ရန်ကုန်မြို့ ၊ ဗိုလ်တထောင်ဘုရားတွင် လူစုလူဝေးပြုလုပ်ပြီး ရှင်ဥပဂုတ္တ မထေရ်မြတ် ဖောင်တော် ရေချပူဇော်ပွဲ အခမ်း အနားကျင်းပခဲ့သည့် ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်း အစိုးရကို ယင်းကိစ္စ ပြန်လည် ဖြေရှင်းရန် ညွှန် ကြားထားကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ အွန်လိုင်းမှ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ က ဖြေရှင်းတင်ပြဖို့ အကြောင်းကြားထားပါတယ်။ အဲ့ဒီတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ဒီကိစ္စကို ဖြေရှင်း တင်ပြဖို့ ရှိပါတယ်။ သူရှင်းလင်းတင်ပြတဲ့ တင်ပြချက် အပေါ် မူတည်ပြီး လူကြီးတွေက စီမံဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘက်စုံပြုပြင်မွမ်းမံရေးနှင့် အစ်မတော် မြနန်းနွယ် ကျောင်းဆောင် ပြန်လည်တည်ဆောက်ရေး၊ တည်ဆောက်နေစဉ်ကာလအတွင်း အစ်မတော်မြနန်းနွယ်ရုပ်တုအား ယာယီ စံကျောင်းဆောင်သို့ ပင့်ဆောင်ပူဇော်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အစည်းအဝေးတရပ်ကိုလည်း မေလ ၂၃ ရက်နေ့က စေတီရင်ပြင်ရှိ ဆိပ်ကမ်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းအခမ်းအနားပြုလုပ်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် လူပုဂ္ဂိုလ် ၈ ဦးကို သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူပေးရန် မေလ ၂၉ရက်က တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတဦးက ကတရားလိုပြုလုပ်ကာ ဗိုလ်တထောင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။
ယင်းတိုင်ကြားချက်ကို ရဲတပ်ဖွဲ့က လက်ခံထားသော်လည်း အမှုဖွင့်ပေးရန် နိုင်ရန်မှာ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြရ မည် ဖြစ်ကြောင်း အကြောင်းပြန်ထားသည်။
“ကျနော်တို့က စောလျင်စွာပေါ့။ ရုံးစာအရ ဆောလျင်စွာ ဆိုတာ အမြန်ဆုံး ပြန်တင်ပြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ အဲဒီစာ ရောက်တာနဲ့ သူ (ဦးဖြိုးမင်းသိန်း) ပြန်ဖြေရှင်းပြီးတော့ လာမယ့်အပတ်အတွင်း ရောက်မယ်လို့တော့ ပြောချင်ပါ တယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထိုနေ့က စုဝေးခဲ့မှုသည့် ဥပဒေနှင့်အညီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာ မျက်နှာနှင့် သတင်းမီဒီယာတချို့ သို့ ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သည်။
အစိုးရအနေဖြင့် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် လူစုလူဝေးဖြစ်စေနိုင်သည့် အခမ်းအနားများ၊ ဘာ သာရေးပွဲတော်များ မပြုလုပ်ရန် တားမြစ်ချက်အား မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ယင်းသတ်မှတ်ကာလ အတွင်း လူစုလူဝေဖြင့် ဘာသာရေးအခမ်းအနား ပြုလုပ်သူများအား အရေးယူမှုများလည်း ပြုလုပ်ခဲ့သည်။
အထူးသဖြင့် ကျိုက်မရောတွင် ဘုရားထီးပင့်ဆောင်မှု ဦးဆောင်သူအား ထောင်ဒဏ် ၉ လ၊ မန္တလေးတွင် နေအိမ် တခု၌ စုပေါင်းဝတ်ပြုသည့် အစ္စလာမ်ဘာသာဝင်များအား ထောင်ဒဏ် ၃ လနှင့် ခရစ်ယာန်တရားဟောဆရာ စော ဒေးဗစ်လားတို့အား အမှုဖွင့်ကာ ဖမ်းဆီး အရေးယူထားသည်။
ထိုနေ့က အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဇနီး ဒေါ်ခင်မိမိကြွယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
COVID-19 ကာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန်တွေ့ ဆုံသူ လျှော့ချထား
တိုင်းအစိုးရ ညွှန်ကြားမှ YRTA ဝင်ငွေခွန် ဆောင်မည်