လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးသူများ အဆင်ပြေစေရေး၊ မဲစာရင်းများပြည့်စုံမှန်ကန်ရေး ကြိုတင် ပြင်ဆင်မှုများနှင့် မဲရုံအရေ အတွက် ထပ်တိုးဖွင့်လှစ်နိုင်ရေးတို့ကို ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင်က ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် မဆုံးရှုံးရန်နှင့် အဆင်ပြေ သက်သာစွာ မဲပေးနိုင်ရေး မည်သို့ စီစဉ်ထားသည်ကို သိရှိလိုခြင်းအား စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်၏ မေးမြန်းမှုကို ပြန်လည် ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။
မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် မဲပေးသူဦးရေများသည့် မြို့နယ်များတွင် မဲရုံများတိုးဖွင့်ခြင်း၊ တချို့ဒေသများတွင် နယ်မြေဒေသကျယ်ပြန့်မှုကြောင့် မဲရုံသို့သွားရေးလာရေး ဝေးလံသည့် နေရာများတွင် မဲရုံများ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် မဲရုံများတွင် မသန်စွမ်း မဲဆန္ဒရှင်များ အလွယ်တကူ မဲပေးနိုင်ရေး ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်က ပြောသည်။
သို့သော် မဲရုံအရေအတွက် မည်မျှထပ်တိုးထားသည်ကို အသေးစိတ်ရှင်းလင်းမှု မရှိပါ။
ဦးမြင့်အောင်က “၂၀၂၀ ရွေးကောက်ပွဲမှာ ယခင်ကထက် ပိုမိုလာတဲ့ မဲဆန္ဒရှင်အရေအတွက်အပေါ် မူတည်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက မဲရုံတွေ တိုးချဲ့ ဖွင့်လှစ်ခွင့်ပြုဖို့ တင်ပြလာတာတွေကို ခွင့်ပြုပေးနေပါတယ်”ဟု လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲစာရင်းပြုစုသည့် နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး လူဦးရေ အချက်အလက်ကောက်ယူခြင်း၊ အခြေခံမဲစာရင်းများ ပြုစုခြင်းများကိုဆောင်ရွက်ခဲ့ပြီး လစဉ် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းများကို ပြုလုပ်နေသည်ဟု ဆိုသည်။
၂၀၂၀ ခုနှစ် မတ်လထိ ပြုစုထားသော စာရင်းများအရ မဲပေးနိုင်သူ ဦးရေ ၃၇ သန်းကျော်ရှိပြီး ထိုစာရင်းတွင် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ အခြေခံမဲစာရင်းများ ထည့်သွင်းရန် ကျန်ရှိနေသေးကြောင်းနှင့် မဲဆန္ဒနယ်များအလိုက် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကို ရွေးကောက်ပွဲမတိုင်မီ ကြေငြာပေးမည်ဖြစ်ကြောင်း ကော်မရှင်ထံမှသိရသည်။
“မဲစာရင်းကပ်ထားကြေငြာစဉ် ကာလအတွင်းမှာ မဲဆန္ဒရှင် ပြည်သူတွေက သွားရောက် ကြည့်ရှုဖို့ လိုအပ်ပြီး မိမိရဲ့ အမည် မပါဝင်တာ၊ မဲစာရင်း အချက်အလက် မှားယွင်းတာ၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတာတွေ တွေ့ရင် သတ်မှတ်ထားတဲ့ ပုံစံတွေနဲ့ တောင်းဆိုတာ၊ ပြင်ဆင်တာ၊ ကန့်ကွက်တာတွေကို ဆောင်ရွက်နိုင်ပါတယ်”ဟု ဦးမြင့်အောင်က ပြောသည်။
ရွေးကောက်ပွဲရက်အတွင်း မဲပေးရာတွင် ကျေးရွာငယ်များ၊ ရပ်ကွက်ငယ်များတွင် လူဦးရေအချိုးအရ မဲပေးရသည့် လုပ်ငန်းစဉ်များမှာ အဆင်ပြေသော်လည်း ကျေးရွာကြီး၊ ရပ်ကွက်ကြီးများ၊ မြို့ကြီး၊ မြို့ငယ်များတွင် သတ်မှတ် အချိန်ကာလအတွင်း မဲလာပေးစဉ် မဲရုံအတွင်း လူများပြည့်ကြပ်ကာ အချိန်ကြာ တန်းစီစောင့်ဆိုင်းရမှုများကို သတိပြု ဖြေရှင်းရမည်ဖြစ်ကြောင်း ယနေ့အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောသည်။
ဦးကိုကိုနိုင်က “၂၀၂၀ ရွေးကောက်ပွဲမှာ ၁၈ နှစ်ပြည့်ပြီးတဲ့ မဲဆန္ဒရှင် အရေအတွက်ဟာ သိန်းနဲ့ချီပြီး တိုးလာမှာဖြစ်လို့ မဲစာရင်းမှာ ပါဝင်လာရေး၊ မဲစာရင်းကို အချိန်ယူကြေငြာဖို့၊ အများပြည်သူ အလွယ်တကူ ကြည့်နိုင်တဲ့ နေရာပုံစံတွေနဲ့ စနစ်တကျ စီစဉ်ထားဖို့၊ မဲစာရင်းမှာ မပါလာသေးသူတွေလည်း ဥပဒေနဲ့အညီ အချိန်မှီပါဝင်လာခွင့်ရဖို့တွေကို တာဝန်ရှိသူတွေက စိတ်အားထက်သန်စွာနဲ့ ကူညီဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်တယ်”ဟု လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
ရွေးကောက်ပွဲကာလ ဆန္ဒမဲပေးသည့်ရက်တွင် မနက် ၆ နာရီမှ ညနေ ၄ နာရီအထိ မည်သည့်အချိန်တွင် မဲလာပေးသည်ဖြစ်စေ သက်တောင့်သက်သာဖြင့် အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးမှာ အရေးကြီးကြောင်း၊ အမည်စာရင်းတွင် လက်မှတ်ထိုးရေးထိုးခြင်း၊ မဲလက်မှတ်ထုတ်ယူခြင်း၊ လျှို့ဝှက်ဆန္ဒပြုခြင်း၊ မဲလက်မှတ် မဲပုံးထဲထည့်ခြင်းစသည့် ကိစ္စရပ် တခုခြင်းစီအလိုက် အဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
ရွေးကောက်ပွဲ နည်းဥပဒေ ၃၉ (က) ၁ တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသည် ရပ်ကွက်(သို့) ကျေးရွာအုပ်စု အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ (မသန်စွမ်းသူများ အပါအဝင်) လွယ်ကူစွာ မဲပေးနိုင်ရေး သတ်မှတ်ထားသည့် မဲပေးချိန်အတွင်း မဲဆန္ဒရှင်အားလုံး မဲပေးနိုင်ရေးနှင့် လျှို့ဝှက်ဆန္ဒပြုနိုင်ရေးတို့ကို ရှေးရြှပြီး မဲရုံတရုံစီ၌ ဆန္ဒမဲပေးရမည့် ဦးရေနှင့် မဲရုံအရေအတွက်ကို လိုအပ်သလို သတ်မှတ်ပေးနိုင်ပြီး မဲရုံအတွင်း မသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိသည်။
ယခင် ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲများ ကျင်းပါစဉ်က မဲရုံအများစုကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတခုတွင် မဲပေးခွင့်ရှိသူ ၃၀၀ မှ ၃၀၀၀ အတွင်းရှိလျှင် မဲရုံတရုံနှုန်း သတ်မှတ်ထားရှိခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲကာလ မဲပေးခွင့်ရှိသူ ပိုများလာမှုနှင့်တူ မဲရုံများတိုးချဲ့ဖွင့်လှစ်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
သာမာန်အားဖြင့် မဲရုံတရုံလျှင် သက်ဆိုင်ရာ လွှတ်တော်တရပ်စီနှင့် တိုင်းရင်းသားလူမျိုးရေးရာ၊ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တနေရာစီအတွက် မဲပုံးတပုံးစီသာ ထားရှိရမည်ဖြစ်သော်လည်း မဲပေးသူများ လွယ်ကူစွာ မဲပေးနိုင်ရေး မဲပုံးတပုံးထက် ပိုထားခြင်းများ၊ မဲစာရင်းများကို အလွယ်တကူစီစစ်နိုင်ရေး မဲရုံအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခြင်းများလည်း ဆောင်ရွက်နေသည်ဟု ဆိုသည်။
ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် မဲရုံကို ကြီးကြပ်နိုင်ရန် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့ခွဲများက ရွေးကောက်ပွဲအချိန်ဇယားအလိုက် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းများ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရေး သင်တန်းပို့ချမှုများကိုလည်း ပြုလုပ်ရန် စီစဉ်နေကြောင်း ကော်မရှင်က ပြောသည်။
ရွေးကောက်ပွဲကာလ COVID-19 ရောဂါသည် မြန်မာပြည်တွင်း ဖြစ်ပွါးနေဆဲ ဆိုပါက မဲရုံများ၏ ပြင်ဆင်မှုကို ကျန်းမာရေးနှင့် ညီညွတ်စေရန် စီစဉ်မှုများ လိုအပ်မည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်က ပြည်မြို့ ဆင်စုရပ်ကွက် မဲရုံတခုတွင် ဆန္ဒမဲပေးခဲ့သူ ဒေါ်မိုးမိုးက ပြောသည်။
ဒေါ်မိုးမိုးက “ဒီတခေါက်က မဲပေးမယ့်သူ နည်းသွားလိမ့်မယ်ထင်တယ်။ ကိုဗစ်ကြောင့်မထွက်တာနဲ့ ဘာနဲ့ဆိုရင်လေ။ ရွေးကောက်ပွဲလုပ်တဲ့အချိန် ကိုဗစ်က ငြိမ်သွားရင်လည်း တမျိုးပေါ့။ ဟိုတုန်းကတော့ ကိုယ်လိုချင်တဲ့သူ ပေးချင်ဇောနဲ့ အိမ်ရှိလူကုန် ထွက်ကြတာပေါ့။ တိုးကြိတ်ပေးရတာဆိုပေမယ့် မဲပေးရတာ မလွယ်ဘူးတို့ အဆင်မပြေဘူးတို့တောင် မထင်မိဘူး၊ ဒီတခေါက်တော့ ဘယ်လိုလာမလဲ မသိသေးဘူး”ဟု ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေလအတွင်းထုတ်ပြန်ထားသော စာရင်းများအရ တည်ဆဲ မှတ်ပုံတင်ထားသည့် ပါတီ ၉၇ ပါတီ ရှိပြီး ပြည်ထောင်စုတဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၇၉ ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ်တခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၁၈ ပါတီ၊ ယာယီရပ်ဆိုင်းထားသည့်ပါတီ ၃ ပါတီရှိသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပါတီစုစုပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကိုမူ ကော်မရှင်က အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ယခင်ရွေးကောက်ပွဲကျင်းပသည့် အချိန်များကို ထောက်ရှုကာ နိုင်ငံရေးပါတီတချို့က လာမည့်ရွေးကောက်ပွဲအတွက် ပါတီတွင်း ကြိုတင်ပြင်ဆင်မှုများကို စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်၊ ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည်။
ရွေးကောက်ပွဲရက် ဘာကြောင့် မကြေညာနိုင်သေးတာလဲ
၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားမဲဆန္ဒရှင်များ ဘေးဖယ်ခံနေကြရသည်
လာမည့် ရွေးကောက်ပွဲ မြန်မာလူငယ်များ မဲပေးကြရန် နော်ဒစ်လေးနိုင်ငံ တိုက်တွန်း