ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း WY/R စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြားသိန်း ၉၀ ပြားကျော်၊ ကာလ တန်ဖိုး ကျပ်သိန်းပေါင်း၂၀၀၀၀၀ သိန်း (ကျပ်သိန်းပေါင်း နှစ်သိန်း) နီးပါး ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။
အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးပြားများကို မေလ ၃၀ နှင့် ၃၁ ရက်တွင် မောင်တောမြို့နယ် ကညင်တန်း မွတ်စလင် ကျေးရွာနှင့် ရခိုင်တိုင်းရင်းသားများ အများစု နေထိုင်သည့် ကန်သာယာ ကျေးရွာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ဆေးပြားကတော့ စုစုပေါင်း သိန်း ၉၀ ကျော်လောက် ဖမ်းမိတာ ရှိတယ်။ မေလ ၃၀ ရက် ကညင်တန်းရွာမှာ မိတာက မူူးယစ်မှုနဲ့ ထွက်ပြေးနေတဲ့ တရားခံပြေး ရောက်နေတယ် ဆိုတာ သတင်းရလို့ သွားဖမ်းတဲ့အခါ သူ့အိမ်ကို မသင်္ကာလို့ ရှာဖွေရင်း ဖမ်းမိတာ။ နောက် မေလ ၃၁ ရက် ကန်သာယာရွာမှာ မိတာက တော့ မသင်္ကာဖွယ်ရာ ကား၂ စီးကို စစ်ဆေးတဲ့အခါ ဖမ်းဆီးရမိတာ ဖြစ်တယ်” ဟု ဧရာဝတီ သို့ ပြောသည်။
သတင်းပေးချက်များ အရ လုံခြုရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၁ ရက် နံနက် ၉ နာရီခွဲ အချိန် ကန်သာယာ ကျေးရွာရှိ ဦးရွှေသိန်း (၃၁နှစ်) ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ကားဂိုဒေါင်အတွင်း ရပ်ထားသည့် FORLAND အမျိုးအစား၊ ယာဉ်အမှတ် YGN 9P-5603(ယာဉ်လိုင်စင် စိစစ်ဆဲ)ပေါ်တွင် တင်ဆောင်ထားသည့် ဆာ လာအိတ် ၁၈ အိတ်အတွင်းမှ WY/R စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား၂,၄၃၇,၅၀၀ ပြား (ယင်း ဒေသ တန်ဖိုးငွေကျပ် သိန်း ၄၈,၇၅၀)နှင့် နေအိမ်မှ PAA-912 နံပါတ်ပါ AUSTRIA နိုင်ငံထုတ် Glock ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ မြန်မာငွေကျပ် ၄၉ သိန်း၊ မော်တော်ဆိုင်ကယ်တစီးနှင့် Hijet အမျိုးအစား၊ ယာဉ်အမှတ် YGN 1G-9180 မော်တော်ယာဉ်တစ်စီး (ယာဉ်လိုင်စင် စိစစ်ဆဲ)တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါ ရွှေသိန်း ဆိုသူမှာ ကြိုတင်တိမ်းရှောင်သွားပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဦးမစိန် ၃၀ နှစ်နှင့် ဆက်စပ် ပတ်သက်သူ ရခိုင်အမျိုးသား ၅ ဦးတို့အား ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ကနဦး စစ်ဆေး ပေါ်ပေါက်ချက်များအရ ရွှေသိန်းသည် ရက္ခိုင်စစ်တပ် (AA) အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်တဦးဖြစ်ပြီး ယင်းရွာတွင် ရွာသားအသွင် နေထိုင်ကာ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းချခြင်း၊ လူသစ်စုဆောင်းခြင်း တာဝန်ခံအဖြစ် ဆောင်ရွက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ထိုသို့ ဖမ်းဆီးရမိသူ ၅ ဦးအနက်၂ ဦး မှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွင် ရွှေသိန်းနှင့်အတူ ကိုယ်တိုင် ပါဝင်ပတ်သက်သူ ဖြစ်ပြီး ကျန်အမျိုးသား ၃ ဦးမှာ ရသေ့တောင်မြို့နယ်၊ ပေါက်တောပြင် ရွာဇာတိများဖြစ်ကာ AA အကြမ်းဖက်သင်တန်း တက်ရောက်ရန် ရွှေသိန်းမှ လူသစ်စုဆောင်းထားပြီး ၎င်း၏နေအိမ်တွင် ခေတ္တခေါ်ထားသူများ ဖြစ်ကြောင်း၊ ထိုသို့ နေထိုင်စဉ် ရွှေသိန်းစေခိုင်းသည့် မူးယစ်ဆေးဝါး သယ်ဆောင်မှု ကိစ္စများကို ဆောင်ရွက်ပေးရ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ယင်းအမှုနှင့် ပတ်သက်သူ တရားခံများအားလည်း အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိများက ပြောသည်။
မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တဦးက “ကန်သာယာရွာက ဖမ်းဆီးတဲ့ အထဲမှာတော့ ပိုင်ရှင်ဖြစ်သူ တရားခံ ထွက်ပြေးနေတယ်။ အဲဒီ အမှုမှာ ပါဝင်ပတ်သတ်တဲ့ တရားခံ ၆ ဦးကိုတော့ ကျနော်တို့ အမှုဖွင့် စစ်ဆေးနေတဲ့ အ တွက် အသေးစိတ်ကိုတော့ ပြောလို့ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မေလ ၃၀ ရက်ကတည်း မောင်တောမြို့၊ မြို့မကညင်တန်း(အလယ်)ကျေးရွာနေ မူးယစ်ဆေး တရားခံပြေး ၁ ဦး ဖြစ်သည့် ဇော်ဝင်း(ခ) နော်ဘီ မုလ်ဂျူဟာရ်၏ နေအိမ်ကို ရှာဖွေရာ နေအိမ်မြေအောက်ခန်း အတွင်းမှ WY/R စာ တန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြားနှင့်အတူ ဖခင်ဖြစ်သူ ဂျူဟာရ်ဟူဆိန်းနှင့် ဇနီးဖြစ်သူ မရေခါယာဒ်ဖာတေမာတို့ ၂ ဦး အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးပြား ဖမ်းဆီးရမိသည့် အမှုနှင့် ပတ်သက်၍ အဓိက တရားခံများမှာ ထွက်ပြေး လွတ်မြောက်နေပြီး လက်ရှိအချိန်တွင် ယင်းဆေးပြားများ ဖမ်းဆီးရမိစဉ်က သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရှိသည့် ကညင်တန်း ကျေး ရွာမှ၂ ဦး၊ ကန်သာကျေးရွာမှ ၆ ဦးတို့ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေနှင့် အမှုဖွင့်ကာ စုံစမ်း စစ်ဆေး လျက်ရှိ ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိများထံက သိရသည်။
ထိုနှစ်ရက်အတွင်း မူယစ်ဆေးပြား စုစုပေါင်း ၉၅၂၈၂၀၀ ဖမ်ဆီးရမိခဲ့ကာ ၁ ပြားလျှင်၂၀၀၀ ကျပ်နှုန်းဖြင့် ကာလ တန် ဖိုး ကျပ်သိန်းပေါင်း ၁၉၀၅၆၄ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းလည်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။
မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က မူယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများက စဉ်ဆက်မပြတ် ဖမ်းဆီးနေသော်လည်း အမြစ်မ ပြတ်ဘဲ တဖြည်းဖြည်း တွင်ကျယ်လာနေသည်ဟု ဆိုသည်။
ဦးထွန်းလှစိန်က “မူးယစ်ဆေးပြားတွေက နေ့စဉ် ဖမ်းဆီးနေတာကို တွေ့နေရတယ်။ မြို့ဝင်/ မြို့ထွက် ဂိတ်တွေ၊ အခု အခြေအနေမှာဆို ညမထွက် အမိန့်လည်း ထုတ်ပြန်ထာတယ်။ ဒါပေမယ့် တခါဖမ်းမိရင် နည်းနည်းနောနော မဟုတ် ဘူး။ ဒီလောက်မျာတဲ့ ဆေးပြားတွေကို ဘယ်လို လမ်းကြောင်းကနေ သယ်နေတာလဲ ဆိုတာ ကျနော်တို့ သုံးသပ် မရ ဘူး။ အဓိကတော့ ပင်မ ထုတ်လုပ်တဲ့ နေရာနဲ့ လမ်းကြောင်းတွေကို ဖမ်းဆီးဖို့ လိုတယ်။ မဟုတ်ရင်တော့ ကျနော် မြို့ နယ်က စမ်းချောင်းစီးတဲ့အခါ တိုက်စားခံရတဲ့ အနေအထားပဲ ဖြစ်နေမယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၂၀ ပြည့်နှစ် အတွင်း မောင်တောမြို့တောင်ဘက်ခြမ်းနယ်မြေတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ အမှုပေါင်း ၁၃ မှုနှင့် ဖမ်းဆီးရမိ ပမာဏမှာ စိတ်ကြရူးသွပ်ဆေးပြား ၁၀,၉၅၀,၃၇၉ ပြား ရှိခဲ့ကာ ဖမ်းဆီးရမိ တရားခံများမှာ ၁၇ ဦး၊ ပြန် လည် ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ် အသေဖမ်းဆီးရမိသူ ၁ ဦးနှင့် တရားခံပြေး ၆ ဦး တို့ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ကျပ် ၇၈ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ကွင်းဆက်ဖမ်းမိ