အခြေခံပညာ ကျောင်းများတွင် Social Distancing ကြောင့် စာသင်ခန်းများ လိုအပ်ပါက ယာယီစာသင်ဆောင်များ တည် ဆောက်ပေးမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
ဦးကိုလေးဝင်းက “အခန်းတွေ အရေးပေါ် လိုလာတယ် ဆိုပါစို့။ လိုလာတယ်ဆိုရင် Temporary Learning Space လို့ ခေါ်တာပေါ့။ အခိုင်အမာ ဆောက်တာ မဟုတ်ပါဘူး။ ယာယီအဖြစ် ကလေးတွေ စာသင်လို့ရအောင် ကျနော်တို့ တန်ဖိုး နည်းနည်းနဲ့ အမြန်ဆောက်တဲ့ ကိစ္စမျိုးတွေပေါ့” ဟု ပြောသည်။
အခြေခံပညာ ကျောင်းများကို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အဆင့်လိုက် ဖွင့်လှစ်သွားမည် ဖြစ်ပြီး အထက်တန်းအဆင့် အခြေခံပညာ ကျောင်းများကို ဇူလိုင်၂၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျောင်းများ ဖွင့်လှစ်ရာတွင် Social Distancing ကို မဖြစ်မနေ ပြုလုပ်မည် ဖြစ်သဖြင့် အလျား ပေ ၃၀၊ အနံ ၂၄ ပေရှိ သည့် စာသင်ခန်းတွင် တဦးနှင့်တဦး ၆ ပေ ကွာခြားနိုင်ရေး အတွက် အများဆုံး၂၀ ဦး အတွက်သာ ခုံစီမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
Social Distancing မှာ လိုက်နာနိုင်သည့် အခြေအနေတွင် ရှိသဖြင့် ကလေးငယ်များ ကျောင်းစာသင်ယူချိန် နောက်ကျ သွားသည့် အခြေအနေမျိုး မဖြစ်ရန် ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် လိုအပ်ကြောင်း အငြိမ်းစား အလယ်တန်းပြ ဆရာမ တဦး ဖြစ်သည့် ဒေါ်ဌေးဌေးဝင်း က ပြောသည်။
“ယာယီ စာသင်ဆောင်တွေတောင် ဆောက်ဖို့ မလိုပါဘူး။ ကျောင်းသားများတဲ့ ကျောင်းက ကျောင်းသားတွေကို ကျောင်း သားမရှိတဲ့ ကျောင်းတွေကို ခွဲထုတ်လိုက်တာမျိုးတွေတောင် လုပ်လို့ ရပါတယ်။ ဆင်ခြေဖုံးကျောင်း တချို့လောက်ပဲ ယာ ယီ စာသင်ဆောင် လိုမယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၉ -၂၀၂၀ စာရင်းများအရ ယခု ပညာသင်နှစ် တက်ရောက်မည့် ကျောင်းသား ကျောင်းသူဦးရေ ၉ ဒသမ ၇ သန်းရှိ ကြောင်း သိရသည်။
စာသင်ခန်းများ မလုံမလောက် မဖြစ်စေရန် အချိန်လွှဲတက်ခြင်း၊ ရက်လွှဲတက်ခြင်းများကိုလည်း ကျောင်းအခြေအနေနှင့် ဆရာ၊ ဆရာမအင်အားအပေါ် မူတည်ပြီး စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနက သိရသည်။
စာသင်ခန်းများ မလုံလောက်ဟု ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ကျောင်းများမှ တင်ပြလာပါက ယာယီ စာသင်ဆောင်များ အလျင်အမြန် ဆောက်လုပ်ရန် အတွက်လည်း ဘတ်ဂျက် အဆင်သင့် လျာထားပြီး ဖြစ်ကြောင်း ဦးကိုလေးဝင်းက ပြော သည်။
“သက်ဆိုင်ရာ ပြည်နယ်တိုင်း၊ ကျောင်းတွေက တင်ပြလာရင် ဒါတွေလည်း လုပ်ပေးဖို့ ရှိတယ်။ တကယ်လည်းပဲ လုပ်ပေး မှာပါ။ ဘတ်ဂျက်လည်း ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ အချိန်လည်း အများကြီး မယူပါဘူး။ သူတို့ သင်ကြား သင်ယူမှု အတွက် အဆင်ပြေအောင် ကျနော်တို့ လုပ်ပေးတာပေါ့နော်” ဟု ၎င်းက ဆိုသည်။
အခြေခံပညာ ဦးစီးဌာန စာရင်းများအရ မြန်မာ တနိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းပေါင်း ၄၇,၄၄၅ ကျောင်း၊ ကိုယ်ပိုင် ကျောင်း၂,၅၀၀ ဝန်းကျင် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း ၁,၅၃၀ ကျောင်း ရှိသည်။
အခြေခံပညာ ကျောင်းများတွင် ဆရာ၊ ဆရာမ ၄ သိန်းကျော်၊ ကိုယ်ပိုင်ကျောင်းများတွင် ၁ သောင်းခွဲနီးပါး (၁၄,၅၃၀)နှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် ၇,၇၃၇ ဦး ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကျောင်းတွေ ဘယ်တော့ဖွင့်မှာလဲ ဘယ်လိုဖွင့်မှာလဲ
အထက်တန်းအဆင့်ကို ကျောင်းစောဖွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို
အခြေခံပညာ စာသင်ကျောင်း အားလုံး ဇူလိုင်လတွင် ပြန်ဖွင့်မည်
ကာကွယ်ဆေး မပေါ်သေးသော်လည်း ကျောင်းများ ပြန်ဖွင့်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော