မန္တလေးတိုင်းအတွင်း COVID- 19 ကာကွယ်ရေး ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်များကို ဇွန် ၁ ရက်မှ စတင်၍ ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း တိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ဧရာဝတီကို ပြောသည်။
၎င်းက “ပြည်သူတွေရဲ့လူမှု စီးပွားအတွက်လည်း ဖြေလျှော့မှုတွေ မဖြစ်မနေ လုပ်ကြရမှာ ဖြစ်သလို COVID-19 ကာ ကွယ်ရေးအတွက် သက်ဆိုင်တဲ့ လုပ်ငန်းတွေက မိမိလုပ်ငန်းအလိုက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန- (MOHS) က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက် (Guide Line) တွေ အတိုင်းတော့ လိုက်နာ ဆောင်ရွက်ရပါမယ်” ဟု ပြောသည်။
ဖြေလျှော့လိုက်သော ဒေသန္တရ အမိန့်များမှာ မန္တလေးတိုင်း အတွင်းသာမက တိုင်းပြင်ပ ယာဉ်လိုင်းများ စတင် ပြေးဆွဲ ခွင့်ပြုခြင်း၊ မန္တလေးတိုင်း ပြင်ပမှ လာရောက်သူများအား အသွားအလာ ကန့်သတ်မှု ခံယူရန် (Quarantine) မလို တော့ခြင်း၊ စားသောက်ဆိုင်များ ဆိုင်စား စနစ်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ပြုခြင်းတို့ ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်း အဝေးပြေး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက “တိုင်းဒေသကြီး အစိုးရက တိုင်းပြင်ပ ပြေးတဲ့ယာဉ်လိုင်းတွေ ဒီနေ့က စပြီး ပြန်လည် ပြေးဆွဲခွင့် ပေးလိုက်ပြီဆိုပေမယ့် ယာဉ်လိုင်း အား လုံး မဟုတ်သေးဘဲ MOHS ရဲ့ဂိုက်လိုင်းအတိုင်း ပြည့်စုံအောင် ဆောင်ရွက် စစ်ဆေးပြီးတဲ့ ယာဉ်လိုင်းတွေပဲ ပြေးခွင့် ပေးပါတယ်။ အခုလည်း ပူးပေါင်း အဖွဲ့တွေနဲ့ ပြီးအောင် တောက်လျှောက် စစ်နေပါတယ်။ တကယ်လို့ သတ်မှတ်ချက် အတိုင်း ပြည့်စုံအောင် မလုပ်ထားဘဲ ယာဉ်လိုင်း ပြေးဆွဲရင်တော့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ယခင်က မန္တလေးတိုင်း ပြင်ပ၊ ရောဂါ ကူးစက်မှုများသည့်ဒေသမှ လာရောက်သူ ဖြစ်ပါက သတ်မှတ်နေရာတွင် အသွားအလာ ကန့်သတ်မှု ၂၁ ရက်ခံယူရန် အမိန့်ထုတ်ပြန်ထားသော်လည်း ယခုအခါ ပြည်တွင်း ခရီးသွား အနေဖြင့် မန္တလေးတိုင်းသို့ လာရောက်ပါက အသွားအလာ ကန့်သတ်မှု ခံယူရန် မလိုတော့ဘဲ တရုတ်၊ ထိုင်း စသည့် ပြည်ပ နိုင်ငံမှ ပြန်လာသူများသာ အသွားအလာ ကန့်သတ်မှု ၂၁ ရက်ခံယူရမည် ဟု ဖြေလျှော့လိုက်ကြောင်း သိရသည်။
သို့ရာတွင် လူစုလူဝေးဖြင့် ပြုလုပ်ရမည့် ဘာသာရေး၊ လူမှုရေး စသည့် ပွဲလမ်းသဘင်၊ အခမ်းအနားများ ကျင်းပခြင်း၊ နေ့စဉ် လူဦးရေ သိန်းဂဏန်းခန့် အဝင်အထွက် ရှိသော မန္တလေး ကျောက်ဝိုင်း ဖွင့်လှစ်ခြင်းကိုမူ ယခုလ ၁၅ ရက်အထိ ရပ်ထပ်တိုး ကန့်သတ်ထားကြောင်း မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။
ထို့အတူ တိုင်းအတွင်း ဦးစားပေးအဆင့်(၃) တွင် ပါဝင်သော စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် အပန်းဖြေ ဖျော်ဖြေရေး ပတ်သက်သည့် လုပ်ငန်းများအား ခွင့်မပြုသေးဟု သိရသည်။
မန္တလေးတိုင်းအတွင်း COVID 19 ပိုးတွေ့လူနာ ၃ ဦး ရှိခဲ့ပြီး ပြီးခဲ့သည့် မေလက အဆိုပါ လူနာသုံးဦးသည် ရောဂါပိုး ကင်းစင်သဖြင့် ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ဖြစ်သည်။
ဇွန် ၁ရက် နံနက် ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးတွေ့ရှိသူ၂၂၈ ဦး ရှိပြီး ယင်းအနက် သေဆုံးသူ ၆ ဦးနှင့် ရောဂါပိုး ကင်းစင်သူ ၁၃၈ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေး၌ လာမည့်တပတ်အတွင်း ကိုဗစ်ပိုးစစ်နိုင်တော့မည်
မန္တလေးတိုင်းရှိ တားမြစ်ချက်များ ဦးစားပေး အဆင့် ၃ ဆင့်ဖြင့် ဖြေလျှော့မည်