ထိုင်းနိုင်ငံမှာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာကြမ်းဖက်မှုနှုန်း ပိုမိုများပြားလာနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း လောက်မှာတော့ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျောင်းဆရာတယောက်ကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်ဖြစ်တဲ့ Nakhon Phanom ပြည်နယ်မှာနေထိုင်တဲ့ ကျောင်းဆရာဖြစ်သူဟာ အိမ်ထောင်ရှိ အမျိုးသားတယောက်ဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးတယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း ထိုင်းနိုင်ငံမှာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထိုင်းမီဒီယာသတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။ ဒါကြောင့်လည်း ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မျိုးမခံရအောင် စည်းရုံးလှုံ့ဆော်တာမျိုး ဆောင်ရွက်နေပါတယ်။
လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဆရာရဲ့ဇနီးဖြစ်သူကလည်း သူနဲ့အတူ တကျောင်းတည်းမှာ တာဝန်ထမ်းဆောင်နေသူ တယောက်ဖြစ်ပြီး ခင်ပွန်းဖြစ်သူရဲ့လုပ်ရပ်ကို အံ့အားသင့်မိကြောင်း ပြောကြားခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးမလေးဟာ ဦးလေး၊ အဒေါ်ဖြစ်သူနဲ့အတူ နေထိုင်သူ ဖြစ်ပြီး မိဘတွေကတော့ တခြားပြည်နယ်တခုမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီး စာသင်ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။
COVID-19 ကူးစက်သူ ၃၀၀၀ ကျော်ရှိသွားပြီဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ကျောင်းတွေ ပြန်လည် ဖွင့်လှစ်တဲ့အခါမှာ ကလေးတွေရဲ့ကျန်းမာရေးအတွက် အထူးဂရုစိုက်ပြီး ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ကျောင်းဖွင့်ရာသီ ရောက်လာတာနဲ့ သက်ဆိုင်ရာ စာသင်ကျောင်းတွေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို သေချာ စီစဉ်ထား၊ မထား စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနအနေနဲ့ စာသင်ခန်း တဆောင်မှာ ကလေး ၂၀ နဲ့ ၂၅ ယောက်ကြားကိုသာ ပညာသင်ကြားသွားဖို့ စီမံထားပါတယ်။ စာသင်ခန်းကို လာရောက်တဲ့ ကလေးတွေကိုလည်း ကိုယ်အပူချိန် တိုင်းတာမျိုး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ပညာရေးဝန်ကြီးဖြစ်သူ Nataphol Teepsuwan ကလည်း ကျောင်းကို လာရောက်တဲ့ ကလေးတွေ အနေနဲ့ Mask တပ်ဆင်ရမှာဖြစ်သလို စာသင်ခန်းထဲ မဝင်ခင် လက်ဆေးတာမျိုး ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေသူပေါင်း ၃,၀၈၂ ယောက် ရှိနေပြီး ၅၇ ယောက် သေဆုံးခဲ့ပါတယ်။
Ref: chiangraitimes