သတင်း

ကိုဗစ်ကို အကြောင်းပြ၍ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ခြင်း မဟုတ်ဟု တရုတ်ပြော

Want create site? Find Free WordPress Themes and plugins.

တရုတ်အစိုးရသည် COVID-19 ကို အကြောင်းပြ၍ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ခြင်း မဟုတ်ဘဲ ပြည်သူ့ ကျန်း မာရေးကို အလေးထားသဖြင့် မြန်မာနယ်စပ်မှ တင်သွင်းသော ကုန်စည်များအား ကြပ်မတ်နေခြင်း ဖြစ်ကြောင်း မန္တလေးအခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ် ဦးခင်စိန် က ဧရာဝတီကို ပြောသည်။

“ကုန်သွယ်ရေးကို တင်းကြပ်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ တရုတ်အစိုးရ အနေနဲ့ အလေးထားတာ နှစ်ချက် ရှိပါတယ်။ အဲဒါက COVID-19 ရောဂါ ပြန်မဖြစ်ဖို့နဲ့ စီးပွားရေး မြန်မြန်ဆန်ဆန် လည်ပတ်ဖို့ တွန်းအားပေးနေ တာပါပဲ။ အဲဒီမှာ အစိုးရရဲ့ မူဝါဒက မြန်မာနိုင်ငံအတွက်လည်း အတူတူပါပဲ” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် မေ ၂၃ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံမှ COVID -19 ဓာတ်ခွဲခန်းသုံးဆိုင်ရာ ပစ္စည်းများ လှူဒါန်းပွဲ အပြီး ဧရာဝတီ သတင်းဌာန၏ လက်ရှိ နယ်စပ်ကုန်သွယ်ရေး ယူနန်ပြည်နယ် အစိုးရက တင်းကြပ်သော ဆောင်ရွက် ချက်နှင့် ပတ်သက်သည့် မေးမြန်းချက်အား တရုတ် ကောင်စစ်ဝန်ချုပ်က ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တရုတ် ကောင်စစ်ဝန်ချုပ် ဦးခင်စိန်က “အဲဒါနဲ့ ပတ်သက်ပြီး ကျနော် ဒီကို မလာခင်ကလည်း ယူနန်ပြည်နယ် အစိုးရ ကို သေချာ စုံစမ်းခဲ့ပါတယ်။ ကိုဗစ်ကြောင့် မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို လုံး၀ မဝယ်ဘူးလို့ ကန့်သတ်ပစ်တာမျိုး မရှိပါဘူး။ ကုန်စည်အားလုံးက စနစ်တကျနဲ့ နယ်စပ်ကတဆင့် တရုတ်နိုင်ငံကို ရောင်းချနေပါတယ်။ ဒါပေမယ့် ရောဂါ မဖြစ်ခင်က အခြေအနေလောက် အထိတော့ မများသေးဘူးပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ စတင်၍ COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီးနောက် တရုတ်အစိုးရက နယ်စပ် ဂိတ်များတွင် အဝင်အထွက် ကန့်သတ်လိုက်ခြင်း၊ ကုန်စည်တင်ပို့မှုတွင် တင်းကြပ်ခြင်း၊ တရုတ်နိုင်ငံအတွင်းသို့ ကုန် စည် တင်ပို့ရာတွင် ကုန်ကားများ၌ ကျန်းမာရေး စစ်ဆေးမှု အောင်မြင်ပြီးသော အစားထိုး ယာဉ်မောင်းများဖြင့် ပြောင်း လဲရန် စသည့် သတ်မှတ်ချက်များအား ထုတ်ပြန် ဆောင်ရွက်နေသည်မှာ ယနေ့အထိ ဖြစ်သည်ဟု တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်သည်များက ဧရာဝတီကို ပြောပြသည်။

သို့ရာတွင် ယူနန်ပြည်နယ် အစိုးရ၏ နယ်စပ်ဂိတ်များတွင် ချမှတ်ထားသော COVID-19 ထိန်းချုပ်ရေး စည်းကမ်းချက် များသည် တသမတ်တည်း မဟုတ်ဘဲ သားရေကွင်းကဲ့သို့ အတိုးအလျှော့ ပုံစံသွားနေသဖြင့် နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရသော လုပ်ငန်းရှင် အများစုအတွက် အကြပ်အတည်း ဖြစ်စေသည်ဟု ပြောဆိုကြသည်။

မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများ အသင်း၏ ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းခင်မောင်က “သူတို့ လိုချင်တဲ့ကုန်ဆိုရင် ဖွင့်ပေးတယ်။ အဲဒီလိုမှ မဟုတ်ရင် ကိုဗစ် အကြောင်းပြပြီး ကန့်သတ်တယ်။ တဖက်လှည့်နဲ့ ဖမ်းတာ ဆီးတာတွေ လုပ် တယ်။ ကိုဗစ် မတိုင်ခင်ကလည်း ဒီလိုတွေ မကြာခဏ ရှိခဲ့ပေမယ့် အခု ကိုဗစ်ကာလဆိုတော့ ကျန်းမာရေး အကြောင်း ပြလို့ ပိုကောင်းသွားတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

သရက်သီးများကို တရုတ်သို့ ရောင်းရန်အတွက် စောင့်ဆိုင်းနေကြစဉ် (ဓာတ်ပုံ-ခွာညိုသစ်သီးပွဲရုံ/Facebook

မြန်မာ-တရုတ် နယ်စပ် စခန်းများမှာ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး တို့ဖြစ်ပြီး မူဆယ်နယ်စပ် ကုန် သွယ်ရေး စခန်းသည် နှစ်စဉ် ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသော နယ်စပ်စခန်း တခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိပြီးနောက် ယူနန်ပြည်နယ် အစိုးရက မူဆယ် နယ်စပ် စခန်းနှင့် ဆက်စပ်နေ သော ကျင်စန်းကျော့ ဂိတ်ပေါက်ကိုသာ ကုန်စည် စီးဆင်းမှုအတွက် ဝင်ထွက်ခွင့်ပြုထားပြီး ထိုသို့ ဝင်ထွက်ရာတွင် ကျန်းမာရေး ဆိုင်ရာ ဆေးစစ်ချက်များ အောင်မြင်ထားသော ယာဉ်မောင်းများဖြင့်သာ အစားထိုး ယာဉ်မောင်း စနစ်ဖြင့် သွားလာလျက် ရှိသည်ဟု နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များထံက သိရသည်။

ထို့ကြောင့် လိုအပ်သည်ထက် အချိန်ကြန့်ကြာခြင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်ကားအစီးရေ၏ ထက်ဝက်ခန့်သာ အဝင်အထွက် လုပ်နိုင်ခြင်း၊ ကုန်စိမ်းဖြစ်ပါက လမ်းတွင် အချိန်ကြာမြင့်သဖြင့် ပျက်စီး ဆုံးရှုံးမှုများ ရှိခြင်း၊ ဝယ်သူ လက်ထဲသို့ ကုန်စည် ရောက်ရှိချိန်သည် ယခင်ကထက် အချိန် ၃ ဆခန့် ကြာခြင်း တို့ကြောင့် ငွေကြေးလည်ပတ်မှု လည်း နှေးသွားခြင်း စသည့် အခက်အခဲတို့ကို ကြုံတွေ့ရသည်ဟု ကုန်သည်များက ဆိုသည်။

မန္တလေးမြို့ခံ ပဲကုန်သည်ကြီး တဦးဖြစ်သူ ဦးဆန်းထွန်းလွင်က “အရင်က တရုတ်ကို ပို့တဲ့မြေပဲဆန် ပမာဏ အားလုံး ရဲ့ ၉၀ ရာခိုင်နှုန်းက ချင်းရွှေဟော်ကနေ သွားတယ်။ အခု ချင်းရွှေဟော်က ပိတ်ထားတော့ ဖွင့်တဲ့ ဂိတ်ပေါက်ကလည်း တခုပဲရှိတော့ တက်လာသမျှ ကုန်ကား အားလုံး ပြုံတိုးရတယ်။ အဲဒီတော့ အရင်က ၄၊ ၅ ရက်နဲ့ ရောက်မယ့်ကုန်က အခုဆို ၁၅ ရက်လောက်နေမှ တရုတ် ကုန်သည်လက်ထဲ ရောက်တယ်” ဟု ဧရာဝတီကို ပြောသည်။

တရုတ် ကောင်စစ်ဝန်ချုပ် ဦးခင်စိန်က “မမျှော်လင့်ဘဲ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားလာတယ်။ ဒါကြောင့် နှစ်နိုင်ငံ စီးပွား ရေး ပူးပေါင်း ဆောင်ရွက်မှုမှာ ထိတော့ ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ကျနော် ယုံကြည်ပါတယ်။ ဒါက ယာယီပါပဲ။ အခုဆို တရုတ်နိုင်ငံရဲ့ စီးပွားရေးလည်း ပြန်လည် လည်ပတ်နေပါပြီ။ မြန်မာနိုင်ငံကို တိုက်တွန်းချင်တာက တဖက်က ပြည်သူလူထု ကျန်းမာရေးနဲ့ လူမှုစီးပွားရေးကို ဘက်မျှအောင် လုပ်ဖို့ပါပဲ” ဟု ပြောဆိုသည်။

တရုတ်နိုင်ငံဘက်မှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တချို့ကို ဝယ်ယူမှု ကန့်သတ်ခြင်း၊ ဝယ်လိုအား မရှိတော့ခြင်း စွန့်ပစ်ရခြင်း၊ ဖျက်ဆီးပစ်ရခြင်းတို့ လုပ်ဆောင်ခဲ့ရပြီး၊ စိုက်ပျိုး ထုတ်လုပ်သူများနှင့် တင်ပို့သူများအတွက် အခက် အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ပြည်ထောင်စုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က “ဒီလို ကာလမှာ တနိုင်ငံနဲ့ တနိုင်ငံ ကူးလူးဆက်သွယ်တဲ့အခါ ကန့်သတ်မှုတွေတော့ များလိမ့်မယ်၊ ပြည်တွင်းမှာတောင် တနေရာနဲ့ တနေရာသွားရင် သတ်မှတ်ချက် စည်းကမ်းတွေရှိနေသေးတဲ့ အချိန်ဆိုတော့ တခြားနိုင်ငံနဲ့ဆို ပိုများ လိမ့်မယ်။ ဒါပေမဲ့ ကိုဗစ် အလွန်ကာလမှာတော့ နှစ်နိုင်ငံကုန်သွယ်ရေးကို ဘယ်လို ချောမွေ့အောင်၊ ပုံမှန်ဖြစ်အောင် လုပ်ကြမလဲဆိုတာကိုတော့ နှစ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအမံတွေတော့ လုပ်သွားဖို့ရှိပါ တယ်” ဟု ဧရာဝတီကိုပြောသည်။

၎င်းအစီအမံများတွင် တရုတ်က ဈေးကွက်ဝယ်လိုအား ရှိသော ကုန်စည်များအား တရားဝင် အရောင်းအဝယ် ပြုလုပ်နိုင်ရန် ကဏ္ဍအလိုက် နှစ်နိုင်ငံ တရားဝင်နားလည်မှု စာချွန်လွှာများရေးထိုးခြင်း၊ ပြည်တွင်းစိုက်ပျိုးရေး ထုတ်ကုန်များအား အရည်အသွေးပိုင်းဆိုင်ရာမြှင့်တင်ခြင်း၊ နှစ်နိုင်ငံကုန်သွယ်ရေး ကိုယ်စားပြုအဖွဲ့များနှင့် ဆွေးနွေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။

ဆက်စပ်ဖတ်ရှုရန်

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို အွန်လိုင်းမှ ရောင်း/ဝယ်ရန် စီစဉ်

တရုတ် တင်ပို့ခွင့် ပိတ်သဖြင့် ရွှေလီမြစ်ထဲ ပြောင်းတန်ချိန် ရာနှင့်ချီ စွန့်ပစ်နေရ

မန္တလေး ကျောက်ဝိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ရရန် တင်ပြမည်

Did you find apk for android? You can find new Free Android Games and apps.
Loading