ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့အနီး ကုလားတန်မြစ်ကြောင်း၌ ချင်းအမျိုးသမီးကြီးတဦး ပစ်ခတ်ခံရပြီး သေ ဆုံးသွားသည့် အပေါ် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) က ၎င်းတို့ မလုပ်ကြောင်း ငြင်းဆိုကာ အပြန်အလှန် စွပ်စွဲနေကြသည်ဟု သတင်း ရရှိသည်။
အသက် ၇၀ အရွယ် ဒေါ်ဟွေ့ခင်းသည် ပလက်ဝမြို့အနီး ကုလားတန် မြစ်ကြောင်းတွင် မေ ၃၀ ရက် မနက် ၉ နာရီခွဲ ခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ဒေါ်ဟွေ့ခင်းတို့ စီးလာသည့် လှေကို ဦးတည် ပစ်ခတ်ခံရခြင်း ဖြစ်သည့်အပြင် ပစ်ခတ်ခံရ သည့် နေရာသည် ပလက်ဝမြို့ အရှေ့ဘက်ခြမ်း၊ ကုလားတန်မြစ်ကြောင်းထဲတွင် ဖြစ်သည်။
ဒေါ်ဟွေ့ခင်းသည် ပလက်ဝမြို့နှင့် မျက်နှာချင်းဆိုင်၊ ကုလားတန်မြစ် တဖက်ကမ်းရှိ အောက်မီးလက်ဝကျေးရွာ၊ ဇာတိ ဖြစ်ပြီး တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်သို့ လာရောက်နေသည့် စစ်ဘေးရှောင် ဒုက္ခ သည်တဦး ဖြစ်သည်။
စစ်ဘေးရှောင် စခန်းတွင် နေ့စဉ် ထမင်း၊ ဟင်း ချက်ပြုတ်ရန် ထင်းလိုသဖြင့် စစ်ဘေးရှောင် ဒုက္ခသည် ၁၀ ဦး စုပြီး နေ ရပ်ရင်း အောက်မီးလက်ဝ ကျေးရွာသို့ ထင်းသွားသယ်ကြရာ ပစ်ခတ်ခံရခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မရှိပါ ဘူး။ ပစ်ခဲ့တာလည်း မရှိပါဘူး။ ပစ်စရာလည်း အကြောင်းမရှိပါဘူး”ဟု ပြောသည်။
ဒေသခံဟု ဆိုကာ သတင်း အချက်အလက်များ ဖြန့်ဝေနေသူများမှာ AA အမာခံများ ဖြစ်ပြီး၊ AA ဘက်က ၎င်းတို့ အောက်မီးလက်ဝရွာကို မီးရှို့သည့် လုပ်ရပ်ပေါ်သွားမည်ကို စိုးရိမ်သဖြင့် ဒေါ်ဟွေ့ခင်းကို ပစ်ခတ်လိုက်ခြင်း ဖြစ် နိုင်သည် ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
တပ်မတော် အနေဖြင့် ပလက်ဝမြို့ ဧရိယာအတွင်း လှုပ်ရှားသွားလာနေသူများကို ပစ်ခတ်ရန် အကြောင်း မရှိပါ ဟု လည်း ၎င်းက ထပ်မံ ပြောဆိုသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကလည်း “မေလ ၃၀ ရက်မှာ အောက်မီးလက်ဝရွာကို ထင်းယူဖို့ စက်လှေတစီးနှင့် သွားတဲ့ ရွာသားတွေကို မီးလက်ဝရွာနားမှာ နေရာယူထားတဲ့ မြန်မာ စစ်တပ်က ပစ်ခတ်၊ ခမီး အမျိုး သမီး တဦး သေဆုံး” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ဒေါ်ဟွေ့ခင်သည် ပစ်ခတ်ခံရမှုကြောင့် ကျည်ဆန်မှာ နောက်ကျောမှ ဖောက်ဝင်ပြီး ဝမ်းဗိုက် ပွင့်ထွက်ကာ သေဆုံး သွားခြင်း ဖြစ်သည်။
ဒေါ်ဟွေ့ခင်း၏ ရုပ်အလောင်းကို ပလက်ဝမြို့၊ ပြည်သူ့ ဆေးရုံတွင် ရင်ခွဲကာ ဆေးစစ်ချက် ရယူထားသော်လည်း စစ် ဆေးချက် အဖြေများကို ချင်း အရပ်ဘက် အဖွဲ့အစည်းများဘက်မှ ပြောဆိုနိုင်ခြင်း မရှိပါ။
ပလက်ဝမြို့နယ်တွင်း ပဋိပက္ခများ ဖြစ်ပွားစဉ် နှစ်ဖက်တပ်ဖွဲ့များမှ အရပ်သားများ အပေါ် ကျူးလွန်သည့် လူ့အခွင့်အ ရေး ချိုးဖောက်မှုများကို စောင့်ကြည့်လေ့လာပြီး မှတ်တမ်းပြုစုနေသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တပ်မတော်၊ တပ်ဖွဲ့ဝင်များ အပေါ် သံသယရှိကြောင်း ပြောသည်။
CHROမှ ပြောရေးဆိုခွင့် ရှိသူ ဦးဆလိုင်းလျန်က “သံသယကတော့ ဒေသခံတွေလည်း အဲဒီလိုပဲ။ ကျနော်တို့လည်း အဲဒီလိုပါပဲ။ ဘာလို့လဲဆိုတော့ ရွာသား မီးငြိမ်းဖို့သွားတုန်းကလည်း တပ်မတော်သားတွေ ပစ်တယ်ဆိုတာ ရွာသား တွေက အတည်ပြုတယ်။ ဒီမတိုင်ခင်ကလည်း တပ်မတော်က မီးလက်ဝမှာ အခြေစိုက်နေတုန်း အမျိုးသား တ ယောက် ပလက်ဝဘက် ထွက်လာဖို့ မီးလက်ဝ ကနေလာတော့ ပစ်တာ ခံရတယ်။ သူလှေကို မှောက်ပြီး ရေအောက် ကနေ ဒီဘက်ထိ ရောက်အောင် လာနိုင်လို့ သူမသေတာ” ဟု ပြောသည်။
ဆက်လက်ပြီး ဦးဆလိုင်းလျန်က “အခုချိန်မှာ သူ့အတွက် တရားမျှတမှု ရရှိရေးတို့ ဘာတို့က ဘယ်သူမှ လှုပ်ရှားနိုင် တာ မရှိပါဘူး” ဟုလည်း ပြောသည်။
ချင်း စစ်ဘေးရှောင်ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI)မှ ပြောရေး ဆို ခွင့်ရှိသူ မမိုင်နန်းဝေက ဒေါ်ဟွေ့ခင်း ပစ်ခတ်ခံရပြီး သေဆုံးသည့် ဖြစ်စဉ် တွင် မျက်မြင်တွေ့ရခြင်း မဟုတ်သဖြင့် မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို အတိအကျ မပြောနိုင်ပါဟု ဆိုသည်။
ဒေသခံများထံမှ ရရှိသည့် သတင်း အချက်အလက်များအရ အောက်မီးလက်ဝရွာနှင့် ကပ်လျက် ရှိနေသည့် အထက်မီး လက်ဝကျေးရွာတွင် AA တပ်ဖွဲ့ဝင်များ ဝင်ရောက် လှုပ်ရှားနေသည်ဟု သတင်းများလည်း ကြားနေရသဖြင့် မည်သည့် အဖွဲ့က ပစ်ခတ်သည်ကို မသိနိုင်ပါဟု မမ်ိုင်နန်းဝေက ပြောသည်။
ဆက်လက်ပြီး ၎င်းက “လူထုကလည်း အခုလို ဖြစ်စဉ်ကို ပေါ်ပေါ်ထင်ထင်မပြောရဲဘူး။ သိရင်တောင် ပြောမှာ မဟုတ် ဘူး။ စစ်တပ်ဘက်ကို ပြောရင်လည်း ကျမတို့မှာ အကြပ်၊ AA ဘက်ကို ပြောရင်လည်း အသက်အန္တရာယ် စိုးရိမ်ရ တယ်။ ဒီလိုကြားထဲမှာ ခံနေရတဲ့ လူထုဆီကနေ အသံအစစ်အမှန် ကြားရဖို့က စိန်ခေါ်မှု ရှိပါတယ်”ဟု ပြောသည်။
RRCCI အနေဖြင့်လည်း မိုးတွင်းကာလတွင် ပလက်ဝ မြို့နယ်တွင်းမှ စစ်ဘေးရှောင် ဒုက္ခသည် ၁ သောင်းခန့်၏ အမိုး အကာ လုံလုံလောက်လောက် ရရှိရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဦးစားပေး လုပ်ဆောင်နေရသဖြင့် လူ့အခွင့် အရေး ချိုးဖောက်ခံရမှုများဘက်ကို လုပ်ဆောင်ပေးနိုင်မှုမှာ အားနည်းနေသေးပါသည်ဟုလည်း မမိုင်နန်းဝေက ဆို သည်။
RRCCI အနေဖြင့် ပလက်ဝမြို့နယ်တွင်း အရပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်၍ CHRO နှင့်လည်း ပူးပေါင်းကာ ဆောင်ရွက်ပါမည်ဟု ပြောသည်။
အောက်မီးလက်ဝ ကျေးရွာသည် မတ် ၈ ရက် ကတည်းက ရွာသားများ အားလုံး စစ်ဘေးရှောင်သွားကြသဖြင့် အိမ် များနှင့် ရွာသားများ၏ အိမ်တွင်းအသုံးအဆောင်များ၊ ပစ္စည်းများသာ ကျန်နေခဲ့သည့် ရွာဖြစ်သည်။
မေ ၂၆ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်ကလည်း အောက်မီးလက်ဝ ကျေးရွာ မီးရှို့ခံခဲ့ရသည်။
မီးလောင်နေသည့် အတွက် မီးငြိမ်းသတ်ရန် စစ်ဘေးရှောင် ဒုက္ခသည်များက ပလက်ဝမြို့ဘက်မှ မီးလက်ဝ ကျေးရွာ ဘက်သို့ လှေဖြင့် ကူးရာတွင်လည်း ပစ်ခတ်ခံရသဖြင့် လှည့်ပြန်ခဲ့ကြရသည်။
အောက်မီးလက်ဝကျေးရွာကို မီးရှို့ချိန်တွင် တပ်မတော် တပ်ဖွဲ့ဝင်များကို ရွာထိပ်တွင် တွေ့သဖြင့် ဒေသခံများက ၎င်း တို့ မျက်မြင် တွေ့ရှိချက်အရ တပ်မတော်ဘက်မှ မီးရှို့သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိသည်။
ကျေးရွာ မီးရှို့ခံရသည့် အပေါ်တွင်လည်း တပ်မတော်နှင့် AA သည် ၎င်းတို့ မရှို့ကြောင်း ငြင်းဆိုပြီး အပြန်အလှန် စွပ်စွဲထားကြသည်။
အောက်မီးလက်ဝ ကျေးရွာသည် ပလက်ဝမြို့၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ကျေးရွာ၏ အနီးတွင် ကုလားတန် စီမံကိန်း အစိတ်အပိုင်း ဖြစ်သည့် ဆိပ်ကမ်းတခု ရှိသည်။
ထို ဆိပ်ကမ်းအနီးတွင် တပ်မတော်၏ ခြေလျင် တပ်ရင်း ခလရ ၂၈၉ တပ်စခန်း အခြေစိုက်သည်။
ဆက်စပ်ဖတ်ရှုရန်
တိုက်ပွဲကြောင့် ပလက်ဝက ကျောင်းသား ၂၀၀၀ ကျော် အခက်အခဲဖြစ်နေ
ပလက်ဝ အောက်မီးလက်ဝရွာ မီးလောင်မှုဖြစ်ပွား