လူမှုကွန်ရက် Messenger အသုံးပြု၍ မြန်မာနိုင်ငံတဝန်းရှိ သံဃာတော်များကို ပစ်မှတ်ထားကာ ငွေကျပ်သိန်း ၃၀၀ ကျော် လိမ်လည်ခဲ့သည့် အဖွဲ့အား ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့က မေလ ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။
မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဇီးဖြူကုန်း ကျေးရွာရှိ ဇီးဖြူကုန်းကျောင်းတိုက်တွင် သီတင်းသုံး နေ သူ ဆရာတော် ဦးသောဘိတထံမှ ငွေကျပ် ၁၅၈ သိန်းကျော်ကို ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ ပြည့်စုံနှင့် ၆ ဦးမှ Messenger လူမှုကွန်ရက် အသုံးပြု၍ လိမ်လည်ခဲ့သည့်အတွက် ဆရာတော်က ပုသိမ်မြို့မရဲစခန်းတွင် တရားလို ပြု လုပ်၍ အမှုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့က အမှုကို စုံစမ်းဖော်ထုတ်ခဲ့ရာ ပုသိမ်မြို့အမှတ် ၃ ရပ်ကွက် အောင်မေတ္တာလမ်းရှိ နေအိမ်တလုံးတွင် စုပေါင်း နေထိုင်သူ ပြည့်စုံ အပါအဝင် ၇ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“ကျောက်ပန်းတောင်း မြို့နယ်မှာ သီ တင်းသုံးနေတဲ့ ဆရာတော်တပါး ဆီကနေ အွန်လိုင်း အသုံးပြုပြီး ငွေလိမ်တောင်းတဲ့ အမှုပါ။ လက်ရှိမှာ တရားခံ ပြည့်စုံပါ ၇ ဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အွန်လိုင်းမှတဆင့် ငွေလိမ်တောင်းသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူများမှာ မော်လမြိုင်ကျွန်းမြို့မှ ပြည့်စုံ (၂၃ နှစ်)၊ ပုသိမ် မြို့မှ သက်ဝင်း (၂၂ နှစ်)၊ ပြည့်ဖြိုးသွယ် (၂၄ နှစ်)၊ မဇွန်ပွင့်ဖြူ (၁၉ နှစ်)၊ သာပေါင်းမြို့မှ မြင့်မြတ်အောင် (၂၀ နှစ်)၊ ရေ ကြည်မြို့မှ ညီညီထက်မြတ်အောင် (၂၀ နှစ်)၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ မကဗျာစိုးဝင်း (၂၁ နှစ်) တို့ဖြစ် ကြောင်း သိရသည်။
၎င်းတို့ ၇ ဦးအား ရဲတပ်ဖွဲ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဂ) ဖြင့် ပုသိမ်မြို့မရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးနေဆဲ ဖြစ် သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ပြည့်စုံအပါအဝင် ၇ ဦးမှာ Facebook လူမှုကွန်ရက်တွင် သြသုခအောင် အကောင့်ဖြင့် ဆရာ တော် ဦးသောဘိတအား ဆက်သွယ်ကာ မိမိမှာ ထိုင်းနိုင်ငံတွင် ဆေးကျောင်းတက်နေသူဖြစ်ကြောင်း၊ မိဘများက ချမ်း သာသော်လည်း မိမိအား ပစ်ပယ်ထားသည့်အတွက် မိမိကိုယ်ကို သတ်သေချင်လောက်အောင် ငွေကြေး အခက်အခဲ ဖြစ် နေသဖြင့် ငွေချေးငှားရန် ပြောဆိုကာ ဆရာတော်ထံမှ ငွေများ လိမ်လည်တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှတဆင့် ငွေလိမ်ခံခဲ့ရသူ ဆရာတော် ဦးသောဘိတက “သူကနဲ့ ၂၀၁၉ ဒီဇင်ဘာလောက်မှာ Facebook ကနေ Friend ဖြစ်သွားတယ်။ နောက်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေရင် ဘယ်လို အပြစ်ကျနိုင်သလဲ မေးတော့ ဦးပဉ္ဇင်းက မလုပ်ကောင်းတဲ့ အကြောင်း ဖြောင်းဖျတယ်။ သူ့မှာ ငွေအရမ်းလိုနေလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် စိတ်ညစ်နေရတဲ့အတွက် ပိုက်ဆံခဏ ချေးပေးပါဆိုလို့ သနားလို့ ငွေချေးပေးတာ။ Wave Money ကနေပဲ ငွေတွေ လွဲှပေး ဖြစ်တယ်။ နောက်ပိုင်းတော့ ဦးပဉ္ဇင်းကို လိမ်နေတယ် ဆိုတာ သိရတဲ့အတွက် ရဲတပ်ဖွဲ့ကို တိုင်တန်းခဲ့တာပါ” ဟု ပြော သည်။
ဆရာတော် ဦးသောဘိတမှာ မိမိလွဲှပေးနေသော ငွေများကို ထုတ်ယူသည့် ဒေသအား Wave Money ကုမ္ပဏီတွင် စုံစမ်း ခဲ့ရာ ပုသိမ်မြို့ဟု သိရှိရသည့်အတွက် ကျောက်ပန်းတောင်းမြို့နယ်မှ ပုသိမ်မြို့သို့ လာရောက်၍ ပုသိမ်မြို့မ ရဲစခန်းတွင် တိုင်တန်း အမှုဖွင့်ခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ငွေလိမ်တောင်းသည့် အဖွဲ့မှ ညီညီထက်မြက်အောင် (အသက် ၂၀ နှစ်) မှ ငွေ ထုတ်ချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ထိုမှ တဆင့် ၎င်းတို့အဖွဲ့ ငှားရမ်းနေထိုင်သည့် ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ နေအိမ်သို့ သွားရောက်၍ ပြည့်စုံပါ ၆ ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။
ပုသိမ်မြို့မ စခန်းမှူး ဒုရဲမှူး မြင့်ခင်က“ဆရာတော်ရဲ့တိုင်တန်းချက်အရ ကျနော်တို့ ပုသိမ်မှာရှိတဲ့ သူတို့ ငွေထုတ်နေကျ Wave Money ဆိုင်တွေကို စုံစမ်းပါတယ်။ ပြီးတော့ သတင်းအရ အသင့်စောင့်ဆိုင်းနေချိန်မှာ ငွေလာထုတ်တဲ့ ညီညီ ထက်မြတ်အောင်ကို ဖမ်းမိခဲ့ပြီး အဲဒီက တဆင့် ကျန်လူ ၆ ဦးကို ထပ်မံဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ လတ်တလော စစ် ဆေးချက်အရ တခြားသော ဆရာတော်တွေဆီကလည်း ငွေလိမ်တောင်းထားတာတွေ ထပ်ပေါ်လာတယ်။ အသေးစိတ် တော့ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အဆိုပါအဖွဲ့မှာ၂၀၁၉ ခုနှစ်မှ စတင်၍ သြသုခအောင်၊ U Hla Thwin (မိသားစု ရှေ့နေအဖြစ် ဟန်ဆောင်ထားသော အကောင့်)နှင့် Eant Hmue Kyaw စသည့် Facebook လူမှုကွန်ရက် အကောင့်များ အသုံးပြု၍ အွန်လိုင်းမှတဆင့် ငွေလိမ်ခြင်းဖြစ်ပြီး ဆရာတော် ဦးသောဘိတထံမှ ၁၅၈ သိန်းကျော်၊ မန္တလေးရှိ စာသင်သား ဦးပဉ္ဇင်း တပါးထံမှ ကျပ်သိန်း ၁၀၀ ကျော်၊ အခြားသော ဆရာတော်များနှင့် လူပုဂ္ဂိုလ် ၁၁ ဦးထံမှ ငွေကျပ်သိန်း ၅၀ ကျော်၊ စုစု ပေါင်း ငွေကျပ် ၃၀၉ သိန်း ၅ သောင်းကျော်ကို လိမ်လည် တောင်းခံမှုများ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက“တခြားလိမ်တဲ့အမှုတွေကို ကျနော်တို့ ဆက်လက် စစ်ဆေး ဖော်ထုတ်သွားပါမယ်။ ပြီးတော့ အလိမ်ခံရတဲ့သူတွေကို ဆက်သွယ်ပြီးတော့ နစ်နာသူတွေအနေနဲ့ အမှုဖွင့်လိုက အမှုဖွင့် နိုင်ဖို့ လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ပါမယ်။ ပြီးတော့ အမှုကို ခိုင်ခိုင်မာမာတည်ဆောက်ပြီး တရားရုံးကို တရားစွဲ ဆို တင်ပို့သွားမှာပါ” ဟု ပြောသည်။
You may also like these stories:
ကိုဗစ်ကို အကြောင်းပြ၍ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ခြင်း မဟုတ်ဟု တရုတ်ပြော
တိုက်ပွဲကြောင့် ပလက်ဝက ကျောင်းသား ၂၀၀၀ ကျော် အခက်အခဲဖြစ်နေ