ဗစ်တိုးရီးယားအမှုတွင် အဓိကတာဝန်ရှိသူ ရဲအရာရှိကြီး ၃ ဦးကို ပြည်ထဲရေး ဝန်ကြီးဌာနက ရာထူးတိုးမြှင့်မှု ရပ်ဆိုင်း သည့် ပြစ်ဒဏ်ဖြင့် အရေးယူထားကြောင်း ယနေ့ နေပြည်တော်တွင် ပြုလုပ်သည် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
“တိတိကျကျ ပြောရရင် အဓိက တာဝန်ရှိတဲ့ ရဲအရာရှိ ၃ ဦးကို အရေးယူထားပါတယ်။ ဘယ်လို အရေးယူထားလဲဆိုရင် ရာထူးတိုးမြှင့်ခြင်း ရပ်ဆိုင်းတဲ့ (Promotion Stop) ပြစ်ဒဏ်ပေါ့နော်။ အဲဒါ အရေးယူထားတယ်လို့ ကျနော်တို့ကို တင်ပြ ထားပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ယနေ့ ပြုလုပ်သည့် အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာနက ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရဲ တပ်ဖွဲ့ တာဝန်ရှိသူများအား မည်ကဲ့သို့ အရေးယူထားသည်ကို သိလိုကြောင်း မေးခွန်းအပေါ် ဦးဇော်ဌေးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် ရဲအရာရှိများကို အရေးယူမှုများ ပြုလုပ်ထားသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မည့်သည့်ရာထူး၊ မည်သူဆိုသည်ကိုမူ အတိအကျ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူက နိုင်ငံတော်သမ္မတထံ လိပ်မူပြီး အမှုကို ကူ ညီ ဆောင်ရွက်ပေးရန် တင်ပြလာမှုအပေါ် သမ္မတက ပြည်ထဲရေး ဝန်ကြီးဌာနသို့ ညွှန်ကြားချက်တခု ထုတ်ပြန်ပေးခဲ့သည်။
ညွှန်ကြားချက်တွင် အမှုမှန် ပေါ်ပေါက်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ဥပဒေနှင့်အညီ ဖြစ်စေရန်၊ တရား ဥပဒေ စိုးမိုးရေး အတွက် ဆောင်ရွက်ထားမှု အခြေအနေများကို ပကတိတွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည်တင်ပြရန်တို့ ပါဝင်သည်။
သမ္မတ၏ ညွှန်ကြားချက်အပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး တို့က သမ္မတထံသို့ အသီးသီးပြန်လည်တင်ပြခဲ့ကြရာ ထိုအချက်များကို စုစည်း၍ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလက လမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။
ယခု ရဲအရာရှိ ၃ ဦးကို အရေးယူသည့် ကိစ္စမှာ အမှုတခုလုံးအတွက် အရေးယူမှု ပြုလုပ်ခြင်း မဟုတ်ဘဲ သတင်းစာ ရှင်း လင်းပွဲတွင် ကလေးသူငယ် ဥပဒေနှင့်မညီဘဲ နစ်နာသူ၏ ကိုယ်ရေးအချက်အလက်များ ဖော်ထုတ်ခဲ့သည့် ကိစ္စရပ် အပေါ်တွင် အရေးယူမှု ပြုလုပ်သည်ဟု ယူဆကြောင်း ဗစ်တိုရီးယားအမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သူ တရား လွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
ဦးခင်မောင်ဇော်က“နစ်နာမှုတခုဖြစ်သွားတယ်။ အဲဒီမှာ ကုစားမှုတခုရှိရမယ်။ ကလေးမလေးရဲ့ နစ်နာမှုကို ကုစားမှုတခု လုပ်တဲ့ နေရာမှာ ထိရောက်တဲ့ ကုစားမှု ပေးသလား၊ မပေးသလား ဆိုတာကို အားလုံး ဝိုင်းပြီးကြည့်ကြရမှာပါ။ ရာထူးတိုး ရပ်လိုက်တယ်တို့ ဘာတို့ဆိုတာ ဌာနတွင်း အရေးယူမှုပေါ့ဗျာ။ အဲဒါနဲ့ ပြီးနိုင်သလား၊ ပြီးသင့်သလားဆိုတာ အကုန်လုံးက ဝိုင်းစဉ်းစားရင် ထင်ရှားတဲ့ကိစ္စပါ”ဟု ပြောသည်။
သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၏ ဖော်ထုတ်ချက်နှင့် ပတ်သက်၍ ကလေးငယ်၏ မိဘမှ ရှေ့နေ အဖြစ် တာဝန်ပေးချက်အရ တာဝန်ရှိသူ ရဲအရာရှိ ၃ ဦးကို တရားစွဲဆိုနိုင်ရေး နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက်တောင်းထားသည့် ကိစ္စအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် သမ္မတ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု ၎င်းကပြောသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထိုရှင်းလင်းပွဲတွင် ပါဝင် သည့် ရဲအရာရှိကြီးများက နစ်နာသူ ကလေးငယ် ဗစ်တိုးရီးယား၏ အမည်အရင်း၊ မိဘအမည်များကို ထုတ်ဖော် ပြောဆိုခဲ့ သည့်အပြင် ရဲဇာနည် Facebook စာမျက်နှာတွင်လည်း ထိုအချက်အလက်များကို ထုတ်ဖော်ခဲ့ မှုကြောင့် ပြည်သူ များ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။
နေပြည်တော်၊ သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်ရောက် နေသည့် ကလေးငယ် ဗစ်တိုးရီးယားကို ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်က အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ထိုအမှုကို ဇွန်လ ၃ ရက်နေ့တွင် မှုခင်းရဲတပ်ဖွဲ့ CID က လွှဲပြောင်း ရယူခဲ့သည်။
ထိုအမှုမှာ မြန်မာတနိုင်ငံလုံးမှ ပြည်သူများ စိတ်ဝင်တစား စောင့်ကြည့်ခြင်းကိုခံခဲ့ရပြီး အမှုမှန်ပေါ် ပေါက်ရေးအတွက် ရန် ကုန်၊ မန္တလေး၊၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့သော် အမှုဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်အထိ တနှစ်ကျော် ကြာလာသည့်တိုင် ကျူးလွန်သူကို ဖော်ထုတ် အရေး ယူနိုင်ခြင်း မရှိသေးပေ။
ယင်းအမှု၏ လက်ရှိအခြေအနေမှာ သံသယ တရားခံအဖြစ် ဖမ်းဆီးစစ်ဆေးခဲ့သည့် ယာဉ်မောင်း ကိုအောင်ကြီးကို ဒက္ခိဏခရိုင်တရားသူကြီးက လွှတ်ပေးလိုက်ပြီး နောက်ပိုင်းတွင် အမှုမှာ ရပ်တန့်နေသည့် အနေအထားတွင် ရှိနေသည်။
You may also like these stories:
ဗစ်တိုးရီးယားအမှုတွင် တာဝန်မကျေသူများကို အရေးယူဖို့ သမ္မတ ညွှန်ကြား