများ တိုးချဲ့ခြင်း၊ ခြံဝန်း ခတ် ကျူးကျော်ခြင်းများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) အနေဖြင့် ယင်း မြေယာပိုင်ဆိုင်သူကို ဥပဒေအရ အရေးယူ တရားစွဲရန် ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းပုဂံဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က “မနေ့က တာမဏီဆရာတော်နဲ့ သံဃနာယက ဥက္ကဋ္ဌတွေ သာသနာရေးအဖွဲ့တွေနဲ့ တွေ့ပြီး လျှောက်ပြီးပြီ။ တကယ်တမ်း ဆရာတော်က မဟုတ်ဘူးဆိုပြီး ဖြစ်ပြန်တော့ အခု မြေပိုင်ရှင်က ဘယ်သူလဲဆိုပြီး မြေပြင် အခြေအနေလိုက်စုံစမ်းနေရဆဲပေါ့လေ။ မလုပ်ဖို့ တားမြစ်ချက်တွေတော့ ထုတ်ထားတယ်” ဟု ဆိုသည်။
လွန်ခဲ့သည် ၁နှစ်ကျော် တာမဏီဘုန်းကြီးကျောင်း မုဒ်ဦး ဆောက်စဉ်က အကြိမ်ကြိမ် တားမြစ်စာများ ထုတ်သော်လည်း ဆရာတော်မှ အကြောင်းပြန်ကြားခြင်း မရှိကြောင်း၊ ထိုနောက် လွန်ခဲ့သည့် ၃လခန်မှ စ၍ တာမဏီဘုန်းကြီးကျောင်း မုဒ်ဦးနှင့် တဆက်တည်း နေရာမှ ခြံစည်းခတ်လာပြန်သဖြင့် ဘုန်းကြီး ကျောင်းမှ ကျူးကျော်သည်ဟု ယူဆကာ တားမြစ်စာများ ထုတ်ခဲ့ကြောင်း၊ ယခု ဆရာတော်နှင့် မျက်နှာခြင်း ဆိုင် တွေ့ဆုံရာ ဝန်းခြံခတ်သည့် ပိုင်ရှင် မှာ တာမဏီဘုန်းတော်ကြီးကျောင်းမှ မဟုတ်ဟု သိရကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာသန်းထိုက်က “ဒီတခုတည်း မဟုတ်သေးဘူး။ ခေမရဌ်ဘုန်းကြီးကျောင်းလည်း သံဆူးကြိုးတွေနဲ့ ကာတာ။ အဲဒါလည်း ဆရာတော်ကိုလျှောက် တားမြစ်စာတွေထုတ်။ မြို့နယ်သာသနာရေး၊ သံဃနာယက တို့နဲ့ တွေ့တဲ့အချိန် ဆရာတော်က နားလည်သဘောပေါက်သွားပြီး သူ့ရဲ့ ခြံစည်းရိုးခတ်ထားတဲ့ဟာ ပြန်ဖယ် ရှားလိုက်တယ်။ တာမဏီကတော့ လက်ရှိ မူလပိုင်ရှင် စုံစမ်းဆဲ။ သိရှိပြီဆို ခြံစည်းခတ်ထားတဲ့ ဟာတွေ ပြန်လည်ဖယ်ရှားပေးဖို့ ပြောထားပြီးသား။ အဲဒီလို လိုက်နာဆောင်ရွက်ခြင်း မရှိရင်တော့ ဥပဒေ အရ အရေးယူဆောင်ရွက်တာတွေ လုပ်မှာပါ” ဟု ပြောသည်။
ပုဂံအမွေအနှစ်ဒေသကို အခြေခံကာ နေထိုင်လုပ်ကိုင် စားသောက်နေသည့် ဒေသခံဖြစ်စေ၊ ဒေသခံ မဟုတ်သူ ဖြစ်စေ နည်းလမ်းအမျိုးမျိုးဖြင့် ကျူးကျော်ခြင်း၊ တည်ဆောက်ခြင်း၊ ကိုယ်ကျိုးစီးပွား အလို့ငှာ အမွေအနှစ်များကို ထိခိုက်ဖျက်ဆီးမှုများ ပြုလုပ်မည်ဆိုပါက ကမ္ဘာ့အမွေအနှစ်ဆိုသည်ကို မကြာခင် ဆုံးရှုံးသွားရမည်ဟုလည်း ၎င်းက သတိပေးသည်။
ဒေသခံတချိုကမူ အဆိုပါနေရာသည် ပုဂ္ဂလိက လုပ်ငန်းရှင်တဦးက ဝယ်ယူထားခြင်း ဖြစ်နိုင်ပြီး ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်ပြီးနောက် အဆောက်အအုံများ ဆောက်လုပ်ခွင့် မရသည့်အခါ တာမဏီဘုန်းကြီးကျောင်း ကို လှူလိုက်ရာမှ ယင်းဘုန်းကြီးကျောင်း ဆရာတော်က ထိုသို့ ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ဧရာဝတီ အား ပြောဆိုသည်။
ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက “ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တိတိကျကျ မသိရပေမယ့် ဒီနေရာတွေမှာ ဘယ်လိုမှ အခိုင်အမာ ဆောက်လုပ်ခွင့်မရှိတဲ့ နေရာတွေဖြစ်တယ်။ ရှေးဟောင်းဘုရားတွေကိုလည်း ကိုယ့်ရဲ့ပိုင်ဆိုင်မှု အနေနဲ့ ခြံအတွင်းကို ထည့်သွင်းပြီးတော့ ခတ်ထားလို့ လည်း မရပါဘူး” ဟု မှတ်ချက်ပြုသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သည်သာမက ရိုးရာယုံကြည်မှုအရလည်း ဘုရား၊ ပုထိုး၊ စေတီများ ဆိုလျှင် အများသူငါ မည်သူမဆို အယုတ်အလတ် အမြတ်မရွေး ဝင်ရောက်ဖူးမြော်ခွင့် ရှိရမည်ဟုလည်း ၎င်းက ဆိုသည်။
“ပြောချင်တာက ပြည်ထောင်စုအဆင့် အနေနဲ့ ပုဂံဟာ တကမ္ဘာလုံးနဲ့တောင် သက်ဆိုင်တဲ့ အမွေအနှစ်ဖြစ် တဲ့အတွက် ဒီအမွေအနှစ်ကို စီမံခန့်ခွဲတဲ့နေရာမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လိုအပ်ချက်များ ရှိမယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့လည်း ပါဝင်ပြီးမှ ဒါကို ထိန်းသိမ်းသင့်ပါတယ်” ဟု ဒေါ်ဥမ္မာမျိုး က အကြံပြုတိုက်တွန်းသည်။
အဆိုပါ ခြံဝန်းခတ်မှုနှင့် ပတ်သက်၍ ဒေသခံတချို့နှင့် အဖွဲ့အစည်းများက ကန့်ကွက်လျက်ရှိပြီး မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနများထံ တိုင်ကြားထားကြောင်း သိရ သည်။
တာမဏီကျောင်း ခြံဝန်းခတ်ထားသည့် နေရာသည် အမွေအနှစ်ထိန်းသိမ်းရေးဇုန် (Property Zone)၌ ကျရောက်နေသည့်အပြင် ၂၀၁၉ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်း ရေး ဥပဒေအရလည်း ခြံဝန်းခတ်ခြင်း ပြုလုပ် မရကြောင်း၊ ယင်းသည် ဥပဒေချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (BHT)မှ အလုပ်အမှုဆောင် ဦးမြင့်နိုင်က သုံးသပ်သည်။
အဆိုပါကိစ္စကို လက်ခံနိုင်စရာ မရှိသဖြင့် အဖွဲ့အနေဖြင့်လည်း ကန့်ကွက်လွှာရေးကာ တင်ပြသွားမည်ဟု ဆိုသည်။
ဦးမြင့်နိုင်က“ခြံဝန်းကြီး ခတ်ပြီးမှ သိကြတယ်၊ ပြဿနာဖြစ်ကြတယ်၊ ကန့်ကွက်ကြတယ်၊ ဒီလိုမျိုး ဥပဒေကို ချိုးဖောက်မှုတွေ လုပ်ပြီးမှ သိတာတွေ များတယ်။ ဒီရှေးဟောင်းဇုန်ကြီးထဲမှာ တရားဥပဒေစိုးမိုးမှုက အင်မတန် အားနည်းတယ်။ ဒီထက်ပိုပြီး ကြိုးစားမှကို ရမယ်”ဟု တိုက်တွန်းပြောဆိုသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အခန်း(၁၀)၊ ပုဒ်မ ၃၁ တွင် မည်သူမဆို တိုင်းဒေသ ကြီး (သို့) ပြည်နယ် ထိန်းသိမ်းရေးကော်မတီ၏ ကြိုတင်ခွင့်ပြုချက်မရဘဲ အဆောက်အအုံ တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်း၊ ဝင်းခြံနယ်နမိတ်ကို ကာရံခြင်း၊ တိုးချဲ့ပြင်ဆင်ခြင်းများ မပြုလုပ်ရဟု တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ၁ နှစ်မှ ၃ နှစ်အထိ ထောင်ဒဏ် ချမှတ်မည့်အပြင် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားသည်။
“စိန်ခေါ်မှုကတော့ အများကြီးပေါ့။ ဇုန်ကြီးက တအားကျယ်ပြန့်တယ်။ လူနေအိမ်ခြေတွေနဲ့လည်း ရောထွေး နေတယ်။ ပုဂံမှာ အဓိက စိန်ခေါ်မှုကတော့ ဥပဒေမဲ့ ကျူးကျော်မှုတွေပေါ့။ အဆောက်အအုံနဲ့ ခြံဝန်းခတ် ကျူးကျော်မှုတွေကတော့ အများကြီး ဖြေရှင်းစရာ ရှိပါသေးတယ်” ဟု ဦးမြင့်နိုင်က ပြောသည်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် အဆိုပြုလွှာတင်စဉ်က ပုဂံယဉ်ကျေးမှု နယ်မြေကို မည်သို့ ကာကွယ် မည် ဟူသော ကတိကဝတ်၊ စည်းမျဉ်းများကို လက်မှတ် ရေးထိုးထားပြီးဖြစ်ရာ တာဝန်မကျေ လစ်ဟင်းမည် ဆိုပါက ပုဂံကို အန္တရာယ်ရှိသည့် Danger Heritage အဖြစ် သတ်မှတ်ခံရနိုင်သည် ဟူ၍လည်း ၎င်းက သတိပေး ပြောဆိုသည်။
ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက “ပုဂံမှာရှိတဲ့ လူတိုင်း သာသနာရေးနဲ့ ပတ်သက်တဲ့ သံဃာတော်တွေရောပေါ့။ ကမ္ဘာ့အမွေအနှစ် စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးနားလည်ဖို့ လိုလာတယ်။ ကမ္ဘာ့အမွေအနှစ် ဒေသအတွင်းမှာ အမွေအနှစ်တွေကို မထိခိုက်ဘဲနဲ့ ဘယ်လိုနေရမလဲ ဆိုတာကို ထပ်ပြီးတော့မှ အသိပညာပေးမှု တွေ လုပ်ပေးဖို့ လိုတယ်ဆိုတာ မြင်နေရတယ်” ဟု မှတ်ချက်ပြု သည်။
ပထမအဆင့် အားလုံးသိစေရန် ပညာပေးမှု လုပ်ပြီး စီမံခန့်ခွဲရေးပိုင်းကို ပိုမိုအားထည့်ကာ ဥပဒေအတိုင်း အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာမဏီဖြစ်ရပ် တခုတည်းမက သီရိပစ္စယာ ရွာဟောင်းဘက်၌လည်း ထိုသို့ ခြံခတ်ထားသည့် ပိုင်ဆိုင်မှုများ ဖြစ်လာကြောင်း၊ ပျူလေးဆူတန်း ကိစ္စကဲ့သို့ မြေပိုင်ဆိုင်မှု ချပေးလိုက်ခြင်းတို့သည် စီမံခန့်ခွဲမှု အမှားအယွင်းများသာဖြစ်ကြောင်း ၎င်းက ထောက်ပြ သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပုဂံမြို့သစ်အနီး ပုဂံ-ချောက် ကားလမ်းဘေးရှိ ပျူလေးဆူတန်း ဘုရားများ ၏ နောက်တွင် အဆောက်အအုံ ဆောင်လုပ်ရန်အတွက် မြေအောက် အနက် ၄ ပေမှ ၅ ပေအထိ တူးဖော် ကာ ဖောင်ဒေးရှင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကြောင့် ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
၂၀၁၉ ဇူလိုင်တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ပုဂံဒေသတွင် ယဉ်ကျေး အမွေအနှစ်များကို နည်းအမျိုးမျိုးဖြင့် ထိခိုက်စေမည့် ဥပဒေမဲ့ ကျူးကျော်ခြင်းများကြောင့် ယဉ်ကျေးမှု အမွေအနှစ်များ တည်တံ့ရေးအတွက် အမွေအနှစ် ချစ်မြတ်နိုးသူများက စိုးရိမ်လျက်ရှိကြသည်။
ဆက်စပ်လင့်
မြောက်ဦး ယဉ်ကျေးမှု နယ်မြေအတွင်း ကျူးကျော် နေထိုင်မှု များလာ ဟုဆို
ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်
ပုဂံ ရှေးဟောင်း ဘုရားပုထိုးများပေါ် မတက်ရန် သာသနာရေး ထုတ်ပြန်
ပုဂံ ပျူ လေးဆူတန်းဘုရားအနီး ဆောက်လုပ်ရေး လုပ်ငန်း ကန့်ကွက်ခံရ