ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် မိသားစုများမှ ကျောင်းသား၂၀၀၀ ကျော်သည် ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းပြန်တက်နိုင်ရန် အခက်အခဲ ရှိနေသည်ဟု သတင်းရရှိသည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာရသည့် ပလက်ဝစစ်ရှောင်စခန်းမှ အိမ်ထောင်စု ၁၁၇၀ စုတွင် ကျောင်းနေအရွယ် ကျောင်းသားပေါင်း ၁၅၀၀ ဦးခန့်ရှိပြီး ဆမီးမြို့ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု ၇၀၇ စုမှ ကျောင်းနေအရွယ် ကျောင်းသား ပေါင်း ၇၅၀ ခန့် ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက “ကျောင်းဆောင်လိုအပ်ချက်လည်း အများကြီး ရှိလာမယ်။ ကျနော် တို့က မြို့ပေါ်မှာ ဆိုပေမယ့် အနီးအနားက ကျောင်းတွေ မဖွင့်နိုင်ဘူး။ မြို့ပေါ်တခုထဲ ဖွင့်မယ်ဆိုရင် ဆရာ အင်အားတွေ အများကြီး လိုလာမယ်။ စာသင်ခန်းတွေ အများကြီး လိုလာမယ်။ နောက်ပြီး ကလေးတွေအတွက် ကျောင်းသုံး စာအုပ်တွေ လည်း ပို့လို့ရပါ့မလားပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အခြေခံပညာဦးစီးဌာနက လာမည့် ဇူလိုင် ၂၁ ရက်မှ စပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်သွားမည်ဟု ကြေညာထားသဖြင့် တိုက်ပွဲရှောင်နေသည့် ကျောင်းနေအရွယ် ကလေးများ စာသင်ကြားနိုင်ရေးအတွက် ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့ရှိ ကျောင်းများတွင် စာသင်ကျောင်းနှင့် စာသင်ခုံများ၊ ကျောင်းသုံးစာအုပ်များ စသည်ဖြင့် အရေးပေါ် လိုအပ်နေခြင်းဖြစ်သည်။
သို့ဖြစ်ရာ ကျောင်းပြန်တက်ရန် အခက်အခဲရှိနေသည့် ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့မှ တိုက်ပွဲရှောင်ကလေးငယ်များ ယာယီ စာသင်ကြားနိုင်ရန် ဝါးထရံကာ သွပ်မိုးအဆောင်တဲများ ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေသည်ဟု သိရသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဆမီးမှာတော့ လုပ်နေတယ်။ ပလက်ဝ အထက်တန်းကျောင်းမှာလည်း ယာယီသင်ကြားနိုင်အောင် လုပ်ပေးဖို့ စီစဉ်နေပါတယ်။ မြေစိုက်ယာယီတဲ၊ စားပွဲ ကုလား ထိုင်တွေကို အရေးပေါ်လုပ်နေပြီ။ အစိုးရငွေလည်းပါတယ်။ အလှူငွေတွေလည်းပါတယ်။ ဆရာ၊ ဆရာမတွေကလည်း တိုက်ပွဲဖြစ်ပြီး ပြေးနေရတော့ အခုစုစည်းရွာတွေဖြစ်တဲ့ ဆမီးလိုနေရာ၊ ပလက်ဝလိုနေရာမျိုးတော့ လာနိုင်မှာပါ။ အခုရှိတဲ့ ဆရာ၊ ဆရာမတွေပဲ သူ့အတန်း လိုက်သင်နိုင်အောင် စီစဉ်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပလက်ဝတိုက်ပွဲရှောင်ကလေးငယ်များ ကျောင်းပြန်တက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးစိုးထက်နှင့် ချင်းတိုက်ပွဲရှောင်ပြည်သူများ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI)၊ ဥက္ကဋ္ဌ ဆလိုင်းအိုက်ဇက်ခင်တို့ မေလ ၂၉ ရက်နေ့က ဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု သိရသည်။
RRCCI ဥက္ကဋ္ဌ ဆလိုင်းအိုက်ဇက်ခင်က “စာသင်မယ်ဆိုရင် ကျောင်းတွေမလုံလောက်ရင်တော့ ဘုရားကျောင်း တွေကို သင်ကြားရေးခန်းတွေလုပ်ဖို့ ပြောထားတာရှိတယ်။ ဒါကတော့ မြို့ပေါ်ရောက်နေတဲ့ ကလေးတွေ အတွက်ပေါ့။ ရွာဘက် က တက်လာတဲ့ ကလေးတွေဆိုရင် ကျောင်းပြန်တက်ဖို့က တော်တော်လေး အဆင်မပြေဘူး”ဟု ပြောသည်။
ပလက်ဝမြို့ပေါ်နှင့် ဆမီး ရှိ ကလေးများအတွက် ပြဿနာမရှိသော်လည်း ပလက်ဝ အနီးတဝိုက် ကျေးရွာ ၂၀ ခန့်တွင် ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ရာ ကလေးများအတွက် နေရာထိုင်ခင်း၊ လုံခြုံရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။
ဆလိုင်းအိုက်ဇက်ခင် က “ဆမီးမှာပဲဖြစ်ဖြစ် ပလက်ဝမှာပဲ ဖြစ်ဖြစ် ကြုံနေရတာက ဆရာ၊ ဆရာမတွေက ပလက်ဝဘက်ကို သွားလို့ မရသလို သွားလည်း မသွားချင်ကြဘူး။ အထူးသဖြင့် ကုလားတန် ဘက်ခြမ်းမှာဆိုရင် ကျောင်းဖွင့်ဖို့ ခက်တယ်။ ဖွင့်ရင် တောင်မှ ဆရာ၊ ဆရာမ စုံစုံလင်လင်နဲ့ ဖြစ်မလား။ ခန့်ထားတဲ့ ဆရာ၊ ဆရာမ အရေအတွက်တောင်မှ လာသင်ချင်မှ လာသင်မယ်” ဟု ဆက်ပြောသည်။
ပလက်ဝမြို့နယ်တွင် ကျောင်းပေါင်း ၃၈၄ ကျောင်းတွင် ၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် အထက်တန်းမှ ၂၄၀၀ ဦး၊ အလယ်တန်းမှ ၉၁၅၀ ဦး၊ မူလတန်းအဆင့်တွင် ၁၉၄၀၂ ဦးတို့ တက်ရောက်ပညာသင်ကြားခဲ့ပြီး သင်ကြားရေး ဆရာ၊ ဆရာမ ၁၂၅၃ ဦးရှိသည့်အနက်မှ ပြောင်းရွှေ့ခွင့်တင်ထားသည့် ဆရာ၊ ဆရာမပေါင်းက ၁၀၀နီးပါးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ အချက်အလက်များအရ သိရသည်။
လူဦးရေ တသိန်းကျော်သာရှိသည့် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ တိုက်ပွဲများကြောင့် လူဦးရေ ၆ သောင်းခန့် စစ်ဘေးသင့်နေသလို လူဦးရေ ၉၀၀၀ ကျော်သည်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
ဆက်စပ်လင့်-
ဆမီးစစ်ဘေးရှောင် စခန်းများ အကူအညီလိုအပ်နေ
ပလက်ဝ စစ်ရှောင်များအတွက် မိုးမတိုင်မီ ရိက္ခာပေးပို့ရန် ပြည်နယ်အစိုးရ စီစဉ်
ပြန်လာတဲ့သူတွေအတွက် အစိုးရက ထောက်ပံ့တာ ဘာမှ မရှိဘူး