ရဲတပ်ဖွဲ့၏ ရက်စက်မှုအပေါ် ဒေါသကို ဖော်ထုတ်ရန် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြသူများ လမ်းများပေါ်သို့ နောက်တကြိမ် ရောက်ရှိလာကြခြင်းကို နှိမ်နင်းရန် အမေရိကန်ပြည်ထောင်စု၏ အဓိကမြို့ကြီးများတွင် ညမထွက်ရ အမိန့်များ ထုတ်ပြန်ထားစဉ် မေလ ၃၁ ရက်နေ့ နှောင်းပိုင်းတွင် အိမ်ဖြူတော်အပြင်ဘက်၌ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။
ခြောက်ညကြာ အဓိကရုဏ်းများကို လှုံ့ဆော်သူများအား ဒေါ်နယ်ထရမ့် အစိုးရက ပြည်တွင်း အကြမ်းဖက်သမားများအဖြစ် တံဆိပ်တပ်ခြင်းနှင့်အတူ ဆန္ဒပြသူများနှင့် ရဲ တပ်ဖွဲ့ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် လုယက်မှုအသစ်များ ပိုမို ဖြစ်ပွားလာခဲ့သည်။။
အကြီးအကျယ် မီးရှို့မှုများနှင့် ပိုင်ဆိုင်မှုများကို ဖျက်ဆီခြင်းများပြုလုပ်ခဲ့သည့် လူအုပ်ကို ဖြိုခွဲရန် အာဏာပိုင်များက မျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်းရည်များ၊ မီးခိုးဗုံးများကို အသုံးပြုခြင်းနှင့် အတူ အိမ်ဖြူတော်ဘေးမှ ပန်းခြံငယ်တခုတွင် ထိပ်တိုက် အကြမ်းဖက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရသည်။
“အိမ်ဖြူတော်အပြင်ဘက်က စစ်ပွဲ ဇုန်တခုလိုပါပဲ” ဟု ဒီမိုကရက်တစ် ပါတီမှ ဗျူဟာပညာရှင်နှင့် အတိုင်ပင်ခံ Adam Parkhomenko က twitter တွင် ရေးသားခဲ့ပြီး ထိုစာသား၏ အောက်တွင် မီးများနှင့် ထူထပ်သော မီးခိုးများနောက်မှ graffiti ရေးဆွဲထားသော ဘိလပ်မြေဖြင့် ပြုလုပ်ထားသည့် အတားအဆီးများပါဝင်သော ဗီဒီယို အတိုတခုကို တင်ခဲ့သည်။
ဆန္ဒပြသူများ လမ်းအမှတ်အသားများနှင့် ပလတ်စတစ် အတားအဆီးများကို စုပုံ၍ လမ်းလယ်၌ မီးရှို့ခဲ့သည်။ အချို့က အနီးအနားရှိ အဆောက်အအုံတခုမှ အမေရိကန်အလံတခုကို ဆွဲယူ၍ မီးတောက်ထဲသို့ ပစ်ချခဲ့ကြသည်။ အခြားသူများက သစ်ပင်များမှ အကိုင်းအခက်များကို ဆွဲ၍ မီးထဲသို့ ထပ်ထည့်ခဲ့ကြသည်။
ပန်းခြံ၏ မြောက်ဘက်ခြမ်းတွင်ရှိပြီး ကွန်ကရစ်တုံးဖြင့် ဆောက်လုပ်ထားသည့် ရေချိုးခန်းများနှင့်ပြုပြင်ထိန်းသိမ်းရေးရုံးခန်း တခုရှိသော အဆောက်အဦး တခုကို မီးတောက်များက ဝိုင်းထားသည်။
ထိုအချိန်တွင် မီးသတ်သမားများက အိမ်ဖြူတော်၏ လမ်းတဘက်တွင် ရှိသော သမိုင်းဝင်ဝတ်ပြုရာ နေရာတခု ဖြစ်သည့် St John’s Episcopal မှ မီးတောက်ကို ငြိမ်းသတ်ခဲ့ရသည်။
မြို့တော်ဝန် Muriel Bowser က ထုတ်ပြန်ခဲ့သော ည ၁၁ နာရီ နောက်ပိုင်း ညမထွက်ရအမိန့်က ဆန္ဒပြပွဲကို အရှိန်လျော့ကျသွားစေခြင်း မရှိဟု Politico သတင်းဌာနက ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့၏ ကြမ်းတမ်း ရက်စက်စွာ ဖမ်းချုပ်မှုကြောင့် လက်နက်မဲ့ လူမည်း အမျိုးသားတဦး သေဆုံးခဲ့ရခြင်းအပေါ် သူတို့၏ အမျက်ဒေါသများကို အပြုသဘောဆောင်သော ထွက်ပေါက်များပေးရန် ဒေသခံ အမေရိကန်ခေါင်းဆောင်များက နိုင်ငံသားများကို တောင်းဆိုခဲ့သည်။ ထိုအချိန်၌
ညမထွက်ရအမိန့်များကို မြို့တော်များဖြစ်သော Los Angeles ၊ Houston နှင့် မတည်ငြိမ်မှုများ၏ အချက်အချာနေရာ ဖြစ်သော Minneapolis တို့တွင် ထုတ်ပြန်ခဲ့သည်။
အနည်းဆုံး မြို့ကြီး ၄၀ တွင် ညမထွက်ရ အမိန့်များ ထုတ်ပြန်ထားသည်။ ပြည်သူ့ အခွင့်အရေးလှုပ်ရှားသူ မာတင်လူသာကင်း လုပ်ကြံခံခဲ့ရသည့် ၁၉၆၈ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒေသဆိုင်ရာ ခေါင်းဆောင်များက လူထု မငြိမ် မသက်မှုများ ရင်ဆိုင်ရချိန်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်ဟု New York Times သတင်းစာက ဆိုသည်။
အများဆုံး အနီးကပ်စောင့်ကြည့်ခံခဲ့ရသည့် ဆန္ဒပြပွဲမှာ Minneapolis ၏ အမွှာမြို့ ဖြစ်သော St Paul တွင် ဖြစ်ပြီး အဝေးပြေးလမ်းမကြီးပေါ်သို့ ချီတက်ခြင်းမပြုမီ ပြည်နယ်ပါလီမန်အဆောက်အဦး အပြင်ဘက်တွင် ထောင်နှင့်ချီသော လူများ စုဝေးခဲ့ကြသည်။
“ကျမတို့မှာ လူမည်း သားတွေ၊ လူမည်း အစ်ကိုတွေ၊ လူမည်း မိတ်ဆွေတွေ ရှိတယ်။ သူတို့ကို မသေစေချင်ပါဘူး။ အဲဒါ တွေ ဖြစ်တာကို ကျမတို့ စိတ်ကုန်တယ်။ ဒီမျိုးဆက်မှာ ဒီလို ကိစ္စမျိုး မရှိပါဘူး၊ ဖိနှိပ်မှုကို ကျမတို့ ငြီးငွေ့တယ်” ဟု ဆန္ဒပြ ပွဲတွင် ပါဝင်ခဲ့သူ ၃၁ နှစ်အရွယ် လူမည်းအမျိုးသမီး Muna Abdi က ပြောသည်။
“ကျမ သူ အသက်ဆက်ရှင်နိုင်အောင် လုပ်ချင်တယ်” ဟု သူက အသက် ၃ နှစ်အရွယ် သားဖြစ်သူကို ရည်ညွှန်း၍ ပြောခဲ့သည်။
ဆန္ဒပြသူများ၏ ရှေ့တွင် ရာနှင့်ချီသော ရဲများနှင့် အမျိုးသားအစောင့် တပ်ဖွဲ့များ ချထား ခဲ့သည်။
တနေရာတွင် တံတားတခုသို့ ရောက်ရှိလာသော ဆန္ဒပြသူအချို့ မှာ ထရပ်ကားတစီးက အတားအဆီးကို ချိုးဖောက်ပြီး အရှိန်မြှင့် မောင်းဝင်လာသည့် အတွက် ထွက်ပြေးခဲ့ကြရသည်။
ဆန္ဒပြသူများက ကားမောင်းသူအား ကားမှ ဆွဲထုတ် ရိုက်ပုတ်ကြပြီး နောက်ပိုင်းတွင် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သော်လည်း အခြားထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ လတ်တလောတွင် သတင်း မရရှိသေးပါ။
New York၊ Miami နှင့် Washington DC ကဲ့သို့သော မြို့ကြီးများတွင် အခြားသော အကြီးစား ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး အနားမှ ပန်းခြံတခုတွင် လူစုလူဝေးများ ပေါ်ပေါက်ခဲ့သည့်အတွက် အိမ်ဖြူတော်အပြင်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲများကို တန်းစီချထားခဲ့သည်။
ဝါရှင်တန်မြို့တော်ဝန်က ည ၁၁ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်ဟု The New York Times သတင်းစာက ဖော်ပြသည်။
မေလ ၂၉ ရက်နေ့ညက အခြား ဆန္ဒပြပွဲတခုအတွင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုယ်ရံတော်များက အိမ်ဖြူတော်ရှိ မြေအောက်ဘန်ကာထဲသို့ အလျှင်အမြန် ခေါ်ဆောင်သွားခဲ့ကြသည်။
မကြာသေးမီရက်များအတွင်း မြို့ကြီးများတွင် အကြီးစား အကြမ်းဖက်မှုများ ထပ်မံ ပေါ်ပေါက်ခြင်း မရှိသော်လည်း Philadelphia ရှိ ရပ်ကွက်တခုတွင် လုယက်သူများက စတိုးဆိုင်များကို လုယက်ဖျက်ဆီးခဲ့ကြသည်။
Los Angeles မြို့ ဆင်ခြေဖုံးရှိ Santa Monica တွင် ကမ်းခြေဈေးဝယ်စင်တာတခုရှိ လူကြိုက်များသည့် စတိုးဆိုင်များတွင် လုယက်မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူများ စတိုးဆိုင်များထဲမှ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုနီးပါးက Rodney King ကို ရဲများက ရိုက်နှက်ခြင်းကြောင့် ဆူပူအုံကြွမှု ဖြစ်ခဲ့ရသော Los Angeles တွင်လည်း တာဝန်ရှိသူများက မေလ ၃၁ ရက်နေ့တွင် ညနေ ၄ နာရီမှ အရုဏ်တက်ချိန်အထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။
“ကျေးဇူးပြုပြီး သတိရှိကြ ပါ၊ စောစောသွားပါ၊ အိမ်ပြန်ပါ၊ အိမ်မှာနေပါ။ လူမျိုးရေး တရားမျှတမှုနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေကို မီးရှို့မှုနဲ့ လုယက်ခြင်းတွေ ဖြစ်အောင် ပြောင်းလဲချင်တဲ့သူတွေ အနိုင်ရမသွားစေရေး သေချာဖို့ ကျနော်တို့ကို ကူညီပါ”ဟု LA မြို့တော်ဝန် Eric Garcetti က ပြောသည်။
မေလ ၂၅ ရက်နေ့က Minneapolis ရဲတပ်ဖွဲ့က မှောက်လျက် လက်နောက်ပြန် လက်ထိပ်ခံထားရပြီး လည်ပင်းကိုပါ ဒူးနှင့် ဖိကာ အချုပ်ခံခဲ့ရသော လက်နက်မဲ့ လူမည်း အမျိုးသား တဦး ဖြစ်သည့် George Floyd သေဆုံးခဲ့ရပုံအား ရိုက်ကူးထားသည့် တုန်လှုပ်ဖွယ်ဗီဒီယိုက လက်နက်မဲ့ အာဖရိကနွယ်ဖွား အမေရိကန်များအပေါ် တရား ဥပဒေစိုးမိုးရေး တာဝန်ရှိသူများက သေစေလောက် သော အင်အားကို ထပ်တလဲလဲ အသုံးပြုခဲ့ခြင်းအတွက် တနိုင်ငံလုံး ၏ ဒေါသလှိုင်းကို ဖြစ်ပေါ်စေခဲ့သည်။
အသက်ရှုမရကြောင်း အသနားခံသော်လည်း Minneapolis ရဲအရာရှိ Derek Chauvin က လည်ပင်းကို ၉ မိနစ်ခန့် ဒူးဖြင့် ဖိထားခဲ့ပြီးနောက် George Floyd အသက်ရှူ ရပ်သွားခဲ့သည်။
Derek Chauvin ကို တတိယအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် တရားရုံးသို့ ပထမဆုံးအကြိမ် လာရောက်ရန် ရှိနေသည်။ သူနှင့်အတူ ရှိခဲ့သည့် အခြားအရာရှိ ၃ ဦး မှာ အလုပ်ထုတ်ခံခဲ့ရသော်လည်း တရားစွဲခံရခြင်း မရှိခဲ့ပါ။
တည်ငြိမ်မှုပြန်လည်ရရှိရေး အထောက်အကူ ဖြစ်စေရန် ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walz က Minnesota ပြည်နယ်၏ အမျိုးသားအစောင့်တပ်ဖွဲ့များကို တာဝန်ချထားခဲ့သည်။ ပြည်နယ်အစောင့်တပ်ဖွဲ့အတွက် ကာလတလျှောက်လုံးတွင် အကြီးဆုံး တာဝန်ချထားမှု ဖြစ်သည်။
မေလ ၃၀ ရက်နေ့ ညက Minneapolis တွင် ရဲများက မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံး များကို အသုံးပြု၍ ညမထွက်ရ အမိန့်ကို ချိုးဖောက်သူများ ရှိနေသော လမ်းများကို ရှင်းလင်းခဲ့ရသည်။
ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz က မေလ ၃၁ ရက်နေ့တွင် ညမထွက်ရ အမိန့် သတ်မှတ်ချက်ကို တိုးမြှင့်ခဲ့ပြီး အကြမ်းဖက်မှုများကို ထိန်းချုပ်ခဲ့သည့် ရဲတပ်ဖွဲ့ နှင့် ပြည်နယ်အစောင့်တပ်ဖွဲ့များကို ချီးကျူးခဲ့သည်။ “သူတို့က အဲဒါကို ပရော်ဖက်ရှင်နယ် ကျကျ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ အသက်တချောင်းမှ မဆုံးရှုံးအောင်၊ ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် သူတို့ လုပ်ခဲ့ကြပါတယ်” ဟု သူကပြောသည်။
“ပြီးခဲ့တဲ့ညက Minnesota ပြည်နယ် Minneapolis ကို ရောက်ရောက်ချင်း သူတို့လုပ်ခဲ့တာတွေအတွက် ကျနော်တို့ရဲ့ အမျိုးသားအစောင့်တပ်ကို ဂုဏ်ပြုပါတယ်” ဟု သမ္မတက twitter တွင် ပြောကြားခဲ့သည်။ “တခြား ပြည်နယ်တွေမှာလည်း သိပ်နောက်မကျမီ သူတို့ကို အသုံးပြုသင့်ပါတယ်” ဟု သူက ဆိုသည်။
အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၅၀၀၀ ခန့်ကို ပြည်နယ် ၁၅ ခုနှင့် မြို့တော် Washington တွင် တာဝန်ချထားပြီး နောက်ထပ် ၂၀၀၀ က အဆင်သင့်ရှိနေသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယူနီဖောင်းဝတ် အမျိုးသား အစောင့်တပ်ဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းက ရှားပါးပြီး လူမျိုးရေးနှင့် စီးပွားရေး မညီမျှမှုများအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ၁၉၆၇ နှင့် ၁၉၆၈ ခုနှစ်က အမေရိကန်မြို့ကြီးများ၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်း၏ စိတ်ပျက်ဖွယ်ရာ အမှတ်တရများကို ပြန်လည် သတိရစေခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်က အကြမ်းဖက်မှုအတွက် လက်ဝဲ အစွန်းရောက်မှုကို အပြစ်တင်ခဲ့ပြီး Antifa ဟု သိကြသည့် အဖွဲ့ကို အကြမ်းဖက်အဖွဲ့ အစည်း တခုအဖြစ် သတ်မှတ်ရန် စီစဉ်ထားကြောင်း ပြောသည်။
“Antifa နဲ့ အဓိကရုဏ်းမှာ ဆက်သွယ်မှုရှိနေတဲ့ အခြားအလားတူအဖွဲ့တွေက စီစဉ်ပြီး အကောင်အထည် ဖော်ခဲ့တဲ့ အကြမ်းဖက်မှုတွေက ပြည်တွင်းအကြမ်းဖက်မှု ဖြစ်ပါတယ်။ ဥပဒေနဲ့ အညီ ဆောင်ရွက်ရပါမယ်” ဟု ရှေ့နေချုပ် William Barr ကပြောသည်။
သို့သော်လည်း မာမာထန်ထန် ကျင့်သုံးရန် ရဲများကို မကြာခဏတိုက်တွန်းခဲ့သော ဒေါ်နယ်ထရမ့်က ကိစ္စရပ်များကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်မည် မဟုတ်ဟု Atlanta မြို့တော်ဝန် Keisha Lance Bottoms က ဆိုသည်။
“ကျမတို့က ဒီ တိုင်းပြည်မှာ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်တော့မယ့် အမှတ်တခုရဲ့ အလွန်မှာ ရှိနေပါတယ်။ သူ့ရဲ့ အပြောအဆိုတွေက အဲဒါကို မီးတောက်စေရုံ သက်သက်ပါပဲ”ဟု သူ က CBS သို့ ပြောသည်။
အပြောအဆို ဆင်ချင်ရန် ဒေါ်နယ်ထရမ့်ကို တိုက်တွန်းသူများလာနေပြီး သမ္မတ အကြံပေးများထဲတွင်ပင် ယင်းကိစ္စအပေါ် သဘောထားကွဲလာနေကြောင်း သတင်းများက ဆိုသည်။
နိုဝင်ဘာလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရမ့်၏ ပြိုင်ဘက်ဖြစ်သည့် Joe Biden က လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ တခုသို့ သွားရောက်ခဲ့သည်။
“ကျနော်တို့က နာကျင်မှု ခံစားနေရတဲ့ နိုင်ငံတခုပါ။ ဒါပေမယ့် ဒီနာကျင်မှုက ကျနော်တို့ကို ဖျက်ဆီးခွင့်ပြုလို့ မဖြစ်ဘူး” ဟု Joe Biden က Twitter တွင် ရေးသားခဲ့ပြီး မေလ ၃၀ ရက်နေ့ ညက ဆန္ဒပြသူများ စုဝေးနေကြသည့် Delaware မှ နေရာတခုတွင် လူမည်းမိသားစု တစုနှင့် သူ စကားပြောနေသည့် ပုံနှင့် အတူ တွဲ၍ တင်ခဲ့သည်။
George Floyd သေဆုံးခြင်းက အမေရိကန်ပြည်ထောင်စု အပြင်ဘက်တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့ပြီး ရာနှင့် ချီသောသူများက လန်ဒန်ရှိ အမေရိကန်သံရုံး အပြင်ဘက်တွင် စုပေါင်းဆန္ဒပြခဲ့ကြသည်။
“ကျနော် ဒီမှာ ရောက်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် စိတ်ပျက်လို့ပါ။ အဲဒါကို ကျနော် စိတ်ကုန်တယ်။ အဲဒါ တွေက ဘယ်တော့ ရပ်တန့်မှာလဲ ” ဟု ဆန္ဒပြပွဲတွင် Doreen Pierre က ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ တွင် အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားတဦး ဖြစ်သည့် Jadon Sancho က Paderborn အသင်းနှင့် ပွဲတွင် Borussia Dortmund အသင်းအတွက် ၃ ဂိုး သွင်းယူခဲ့ပြီးနောက် သူ၏ ဂျာစီအင်္ကျီကို မ တင်၍ အောက်တွင် ဝတ်ထားသည့် “George Floyd အတွက် တရားမျှတမှု” ဟု ရေးသားထားသော တီရှပ်ကို ထုတ်ဖော်ပြသခဲ့သည်။
ကိုးကား။ ။ South China Morning Post မှ Clashes near the White House as America’s turmoil deepens
You may also like these stories:
လူမည်းအမျိုးသားကို သေဆုံးစေခဲ့တဲ့ ရဲဝန်ထမ်း ၄ ဦး တာဝန် ရပ်နားခံရ
ဗစ်တိုးရီယားအမှုတွင် အဓိကတာဝန်ရှိသူ ရဲအရာရှိကြီး ၃ ဦး အရေးယူခံရ
မန္တလေးတွင် ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖမ်းမိသူ ၆ ဦး နောက်လတွင် အမိန့်ချမည်