ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ် အနောက်ဘက်ကမ်း ကျေးရွာများတွင် မေလ ၃၀ ရက်နေ့ ညနေ ၉ နာ ရီဝန်းကျင်အချိန်က လက်နက်ကြီးကျည်ဆန်များ ကျရောက် ပေါက်ကွဲသဖြင့် ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သတင်း ရရှိသည်။
ထိခိုက် ဒဏ်ရာ ရရှိသူများမှာ ကံပြင် စစ်ဘေးရှောင် စခန်းတွင် ဝင်ရောက် ခိုလှုံနေသူ အသက် ၄၀ အရွယ် ဦးမောင်သန်းထွန်း ၊ ဒိုးဝေချောင်းကျေးရွာမှ အသက် ၁၆ နှစ် အရွယ် ကိုအောင်ငြိမ်းနှင့် အသက် ၂၂ နှစ်အရွယ် ကိုစိုးလှိုင်ထွန်း၊ အောင်ဇေကုန်းကျေးရွာမှ အသက် ၁၇ နှစ်အရွယ် ကိုကျော်ဝင်းထွန်း၊ စဖိုကျွန်းကျေးရွာမှ အသက် ၂၀ အရွယ် မနန္ဒာချေ (ခ) ခင်မျိုးအေး တို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ကံပြင် စစ်ဘေးရှောင် စခန်းတွင် ဝင်ရောက် ခိုလှုံနေသူ အသက် ၄၀ အရွယ် ဦးမောင်သန်းထွန်းမှာ ထိုရွာတွင်ပင် ဆေးကုသမှုခံယူနေပြီး ကျန် ၄ ဦးမှာ စေတီပြင် တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။
ကံပြင်စစ်ရှောင်စခန်းမှ စစ်ရှောင်တဦးဖြစ်သူ ဦးမောင်သိန်းထွန်းက “မနေ့က ညနေ ၉ နာရီ လောက်ကတည်းက တပ်မတော်ဇက် (ရေယာဉ်) သင်္ဘောက သမီးလှရွာဘက်ကနေ မယူမြစ်မ (မေယုမြစ်) တလျှောက် ဆင်းလာပြီးတော့ ပစ်ပါတယ်။ နောက် ပြန်လှည့် လာပြီးတော့ ကျနော်တို့ မြစ်အနောက်ဘက် ကမ်းခြေ ရွာတလျှောက်ကို တရစပ် ပစ်ပြီတော့ ဆင်းသွားတယ်။ ကျနော်တို့ ရွာက မောင်သန်းထွန်းဆိုရင် သစ်ပင်အောက်မှာ ဝပ်နေတာမှာ လက်နက်ကြီး ကျည်ဆန် အနားမှာ လာကျပြီးတော့ အစ လာမှန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ် မေးမြန်းခဲ့ရာ မေလ ၂၉ ရက်နေ့ ဖြစ်ပွားခဲ့သည့် သဇင်မြိုင် ရဲကင်းစခန်း တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တပ်မတော်မှ ကုန်းလမ်း၊ ရေလမ်းများမှ လိုက်လံ ပိတ်ဆို့ခဲ့ကြောင်း၊ ထိုသို့ လိုက်လံပိတ်ဆို့ ရှင်းလင်းစဉ် မေလ ၃၀၊ ညနေ ၉ နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင် ကျေးရွာအနီးရှိ မေယုမြစ်၏ အနောက်ဘက် ကမ်းစပ်မှ AA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ရေယာဉ်မှ ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အတည်ပြုသည်။
မေလ ၂၉ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် အဆိုပါ ရသေ့တောင်မြို့ နယ်အတွင်းရှိ သဇင်မြိုင် နယ်ခြားစောင့် ရဲကင်း စခန်းအား AA အဖွဲ့မှ ဝင်ရောက် စီနင်းတိုက်ခိုက်သည့်ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး တပ်ဖွဲ့ဝင် ၆ ဦးနှင့် မိသားစု ဝင် ၃ ဦးလည်း ပျောက်ဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးများ လုပ်ဆောက်လျက် ရှိကြောင်းလည်း လည်း တပ်မတော်ဘက်က အတည်ပြု ပြောဆိုထားသည်။
ထို့နောက် မေလ ၃၀ ရက်နေ့ မနက်ပိုင်းတွင် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခံရသူ မိသားစုဝင် ၃ ဦးကို AA အဖွဲ့က ပြန်လည်လွှတ်ပေးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
စစ်တွေမြို့လယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရ၊ တရားခံကို ရှာဖွေနေ
ပုဏ္ဏားကျွန်းတွင် မြိုတိုင်းရင်းသား ၂ ဦး မိုင်းထိ